အဲလ်ဗတ်ကမူးအကြောင်း စာတစ်အုပ်မှာ ဖတ်မိတော့ သူရေးဖူးတဲ့ စည်းအပြင်ကလူ၊ ပလိပ်၊ မနုဿပျက်ခန်း (The Fall ကို တော်ကောင်းမင်း ဘာသာပြန်)၊ လူတစ်ယောက်ရဲ့ အရိုးသားဆုံးဖွင့်ဟဝန်ခံချက် (စာအုပ်တူတူကိုပဲ နရီမင်းက ဘာသာပြန်)၊ The Myth of Sisyphus (အခုဖတ်နေ၊ ထွက်ထားတဲ့ Kdrama က အဲ့ဝတ္ထုကို ရိုက်ထားတာမဟုတ်) တွေကို သတိရမိပါတယ်။ အဲဗတ်ကမူးက သူကိုယ်တိုင် ဖြစ်တည်မှုဝါဒီတစ်ဦး မဟုတ်ဘူးလို့ ငြင်းလင့်ကစား သူရေးတဲ့ စာတွေ အက်ဆေးတွေမှာ လူသားတစ်ဦး၏ ပုဂ္ဂလဖြစ်တည်မှုကိုပဲ ခံစားချက်သက်သက်နဲ့ ရေးဖွဲ့ထားတာတွေ ဖတ်ရလေ့ရှိပါတယ်။
အဲ့ဒီထဲမှာမှ ပလိပ်ဆိုတဲ့ ထင်လင်းဘာသာပြန် ဝတ္ထုကို ပြေးသတိရမိတယ်။ အဲ့ဝတ္ထုကြီးထဲက အကြောင်းအရာတွေ ဖြစ်စဥ်တွေက ကျနော်တို့ အခုကြုံတွေ့နေရတဲ့ ဒဿန အကျပ်အတည်းနဲ့ သိပ်တူတာပဲ။
ခွန်အားနဲ့ ငြင်းပယ်လို့ မရတဲ့ အခြေအနေတစ်ခုမှာ ပိတ်မိနေတာ…
ကြုံနေတွေ့နေရတာကို ဘာမှမလုပ်နိုင်တာ
ရွေးချယ်စရာ ၂ခု ၃ခုမှ ပိတ်မိနေတာ စသဖြင့်ပေါ့။
ပလိပ်ဝတ္ထုထဲမှာက မြို့ကြီးတစ်ခုမှာ ပလိပ်ရောဂါ စဖြစ်ရာကနေ မြို့ကို Lock Down ချလိုက်တဲ့အခါ ဖြစ်လာ ကြုံလာရတဲ့ Personality Type ကို ရေးဖွဲ့ထားတာ။
ဝတ္ထုထဲမှာ
ပလိပ်ကိုပဲ ကုပြီး ဘာမှစိတ်မဝင်စားတဲ့ ဒေါက်တာ
ဘာမှမလုပ်ပဲ ဒေါက်တာကိုပဲ ချီးကျူးနေတဲ့သူတွေ
ဟာ မြို့ကြီးပျက်တော့မှာပဲ လူတွေ ငတ်သေတော့မှာပဲဆိုပြီး စိုးရိမ်နေကြသူတွေ
ဒီပလိပ်ဖြစ်နေရင်းကိုပဲ ဘာမှ ဂရုမစိုက်ပဲ ရှင်သန်ဖို့ ကြိုးစားကြသူတွေ
ပလိပ်ကို အမှီပြုပြီး စီးပွားရှာသူတွေ စသဖြင့်ပေါ့။
အခုမှ ကျနော် စဥ်းစားမိတဲ့ ဒါကြီးမပြီးကြစေချင်သူများဆိုတာ ရောက်လာတာ။ ပလိပ်ကြောင့် အကျိုးရှိနေတဲ့သူတွေ၊ ပလိပ်ပြီးသွားရင် ဘာလုပ်ရမယ် မသိတဲ့သူတွေ၊ ပလိပ်နဲ့ နေသားကျသွားတဲ့သူတွေ ရှိနေတယ်။ သူတို့တွေက ပလိပ်ကို မပြီးစေချင်ကြဘူး။ ဘာဖြစ်လို့လဲ။
ပလိပ်ကြောင့် သူတို့က လူမှုပတ်ဝန်းကျင်မှာ ဦးဆောင်နေရာကို ရလာတော့ ပလိပ်က သူတို့ကို အဓိပ္ပာယ် သတ်မှတ်နေတာ ဖြစ်တယ်။ ပလိပ်မရှိတော့ရင် သူတို့လည်း မရှိတော့သလို ဖြစ်သွားတယ်။ လူတစ်ယောက်ရဲ့ ဖြစ်တည်မှု ပျောက်ဆုံးသွားသလို ဖြစ်သွားတယ်။ ဒါကို လူသားတစ်ယောက်က လက်ခံမှာ မဟုတ်ဘူး။
ဒီလိုဆိုတော့ ပလိပ်ကြီး ရှည်ကြာ၊ မြို့ပျက်တဲ့အထိ လူတွေသေကြေတာမျိုးကို လိုလားတာလား ဆိုတော့လည်း မဟုတ်ပါဘူးတဲ့။ ပလိပ်က သူတို့ကို သတ်မှတ်ပေမယ့် ပလိပ်က လူမှာဖြစ်တာမို့လို့ လူနဲ့ပဲ ဆက်စပ်နေတာမို့လို့ လူဆိုတာ ပျောက်သွားမှာကိုလည်း သူတို့တွေက မလိုလားပြန်ဘူး။
ဒါဖြင့်ရင် ?
သူတို့က ဒီပလိပ်ပြီးမှုနဲ့ မပြီးမှုကြားမှာ ရှင်သန်ရင်း မသိစိတ်ထဲမှာ ပလိပ်ကို မပြီးစေချင်နေကြတာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ပလိပ်တော့ ပြီးစေချင်တယ်။ ဒါပေမယ့် မပြီးခင် သူတို့သေသွားရင် ပိုကောင်းတာပေါ့ ဆိုတာမျိုးပဲ။ အတ္တဆန်တယ် ပြောမလား။ ဒါက စာဖတ်သူတွေ တွေးရမယ့် ကိစ္စပဲ။
အချိန်တန်ရင်တော့ ပလိပ်က ပြီးသွားမှာပဲ။ လူတွေလည်း လွတ်မြောက်သွားမှာပဲ။
စာလည်းရှည်သွားပြီ။ ဒီနေ့တွေးမိသလောက်ပေါ့။
Lucifer
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။
