Adj ဆိုတာ N ကို အထူးပြုတာလို့ ငယ်ငယ်က သင်ဖူးကြပါတယ်။ ရှိပြီသား နာမ်တစ်ခုကို အထူးပြုပြီးဖြစ်အောင် စကားလုံးလေး ကပ်ပေးလိုက်တာပဲ။ အဲ့လိုကပ်ပေးလိုက်လို့ ကိုယ်ပြောချင်တဲ့ နာမ်က ပိုပေါ်လွင်တယ်၊ ပိုထူးခြားတယ်။ ဒီနေရာမှာ အဲ့လိုကပ်တာက ကောင်းလား၊ မကောင်းလားကို တခါမှ မဆန်းစစ်ခဲ့ကြဘူး။
ငယ်ငယ်ကဆို မျက်မှန်တပ်ထားတဲ့သူကို လေးလုံး မှန်ကြောင်စသဖြင့် လူကောင်ညှပ်နေရင် စောင်ဂျပု၊ ငါးဖောင်ရိုးစသဖြင့် ခေါ်ခဲ့ကြဖူးမယ်။ အခေါ်ခံခဲ့ရတဲ့သူက ကျေနပ်နေရင် ဘာပြဿနာမှ မရှိဖူးပဲ ပြီးခဲ့ကြဖူးမယ်။ ဟဲဟဲ ဟဲဟဲ နဲ့ပေါ့။
အဲ့တာတွေကို ပြန်လေ့လာကြည့်ရင် ပိန်သူကို ဝက်လို့ ခေါ်တာ မဟုတ်သလို ဝနေသူကို ငါးဖောင်ရိုးလို့လည်း ခေါ်တာ မဟုတ်ပါဘူး။ အရှိကို အရှိအတိုင်း အဲ့ဒီ နာမဝိသေသနတွေကို စိတ်ခံစားချက်နဲ့ သုံးစွဲပစ်တာပဲ။ ဝတယ်ထင်ရင် ဝက်။ ပိန်တယ်ထင်ရင် ငါးဖောင်ရိုး၊ ပိန်သေး။ ခေါ်လိုက်တာပဲ။
သေချာလေ့လာကြည့်တဲ့အခါ အဲ့ဒီလို နာမဝိသေသနတွေကို သီးသန့်ပြောရင် လူတွေက ဘယ်လိုမှ မခံစားရတာ များတတ်ကြတယ်။ ဥပမာ အသားမည်းသွားတယ်နော်ဆိုပြီး မုန့်တူတူစားနေရင်း ပြောရင် အေးဆေးဖြစ်နေတာက များတယ်။ ပြဿနာက တွေ့တွေ့ချင်း ထပြောတာပဲ။ တစ်ဖက်က ကိုယ်သူ့ကို မြင်နေတယ်၊ သူ့ အသားအရည်ကို judge လုပ်နေတယ်လို့ မသိစိတ်မှာ မောင်းနှင်နေတယ်။ အဲ့မှာပြောမိရင် ဒါ နင် ရှိမ်းတာပဲ ဖြစ်လာရော။ ဘာဖြစ်လို့လဲ။ နာမဝိသေသနတွေကို လွတ်လပ်စွာ သုံးမရတော့ဘူးလား။
အဲ့လိုလည်း မဟုတ်ပြန်ဘူး။ တွေ့တွေ့ချင်း “ဟယ် နင်ဖြူလာလိုက်တာ” လို့များပြောရင်း အောင်မလေး အနည်းနဲ့အများ ပျော်နေကြမှာပဲ။ မဟုတ်ပါဘူးဟာ ဘာညာနဲ့ အစမှာ ငြင်းပေမယ့် စိတ်ထဲမှာတော့ ငါတကယ်ဖြူလာတာလားပေါ့။ ယုံချင်ချင်က စဖြစ်လာတယ်။
အခု အနောက်နိုင်ငံတွေနဲ့ တိုးတက်တဲ့ လူငယ် အသိုင်းအဝိုင်းတွေမှာ body shaming ကို တော်တော် လက်မခံကြတော့ဘူးလို့ ယူဆလို့ရပါတယ်။ ဒါပေမယ့် ဒါပေမယ့် . . . .
Body shaming ကို လက်မခံတာလား။
ကိုယ်နှစ်သက်တဲ့လူကို Body shaming လုပ်ရင် လက်မခံတာလား။
ဒါက တော်တော် ဂွကျတဲ့မေးခွန်းပဲ။ ဆက်ရှင်းရင် လူရဲ့ ဖြစ်တည်မှုနဲ့ အဓိပ္ပာယ်သတ်မှတ်ချက်တွေထိ ရောက်သွားရင် စာဖတ်သူတွေ အိပ်ပျော်သွားမှာ။ ဒါပေမယ့် လျှာနည်းနည်းရှည်ဦးမယ်။
ကျနော်တို့ လူကို မုန်းရင် မကျေနပ်ရင် လုပ်ရပ်ပေါ် အခြေခံလား။ အသွင်အပြင် (ဖြစ်တည်မှုထဲက အစိတ်အပိုင်းတစ်ခု၊ တစ်နည်း နာမဝိသေသန) တွေပေါ် အခြေခံတာလားပေါ့။
ဘာကိုပဲ အခြေခံခံ နောက်ဆုံး ဆဲကြဆိုကြရင် အသွင်အပြင်ကို ထည့်ကို ပြောပါတယ်။ အဲ့ဒီ နာမဝိသေသနတွေကို အားရပါးရကို သုံးတာပါ။
ဥပမာ သားရေကြိုး ဂျပု ၊ ဂျပု တင်းအောင်ကိုင်
ဒီနေရာမှ body shame သင့်လား မ shame သင့်လား လုံးဝ မပြောဘူးနော်။ suggest လည်း မလုပ်ဘူး။ ဒီစာကိုရေးတာက ဖြစ်နေတာအပေါ် တွေးကြည့်ရုံ ဆန်းစစ်ကြည့်ရုံပဲ။
အဲ… ပြန်ဆက်ရင် အဲ့ဒီနာမဝိသေသနတွေကို မသုံးကောင်းဘူး၊ မသုံးသင့်ဘူး၊ Mental Impact ဖြစ်တယ်လို့ ပြောကြတယ်။ ဝတယ်လို့ သင်ပြောတဲ့ မိန်းကလေးက အစာအငတ် ခံနေရတယ်ဆိုပြီး ပုံပေါ်စာရေးတွေ မြင်ဖူးကြမှာပါ။
တကယ်ခံစားရသူတွေလည်း ရှိပါတယ်။ နာမဝိသေသနတွေက mental impact တကယ်ရှိတာပါ။ အဲ့လို shame တဲ့အတွက် suicide သွားတာတွေ၊ အကြမ်းဖက်မှုတွေအထိ ဦးတည်သွားတာတွေ ဖြစ်ဖူးပါတယ်။ ဖြစ်နေဆဲပါ။ ပြောတဲ့သူက ဘာရယ်မဟုတ်ဘဲ ပြောပေမယ့် ခံရသူက နင့်နေအောင်ဖြစ်သွားလို့ ဒီလိုအကျိုးဆက်တွေ ဖြစ်လာရတယ်လို့လည်း ကောက်ချက်ချကြပါတယ်။
အဲ့ဒီတော့ နာမဝိသေသန ကင်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်အောင် လုပ်လို့ရနိုင်မလား။ နာမဝိသေသနတွေကို လမ်းခွဲပစ်ကြမလား။
Body shame သင့်လား။ (Action based)
ဒါမှမဟုတ် shame သင့်တဲ့လူကို shame ကြမလား။ (Person based)
ဒါတွေးကြည့်တာ။
Lucifer
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။
