ကောင်းကင်ယံက အတိတ်နေ့စွဲများ

ညအချိန်မှာကောင်းကင်ကို မော့မကြည့်ဖူးတဲ့သူ မရှိနိုင်ပါဘူး။
လတစ်စင်းနဲ့ ကြယ်တွေကိုကြည့်ရင်း ဖွဲ့သီခဲ့တဲ့ကဗျာတွေ၊ ဆိုခဲ့တဲ့တေးသွားတွေလည်း မနည်းလှပါဘူး။
ရှေးယခင်က တစ်နေရာကနေတစ်နေရာကို ခရီးသွားရင် လမ်းမပျောက်အောင် ကြယ်တွေကိုပဲ အမှတ်အသားပြုခဲ့ကြရတယ်။
သို့သော် ကျွန်ုပ်တို့ညစဉ်ကောင်းကင်ကိုကြည့်တိုင်း မြင်တွေ့ရသော ကြယ်၊လ အကုန်လုံးဟာ အတိတ်ကာလမှ လက်ရှိပစ္စုပ္ပန်ကာလအပေါ် သက်ရောက်နေမှုတစ်ခုသာဖြစ်တယ်လို့ဆိုရင် စာဖတ်သူလက်ခံနိုင်ပါသလား။

ရှင်းလင်းသွားစေဖို့ အလင်းရဲ့အလုပ်လုပ်ပုံကို အရင် ပြောဖို့လိုတယ်။
အရာဝတ္ထုတစ်ခုကိုမြင်နိုင်ဖို့ အဲ့ဒီဝတ္ထုက ထွက်လာတဲ့အလင်း ကျွန်ုပ်တို့မျက်စိထဲက မြင်လွှာပေါ်ကိုရောက်ဖို့လိုအပ်တယ်။
အလင်းရဲ့အလျှင်ကို အထက်တန်းရူပဗေဒမှာ သင်ခဲ့ရတော့ မစိမ်းကြဘူးလို့ထင်ပါတယ်။
၁စက္ကန့်ကို မိုင်ပေါင်း ၁၈၆၀၀၀ (186,000 miles per second) ရှိပါတယ်။
ကမ္ဘာနဲ့လ ၂၃၈၈၅၅ မိုင်ကွာဝေးပါတယ်။ လရဲ့အလင်းကမ္ဘာကိုရောက်ဖို့ ၁စက္ကန့်ကျော်ကြာပါတယ်။
ဒါကြောင့် ညအချိန်မြင်ရတဲ့လသည် လွန်ခဲ့တဲ့အတိတ် ၁စက္ကန့်ကျော်က လဖြစ်တယ်။ လမှာဖြစ်သမျှ ကျွန်ုပ်တို့ ၁စက္ကန့်ကျော်ကြာမှသိရတယ်။

ကမ္ဘာနဲ့နေ မိုင်ပေါင်း ၉၃သန်းကွာဝေးတယ်။
နေရဲ့အလင်းကမ္ဘာကို ရောက်ဖို့ ၈မိနစ်နဲ့ စက္ကန့် ၂၀ ကြာတယ်။ နေဟာ အခုချက်ချင်း ယုတ်တရက်ကွယ်ပျောက်သွားတယ်ဆိုရင်တောင် ကမ္ဘာကသိဖို့ ၈မိနစ်နဲ့ စက္ကန့် ၂၀ ကြာမှာပါ။
အဲ့ဒီအချိန်မပြည့်ခင် ကြားကာလမှာတော့ နေမရှိတော့ပေမယ့် ကျွန်ုပ်တို့ဟာ နေကိုမြင်နေရဦးမှာပါ။

ဒါဟာ ကျွန်ုပ်တို့ရဲ့ Solar System ထဲမှာရှိတဲ့ကြယ်တွေ၊ လတွေနဲ့ပဲချိန်ဆရပါသေးတယ်။
မြောက်အရပ်မှာ အမြဲနေတဲ့ ဓူဝံကြယ် (Polaris) ကရော ဘယ်လောက်ဝေးသလဲ။
အလင်းနှစ် ၄၃၄နှစ် ဝေးပါတယ်။ (အလင်းနှစ်ဆိုတာ အလင်းရဲ့အမြန်နှုန်းနဲ့ တစ်နှစ်တိတိသွားမှ ရောက်မယ့်အကွာအဝေးကို ခေါ်ပါတယ်)
ဆိုလိုချင်တာက ကျွန်ုပ်တို့မြင်နေရတဲ့ဓူဝံကြယ်သည် လွန်ခဲ့တဲ့ ၄၃၄နှစ်က ဓူဝံကြယ်ဖြစ်ပါတယ်။

ဒီလိုပဲ အလင်းနှစ်သန်းပေါင်းများစွာဝေးတဲ့ ကြယ်တွေကနေလာတဲ့အလင်းကိုလည်း ကျွန်ုပ်တို့မြင်တွေ့နေရတယ်။
သေချာစဉ်းစားကြည့်ရင် ခုမြင်နေရတဲ့ကြယ်အချို့ရဲ့အလင်းရောင်ဟာ လူဆိုပြီးသတ်သတ်မှတ်မှတ်မဖြစ်သေးခင် ကာလတွေကတည်းက သူတို့ရဲ့ မိခင်ကြယ်ကနေစတင်ထွက်ခွာခဲ့ကြတယ်။
အခုအချိန်မှာ သူတို့ကိုမြင်နေရပေမယ့် သူတို့တကယ်ရှိဦးမလားဆိုတာတော့ မသိနိုင်သေးပါဘူး။

နောက်တစ်ခါ ကောင်းကင်ကိုမော့ကြည့်တိုင်း မြင်တွေ့သမျှသည် ပုံရိပ်ထင်သော အတိတ်ရဲ့ပန်းချီကားတစ်ချပ်လို့ သတိတရရှိပါစေ။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started