စစ်ပွဲနဲ့ စွန့်လွှတ်ခြင်းများ

၉တန်းလောက်တုန်းက 5 plus channel မှာ ယောင်းဂယ်ဆိုမွန်ဆိုတဲ့ ကိုရီးယား သမိုင်း ဇာတ်လမ်းတွဲလာတယ်။ ဂျူမုံထက်တောင် ကျနော်ပိုကြိုက်သေးတယ်။ ဇာတ်လမ်းက တရုတ်ပြည် တန်မင်းဆက်ခေတ်မှာ ဂိုဂူလျောလို့ ခေါ်တဲ့ အခုမြောက်ကိုရီးယားကို သွားသိမ်းတဲ့အကြောင်း ရိုက်ထားတာ။

ဂိုဂူလျောဆိုတာ ဂျူမုံကိုယ်တိုင် တရုတ် လွှမ်းမိုးမှုအောက်ကနေ ပြန်တည်ထောင်ထားတယ်ဆိုတာ သိကြမှာပဲ။ ဒီနေရာမှာ ပြောချင်တာက အခု ကိုရီးယားကျွန်းဆွယ်မှာ တောင်မြောက် ၂ခြမ်းကွဲနေသလို အရင်တုန်းကလည်း မြောက်ဘက်မှာ ဂိုဂူလျော၊ တောင်ဘက်မှာ ရှီလာနဲ့ ဘတ်ဂျယ်ဆိုပြီး ၃နိုင်ငံ ကွဲနေခဲ့တာပါ။

တရုတ် တန်မင်းဆက်က ဂိုဂူလျောကို စစ်တိုက်တော့ အစကမနိုင်ဘူး။ နောက်လည်း နိုင်မှာ မဟုတ်တော့ တောင်ဘက်က ရှီလာနဲ့ ပေါင်းပြီး ဂိုဂူလျောကို သိမ်းဖို့ကြံတယ်။ ဂိုဂူလျောကို တရုတ်က တိုက်နေချိန် ရှီလာက ဘတ်ဂျယ်ကို သိမ်းဖို့ အကြံနဲ့ပေါ့။ ကျနော် အဓိက ပြောလိုရင်းက အခုမှ ရောက်လာတာ။

ရှီလာနဲ့ ဘတ်ဂျယ် အဆုံးအဖြတ်ပေးမယ့် စစ်ပွဲရောက်လာတော့ စစ်တို့ရဲ့ ထုံးစံအတိုင်း Stalemate ဖြစ်နေတယ်။ သူမသာ ကိုယ်မသာနဲ့ ဘယ်ဘက်မှ တက်မရဘူး။ ၂ဖက်စလုံးက တပ်တွေဆိုင်ထားပြီး အခြေအနေကြည့်ရတာပေါ့။ အဲ့ဒီမှာ ရှီလာတပ်မှူးက သူ့ဘက်က လူတွေကို ကြည့်တော့ စစ်ငြီးငွေ့နေပြီ။ အဲ့တာနဲ့ ဘာအကြံရလဲဆိုတော့ အထူးလေ့ကျင့်ထားတဲ့ လူငယ်အဖွဲ့ကို ထုတ်ပြီး ဘတ်ဂျယ်တပ်မှူးကို သွားစိန်ခေါ်ခိုင်းတာပဲ။

ဘတ်ဂျယ်တပ်မှူးကလည်း သိတယ်။ အခုမှ အသက် ၂၀သာသာ လူငယ်နဲ့ သူ့ကိုလာယှဥ်တယ်ဆိုတာ သပ်သပ် သွေးဆွနေမှန်း သိတယ်။ ပြသနာက ဘတ်ဂျယ်တပ်သားတွေက သူတို့တပ်မှူးကို ကလေးတွေ လာစိန်ခေါ်ရကောင်းမလားဆိုပြီး ဒေါသတွေထွက်ပြီး ထိုးမယ်ခုတ်မယ် ဖြစ်ကုန်တာပဲ။

ရလဒ်ကတော့ သွားစိန်ခေါ်တဲ့ လူငယ်တပ်သားတွေအကုန် သေကုန်တာပဲ။ လူငယ်တွေကလည်း သူတို့တပ်ရဲ့ morale ကို ​မြှင့်ဖို့ အသေခံပြီးကို ဘတ်ဂျယ်ရဲ့ တပ်မှူးကို သွားစိန်ခေါ်တယ်။ ဘတ်ဂျယ်တပ်မှူးကလည်း သူ့တပ်သားတွေ morale မကျအောင် ထွက်ချတော့ လူငယ်တွေ သေတာပဲလေ။

ဒါပေမယ့် အတုံးအရုန်းကျသွားတဲ့ ရှီလာလူငယ်တွေကို ကြည့်ပြီး တပ်မှူးပြောတဲ့စကားက သိပ်ပြီး ခံပြင်းဖို့ကောင်းတယ်။
“မင်းတို့ သားအရွယ်တွေက သွားပြီးအသေခံနေပြီ၊ မင်းတို့တွေက စစ်တိုက်ရမှာ ငြီးငွေ့နေသေးလား”

အဲ့နောက်တော့ သွေး​ကြွလာတဲ့ ရှီလာတပ်တွေနဲ့ ဘတ်ဂျယ်တပ်တွေ အပြင်းအထန်တိုက်ပြီးနောက်မှာ ဘတ်ဂျယ် ကျပါတယ်။ ရှီလာက ဘတ်ဂျယ်ကို သိမ်းပြီး ဂိုဂူလျောကို စစ်ဆက်ချီပါတယ်။ ကျန်တာကတော့ သမိုင်းပဲပေါ့။

ယောင်းဂယ်ဆိုမွန် ဇာတ်လမ်းတွဲမှာ ရှီလာလူငယ်တွေရဲ့ sacrifice တွေကို ရိုက်ပြတာ အင်မတန် မျက်ရည်ဝဲဖို့ ကောင်းပါတယ်။ ကျဆင်းနေတဲ့ တပ်ရဲ့ morale ကို မြှင့်ဖို့ အသက်တွေ ပေးဆပ်လိုက်ရတယ်လို့ပဲ အခုပြန်တွေးမိပါတော့တယ်။

ဒီစာကို ရေးဖြစ်တာ မနေ့က မျက်ရည်ချူ post တွေ တက်လာတာကို မြင်ပြီးတော့ ၉တန်းတုန်းက ကြည့်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွဲကို ဖျတ်ခနဲ သတိရလာလို့ပါပဲ။ စစ်ပွဲမှာ တပ်သားတွေက အသက်ကိုစွန့်ရင်တော့ ပေးဆပ်တယ်ပြောပေမယ့် အထက်က စွန့်ခိုင်းရင်တော့ ထိုးကျွေးတယ် ဖြစ်သွားပါပြီ။ ဘယ်လိုပဲ ဖြစ်ဖြစ် လူငယ်တွေဖြစ်နေရင် နောက်ကွယ်က psychological manipulation ကို ကြိုမြင်တတ်ဖို့ လိုပါတယ်။

Lucifer

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started