ကားမူးခြင်းနှင့် Evolution

အရင်ဆုံး Evolution ကို အကျဉ်းချုံ့အရင်ရှင်းပြချင်ပါတယ်။
လူဟာမျောက်က ဆင်းသက်လာတယ်ဆိုပြီး လွယ်လွယ်ပြောကြတာ Evolution ပါပဲ။
တကယ်တော့ ဒီလောက်နှင့်မပြီးသွားပါ။
သက်ရှိအားလုံး၏အစသည် ရေထဲမှာရှိသော Algae ခေါ် ရေညှိလေးများမှဖြစ်သည်။
(Evolution အကြောင်းပြောမှာမဟုတ်လို့ ဒီလောက်နဲ့ပဲရပ်ထားပါမယ်)

ခေါင်းစဉ်ပါ အကြောင်းအရာကိုမပြောခင် လူတွေရှင်သန်ဖို့ လမ်းလျှောက်ခြင်းအရေးပါခဲ့ပုံကို အရင်ပြောလိုပါတယ်။
ကျောက်ခေတ်ကတည်းက လူတွေဟာ ရေကြည်ရာ မြက်နုရာ ခြေဆန့်ပြီး ရွှေ့ပြောင်းနေထိုင်ကြတယ်။
လမ်းလျှောက်ခြင်းဆိုတာ လူရဲ့နေ့တဓူဝကိစ္စဖြစ်တဲ့အလျောက် “ဘယ်ခြေ ညာလက်၊ ညာခြေ ဘယ်လက်” ဆိုပြီးတွေးနေစရာတောင်မလိုဘဲ ခရီးတွင်ခဲ့တယ်။
အသက်ရှင်ရပ်တည်ဖို့အတွက် ခြေနှစ်ဖက်ဟာ မရှိမဖြစ်လိုအပ်ခဲ့တယ်။

အတွင်းနားထဲမှာ ခန္ဓာကိုယ်လှဲနေလား ထိုင်နေလား ပြေးနေလား ခုန်ဆွနေလားဆိုတာသိနိုင်တဲ့ အရည်တွေရှိတယ်။ Vestibular System ထဲမှာရှိနေတာ။
အဲ့အရည်တွေက ခန္ဓာကိုယ်လှုပ်ရင် လိုက်လှုပ်တယ်။ လမ်းလျှောက်ရင်လည်း လိုက်လှုပ်တာပဲ။ ကိုယ့်ရဲ့လှုပ်ရှားမှုကိုလိုက်ပြီး အရည်ရဲ့ လှုပ်ပုံလှုပ်နည်းတော့ကွာသွားတယ်။
တစ်ချိန်တည်းမှာပဲ မျက်စိကလည်း ပတ်ဝန်းကျင်က ရွှေ့လျားနေသမျှကို မြင်တယ်။
ဦးနှောက်က နားထဲကအရည်လှုပ်ရှားမှုပုံစံရယ် မျက်စိထဲမှာပေါ်လာတဲ့ပုံရိပ်တွေရယ်ကိုကြည့်ပြီး လမ်းလျှောက်နေတယ်ဆိုတာ သိတယ်။
ဒါက ဘယ်အချိန်လမ်းထလျှောက်လျှောက်ဖြစ်နေတဲ့ ဦးနှောက်ရဲ့ပုံမှန်ကိစ္စ တစ်ခုပဲ။
ကျောက်ခေတ်ကနေ ဒီနေ့ထိ မပြောင်းလဲခဲ့တဲ့ သစ္စာတရား တစ်ခုဆိုလည်း မမှားဘူး။

ကားစီးတဲ့အခါ သင်္ဘောစီးတဲ့အခါ ဦးနှောက်က ဝေခွဲရခက်လာတယ်။
လမ်းလျှောက်နေတာမှ ဟုတ်သေးရဲ့လားပေါ့။
လူက ထိုင်နေတော့ နားထဲကအရည်တွေကလည်း အရင်လှုပ်ပုံလှုပ်နည်းအတိုင်း မလှုပ်ဘူး၊ ဒါပေမယ့် မျက်စိကတော့ ပတ်ဝန်းကျင်က အရာတွေရွေ့နေတာမြင်နေရတယ်။
အရင်က Signal ၂ခုလုံးကိုမြင်မှ လမ်းလျှောက်တယ်လို့နားလည်တဲ့ ဦးနှောက်က Confused (ရှုပ်ထွေးမှု) ဖြစ်သွားပြီဆိုတော့ သူနားလည်သလောက်နဲ့ တုံ့ပြန်တယ်။
နှစ်သန်းပေါင်းများစွာတိုင်အောင် ဘယ်ဟာက စားလို့ရတယ်၊ ဘယ်ဟာစားရင် အဆိပ်ဖြစ်တယ်ဆိုတာ Trial & Error အရသိလာခဲ့တဲ့ ဦးနှောက်ဆိုတော့ Evolution အရ သူ့ကို Confuse ဖြစ်အောင်လုပ်နိုင်တာ အဆိပ် (Poison) ပဲလို့ တထစ်ချ ယူဆလိုက်တယ်။
ကားစီးတာကို အဆိပ်မိတာလို့ မှားပြီးယူဆသွားတယ်။
အဲ့တော့ အန်ပစ်တယ်။

အထက်ပါရေးသားခဲ့သောစာများသည် ကားမူးတတ်ခြင်းကို ရှင်းပြသော Hypothesis ၁ခုသာဖြစ်သည်။
အခြား Hypothesis များစွာရှိသေးသော်လည်း ဒီ ၁ခုမှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်သောကြောင့် ဗဟုသုတရရန်ရေးသားရခြင်းဖြစ်သည်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

2 thoughts on “ကားမူးခြင်းနှင့် Evolution

Leave a comment

Design a site like this with WordPress.com
Get started