သင့်အိမ်နဲ့ ပတ်ဝန်းကျင်မှာ ဆေးထည့်တဲ့ဘူးတချို့က အညိုရောင်ဘူးတွေဖြစ်နေတာကို သင်သတိထားမိပါသလား?
တချို့ဆေးဘူးတွေကို ဖွင့်လိုက်တဲ့အခါ ဝါဂွမ်းတွေထည့်ခံထားတာကိုတွေ့ရပြီး တချို့မှာတော့ မထည့်ထားတာကိုရော သတိထားမိကြပါသလား?

ဆေးဝါးများထည့်သွင်း သိမ်းဆည်းဖို့အတွက် ဆေးဘူးများ ထုတ်လုပ်တဲ့အခါ ဆေးဝါးရဲ့ အာနိသင်နဲ့ ဂုဏ်သတ္တိမပျက်စီးဘဲ ကြာရှည်ခံအောင် ထုတ်လုပ်ရပါတယ်။

ဆေးတချို့ဟာ ခရမ်းလွန်ရောင်ခြည် (Ultraviolet light) နဲ့ထိတွေ့တဲ့အခါ ပြိုကွဲပျက်စီးတတ်ပါတယ်။
ဥပမာ နေရောင်ခြည်ထဲမှာ ခရမ်းလွန်ရောင်ခြည်ပါတဲ့အတွက် နေရောင်နဲ့တိုက်ရိုက်မထိတွေ့တဲ့နေရာမျိုးမှာ ဆေးများကိုသိမ်းရပါမယ်။
ဆေးပုလင်းတွေ ဘူးတွေကိုထုတ်လုပ်တဲ့အခါ အညိုရောင် (သို့) ပယင်းရောင် (amber colour) ထည့်သွင်းခြင်းဖြင့် ultraviolet rays တွေကိုကာကွယ်နိုင်ပြီး visible light ကိုလဲပေးဖြတ်တဲ့အတွက် ဘူးထဲကဆေးတွေကို ကောင်းမွန်စွာ ထိုးဖောက်မြင်ရပါတယ်။
ဒီရည်ရွယ်ချက်နဲ့ အချို့သော ဆေးဘူးတွေ ပုလင်းတွေကို အညိုရောင်အဖြစ်မြင်တွေ့ရတာဖြစ်ပါတယ်။
ဒါဆို တချို့ဆေးဘူးအသစ်တွေကိုဖောက်လိုက်တဲ့အခါ ဆေးဘူးထဲမှာ ဝါဂွမ်းတွေထည့်ခံထားတာကရော ဘာကြောင့်လို့ထင်ပါသလဲ?

လွန်ခဲ့တဲ့နှစ်များစွာက ဆေးထုတ်လုပ်တဲ့ကုမ္ပဏီများက သူတို့ဆေးဝါးများကို ဆေးဘူးနဲ့ထိခိုက်မိပြီး
မကျိုးပဲ့ မပျက်စီးစေဖို့ရယ် မူလဆေးပုံစံ အတိုင်းရှိနေဖို့အတွက် ဝါဂွမ်းများကို cushion အနေနဲ့ အကာကွယ်သဘောထည့်သွင်းခဲ့ကြပါတယ်။
ဒီလိုထည့်သွင်းတာက တဖြည်းဖြည်းခေတ်စားလာပြီး နောက်ပိုင်းမှာ ဆေးဘူးတွေမှာ ဝါဂွမ်းတွေထည့်လာကြပါတယ်။

ဒါပေမယ့် နောက်ပိုင်းနည်းပညာတိုးတက်လာတဲ့အခါ ဆေးဝါးများကို coating များဖြင့်ထုတ်လုပ်လာတဲ့အတွက် အလွယ်တကူမကျိုးပဲ့နိုင်တော့ပါ။
ဒါ့အပြင် တချို့သော customer များက ဝါဂွမ်းထည့်ထားတာက စိတ်ရှုပ်စရာကောင်းပြီး အလွယ်တကူ ဆေးကိုယူလို့မရဘဲ ငြိထွေးနေတာမျိုး ၊ ဆေးဘူးမှာနေရာစားတာမျိုး ကို complaint လုပ်တဲ့အတွက် ဆေးကုမ္ပဏီများက ဝါဂွမ်းမပါသောဆေးဘူးများကိုပဲဆက်လက်ထုတ်လုပ်လာကြပါတယ်။

တချို့ customer များနဲ့ company အနည်းစုကမူ ဝါဂွမ်းပါခြင်းက ဆေးဘူးကိုအသစ်လို့ပိုခံစားရစေတယ် ၊ ဆေးကိုလဲပိုကာကွယ်ပေးတယ်လို့ယူဆကြပြန်ပါတယ်။

အရေးကြီးတဲ့အချက်က ဒီလိုဝါဂွမ်းတွေကို အလုံပိတ်ဆေးဘူးအသစ်တွေမှာ ထည့်ခြင်းကပြသာနာမရှိပေမယ့် ဆေးဘူးကိုဖွင့်ဖောက်သုံးစွဲလိုက်ပြီဆိုရင်တော့ အထဲမှာရှိတဲ့ ဝါဂွမ်းကို ထုတ်ပစ်ဖို့ U.S National Institute of Health ကသတိပေးပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဆေးဘူးကိုဖွင့်ထားတဲ့အခါ လေဝင်လာပြီး ဝါဂွမ်းက လေထဲကရေငွေ့ကို ပိုမိုစုပ်ယူထားပါတယ်။ ဆေးတွေကိုလဲ စိုထိုင်းစေပြီး ပျက်စီးစေနိုင်ပါတယ်။

ဒါပေမယ့် ဆေးဘူးတွေမှာပါတဲ့ Silica gel အထုပ်လေးများကတော့ ရေငွေ့နဲ့ စိုထိုင်းဆကို စုပ်ယူဖို့အတွက်အသုံးဝင်လို့ သူ့ကိုတော့ လွှင့်မပစ်ဘဲ ဆေးဘူးထဲ ဆေးနဲ့အတူထားလို့ရပါတယ်ဗျ။
နောက်ပြီး customer တချို့ပြောကြတာရှိပါတယ်။တချို့ဆေးဘူးတွေကိုကြည့်လိုက်ရင် ဆေးဘူးကအကြီးကြီး အကိတ်ကြီးပါပဲ။ ဖွင့်ဖောက်လိုက်ရင်တော့ ဆေးတဘူးလုံးမှာ ဂွမ်းတွေပဲများနေပြီး ပါတဲ့ဆေးက ၁၀၀တန် ရှောက်သီးဆေးပြားဘူးသာသာပဲပါတာပါ။ အထူးသဖြင့် အားဆေးဘူးတွေမှာ တွေ့ရတတ်ပါတယ်။
အဲ့တာဘာလို့ ဘူးကကြီးသလောက် ဆေးနည်းနည်းလေးပဲပါတာလဲ။ ဆေးနည်းရင် ဘူးကိုလဲ ခပ်သေးသေးပဲထုတ်ကြလေ လို့ တချို့ကတွေးတတ်ပါတယ်။
ကျနော်လဲ အရင်က ဆေးကုမ္ပဏီတွေအကျင့်မကောင်းတာလို့ထင်မိပါတယ်။

ဆေးဘူးတွေကို အကြီးကြီးထုတ်ရတာ ရည်ရွယ်ချက်အများကြီးရှိပါတယ်။ ဆေးဘူးကြီးကြီးဆိုရင် လူတွေက attention ပိုရပြီး ပိုဝယ်ချင်စိတ်ပေါက်ပါတယ်။
ဆေးဘူးကြီးတော့ ဆိုင်မှာတင်ရောင်းရင် ကိုယ့်ဆေးဘူးကို လူပိုမြင်ပြီး ရောင်းပန်းပိုလှပါတယ်။
နောက်တချက်က ဆေးဘူးကြီးကြီးဆိုရင် လိုအပ်တဲ့သတိပေးစာတွေ၊ ဆေးအညွှန်းတွေ၊ ထုတ်လုပ်ပုံတွေ၊ အာဟာရအညွှန်းတွေ စတဲ့စာတွေကိုများများရေးထည့်လို့ရသလို
Font size ကြီးကြီးနဲ့ရေးလို့လဲရတာမို့
အသက်ကြီးတဲ့သူတွေ မျက်စိမကောင်းတဲ့သူတွေအတွက် ဒီလို ဘူးကြီးကြီး စာလုံးကြီးကြီး ထုတ်ပေးထားတာပါတဲ့။
တချို့ကျတော့လဲ ဘူးကြီးတော့ ဘူးသေးနဲ့ယှဥ်ရင် ခိုးရဝှက်ရတာ ပိုခက်လို့ ဘူးကြီးထုတ်တာလို့ဆိုပါသေးတယ်။

ငတချို့ကလဲ ကုမ္ပဏီက ဘူးခွံအကြီး size တွေပဲဝယ်ထားပြီး ဘာဆေးလာလာ ဘူးအကြီးနဲ့ပဲထုတ်တဲ့အခါ ရေရှည်မှာ အလုပ်ရှုပ်သက်သာပြီး ဘူးအလွတ်တွေကျန်နေမယ့် ပြဿနာနည်းသွားတယ်လို့လဲပြောကြပါတယ်။
ဒီလောက်ဆိုရင် ဆေးဘူးတွေရဲ့ထုပ်ပိုးမှု နည်းဗျူဟာတွေကို သိသွားလောက်ပြီထင်ပါတယ်။
Thanks for your time!
လင်းမူ
Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။
