ယောကျာ်းနှင့်မိန်းမ ယေဘုယျအားဖြင့် တူတူပဲဆိုတဲ့ အတွေးမျိုး တော်တော်များများမှာရှိကြတယ်။
အဲ့ဒါကြောင့်လည်း ငါကြိုက်တာကိုမကြိုက်ရကောင်းလား၊ ငါခံစားရသလို မခံစားရကောင်းလားဆိုတာမျိုး တွေးမိပြီး အချင်းချင်းကြားမှာ ပြဿနာတွေ ရှိနေကြတာဖြစ်တယ်။
သူသာ ကိုယ့်ကိုတကယ်ချစ်ရင် ကိုယ်ချစ်ရင်ပြုမူသလို တစ်ဖက်လူကပြုမူမယ်လို့ အတွေးရှိကြတယ်။
ဒီလိုအတွေးမျိုးရှိခြင်းဟာ ကိုယ်စိတ်ချမ်းသာဖို့ သူတစ်ပါးအပေါ်မှီတည်နေလို့ စိတ်ပျက်ခြင်းကိုသာ ဖြစ်စေလိမ့်မယ်။
ယောကျာ်းနှင့်မိန်းမ ပြောပုံဆိုပုံ၊ တွေးတောပုံ၊ စိတ်အလုပ်လုပ်ပုံခြင်း အခြေခံကစပြီး မတူကြပါ။
ဒီအချက်ကို သေချာနားလည်လျင် ချစ်သူရည်းစားများသာမက အိမ်ထောင်ဖက်များကြားတွင်ပါ မလိုအပ်သော ပြဿနာများကို ရှောင်ရှားနိုင်မှာဖြစ်တယ်။
(ဆက်လက်ရေးမည့် အကြောင်းအရာများထဲတွင် ယောကျာ်းနှင့်မိန်းမအသုံးသည် Husband & Wife သဘောမျိုးမဟုတ်ဘဲ Male & Female သဘောကိုသာဆောင်ပါသည်။
ယေဘုယျသဘောများကိုသာ ဖော်ပြခြင်းဖြစ်သဖြင့် အဖြူအမည်းသဲကွဲသလိုဖြစ်နေသော်လည်း Grey area များများစွာရှိကြောင်း သတိပြုစေချင်ပါသည်။ အတိအကျမယူစေလိုပါ။ ဗဟုသုတအတွက်သာ ဖတ်ပါ။)
ဘာပြောပြောနားမထောင်သော ယောကျာ်း
ဘာပြောပြော နားထောင်ချင်ယောင်ဆောင်သည်။ ပြီးရင် မမှတ်မိတော့။
ဒါမှမဟုတ် ရန်များကို ကိုယ်ရှင်းမည်ဆိုတဲ့ထုံး နှလုံးမူပြီး ပြောသမျှကိစ္စတိုင်းကို အဖြေရှာပေးသည်။
ဥပမာ အလုပ်သွားရတာ ဒီနေ့လိုင်းကားမရတော့ တက္ကစီစီးသွားရတယ်။ ပိုက်ဆံကလည်းကုန်တဲ့အပြင် ကားကလည်းစုတ်သေးတယ်။ ကားမောင်းတဲ့လူကလည်း ရေတောင်ချိုးထားရဲ့လားမသိပါဘူး။ နံစော်နေတာပဲ။…….. လို့ မိန်းမကပြောသည်။
ယောကျာ်းကနားထောင်ပြီး လိုင်းကားမရရင် စောစောသွားပြီးစောင့်ပေါ့။ အဲ့ဒါမှ ကားမရရင်တောင် တက္ကစီကိုကောင်းတာရွေးပြီးငှားပါလား။……. ဆိုပြီး အဖြေရှာပေးလိမ့်မယ်။
မိန်းမက မိမိ၏ခံစားချက်ကို နားမလည်ရကောင်းလားဆိုပြီး စိတ်ဆိုးမည်။
ယောကျာ်းကလည်း အဖြေတွေရှာပေးတာကို လက်မခံဘဲ စိတ်ဆိုးရကောင်းလားဆိုပြီး ကသိကအောက်ဖြစ်မည်။
ပြဿနာမှာ ယောကျာ်းနှင့်မိန်းမစိတ် ၂မျိုးဖြစ်ကြောင်းမတွေးမိဘဲ မိမိစိတ်နှင့်သာယှဉ်ပြီး တွေးနေ ပြောနေကြခြင်းဖြစ်သည်။
အကြောင်းအရာ တစ်ခုကိုဖွင့်ဟတိုင်ပင်လျှင် မိန်းမတို့လိုချင်သည်မှာ အဖြေဟုတ်ချင်မှဟုတ်မည်။ နားလည်မှု၊ စာနာမှု (Sympathy, Empathy) လည်းဖြစ်နေနိုင်သည်။
မိန်းမတို့သည် ကိစ္စတစ်ခုရှိလျှင် မည်မျှပင်အရေးမပါစေကာမူ အချင်းချင်းဝေမျှကြသည်။
အရေးပါသော ကိစ္စများကိုသာ အချင်းချင်း ဝေမျှကြသော ယောကျာ်းတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သည်။
ယောကျာ်းတို့၏ မိမိသည်အသုံးဝင်သည်ဆိုတော စံနှုန်းသည် အဖြေရှာနိုင်ခြင်း၊ ပြဿနာများကို ဖြေရှင်းနိုင်ခြင်းမှ လာသည်။
အများအားဖြင့် ပြဿနာများကို တစ်ကိုယ်တည်းဖြေရှင်းကြသည်။
ကြီးမားသောကိစ္စရပ်များကိုသာ အချင်းချင်းတိုင်ပင်ကြသည်။ မလိုအပ်ဘဲမတိုင်ပင်ကြပါ။
ယောကျာ်းတို့တိုင်ပင်လျှင် အမှန်တကယ်လိုအပ်နေသဖြင့် ဖြစ်သည်ဟု အကြမ်းဖျင်းယူဆနိုင်သည်။
ထို့ပြင် ယောကျာ်းတို့ကိုယ်တိုင်က မတိုင်ပင်ဘဲ အကြံလာပေးလျှင် မကြိုက်ကြပါ။ မိမိဘာသာမဖြေရှင်းနိုင်ဟု တဖက်လူကမှတ်ယူသဖြင့် အကြံလာပေးသည်ဟု ယူဆကြသည်။
မိန်းမက ပြဿနာများကို မိမိအားရင်ဖွင့်နေခြင်းသည် အဖြေကို အမှန်တကယ် လိုနေသဖြင့်ဟု မိမိစိတ်နှင့်နှိုင်းကာ တွက်လိုက်သည်။
ထို့ကြောင့် အဖြေများကို တရစက်ပြောတော့သည်။
မိန်းမတို့၏ မိမိသည်အရေးပါသည်ဆိုသော စံနှုန်းသည် ခံစားချက်မှလာသည်။ အချင်းချင်းဆက်သွယ်မှုမှလာသည်။
အကူအညီရယူခြင်း၊ အကြံပေးခြင်းသည် ဂရုစိုက်ခြင်း၏လက္ခဏာဖြစ်သည်။
မတောင်းဘဲနှင့် အချင်းချင်းပေးကြသော အရာများဖြစ်သည်။
အကြံပေးရခြင်းသည် ပိုမိုကောင်းမွန်အောင်ပြုပြင်ပေးနေခြင်းဖြစ်သည်လို့ မှတ်ယူကြသည်။
ထို့ပြင် အကူအညီရယူခြင်းကို အားနည်းချက်အဖြစ် မမှတ်ယူကြ။
မိန်းမတို့ ယောကျာ်းကိုအကြံပေးခြင်းသည် ပိုမိုကောင်းမွန်အောင်ပြုပြင်ပေးနေသည်ဟု ထင်မှတ်ကြသော်လည်း ယောကျာ်းတို့မှာ မိမိညံ့ဖျင်းသောကြောင့်၊ ပြဿနာကိုမဖြေရှင်းနိုင်ဟု တဖက်လူက တွက်ဆသောကြောင့် ထိုသို့ပြုမူနေခြင်းဖြစ်သည်ဟု အထင်မှားတတ်ကြသည်။
(စာရှည်ပြီမို့ Part 2 မှာဆက်ဖတ်ပေးပါ)
SAGAN
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။
