လူသားတို့၏ brain သည် ဘယ်တခြမ်း ညာတခြမ်းစီရှိပြီး ဘယ်ဖက် brain သည် ညာဖက် body ကိုထိန်းချုပ်၍ ညာဖက် brain ကမူ ဘယ်ဖက် body ကိုထိန်းချုပ်ထားသည်။
ဤသည်ကို ဆေးပညာအရ Contralateral control of the brain ဟုဆိုကြသည်။
အဘယ်ကြောင့် ဤသို့ ဘက်မတူသော body ကို
မတူညီသော brain ကထိန်းချုပ်နေရသနည်း။
အကြောင်းရင်းကတော့ brain မှဆင်းလာသော ခိုင်းစေသည့် output (motor) tracts များ နဲ့ brain သို့သွားသော အာရုံခံ (sensory) tracts များသည် တဖက်တချက်စီသို့ ဖြတ်သွားသောကြောင့်ဖြစ်ပါတယ်။
ဒါကို “Midline crossing” or “Decussation” ဟုခေါ်ပါတယ်။
ဘာလို့ဒီလိုမျိုး အလယ်ကိုကန့်လန့်ဖြတ်ပြီး တဖက်စီသွားရပါသလဲ?
ဒီမေးခွန်းက Evolutionist တွေနဲ့ Neuroscientists တွေကြားထဲမှာ အလွန်ရေပန်းစားပြီး ယနေ့တိုင်ငြင်းကြခုန်ကြဆဲဖြစ်ပါတယ်။
ဒီပြဿနာကိုဖြေရှင်းဖို့ hypothesis တွေအများကြီးရှိခဲ့ပြီး အရေးကြီးတဲ့ hypothesis ၂ခုကို ဒီနေရာမှာ ပြောပြပေးပါမယ်။
ပထမ hypothesis တခုကတော့ “Somatic Twist” hypothesis လို့ခေါ်ပါတယ်။
Evolution အရ ရေထဲမှာနေတဲ့ ကျောရိုးမဲ့သတ္တဝါတွေ ကုန်းပေါ်ကိုတက်လာတဲ့အခါမှာ သူတို့သွားလာဖို့အတွက် ကျောရိုးဆိုတာလိုအပ်လာပါတယ်။
ကျောရိုးမဲ့သတ္တဝါတွေမှာ ကျောရိုးမရှိသလို spinal cord ဆိုတာလဲမရှိပါဘူး။ ဒါကြောင့် သူတို့မှာ Decussation ဆိုတဲ့ အလယ်ကိုကန့်လန့်ဖြတ်တာမျိုးလဲမရှိပါ။
ကျောရိုးမဲ့သတ္တဝါကနေ ကျောရိုးရှိသတ္တဝါအဖြစ်ကူးပြောင်းလာတဲ့အခါ တချို့သော ကျောရိုးမဲ့တွေမှာ spinal cord နဲ့ဆင်တူတဲ့ neural networkor neural cord စပေါ်လာပါတယ်။ စပေါ်တဲ့နေရာက ဝမ်းဗိုက်ဖက်ခြမ်း (ventral) မှာဖြစ်ပါတယ်။ ကျောဖက်အခြမ်း (dorsal) ဖက်မှာက ပါးစပ်နဲ့ အစာလမ်းကြောင်းရှိနေပါတယ်။
တဖြည်းဖြည်းနဲ့ ကျောရိုးရှိသတ္တဝါများအဖြစ် ဆင့်ကဲတိုးတက်လာတဲ့အခါ ကျောရိုးက ကျောဖက် (dorsal) မှာရှိဖို့လိုလာပါတယ်။
အစာလမ်းကြောင်းနဲ့ပါးစပ်ပေါက်က ဝမ်းဗိုက်ဖက် (ventral) ရောက်လာဖို့လိုလာပါတယ်။
ဒီလို လိုအပ်ချက်အရ ကျောရိုးနဲ့ အစာလမ်းကြောင်းက 180 degree လှည့်ဖို့လိုလာပါတယ်။
ဒါမှ ကျောရိုး နဲ့ spinal cord က (dorsal) ကျောဖက်ရောက်လာမှာဖြစ်တယ်။
လည်တဲ့အခါမှာ brain က relatively ငြိမ်နေပြီး medulla oblongta နဲ့ spinal cord ပိုင်းကပဲလည်သွားပါတယ်။
အဲ့လို 180 degree လည်သွားရတဲ့အတွက် brain ကိုသွားလာတဲ့ tract များဟာ အလယ်မှာ ကန့်လန့်ဖြတ်သွားရပါတယ်။
ဒီယူဆချက်ကို somatic twist လို့ခေါ်ပြီး
ကိုယ်တွင်းအင်္ဂါများကတော့ လိုက်မလည်ကြပါဘူး။
နောက်ထပ်ယူဆချက်တခုက “axial twist hypothesis” လို့ခေါ်ပြီး အောက်ပါပုံအတိုင်း embryo လေးရဲ့အပေါ်တခြမ်း (head) က ဘယ်ဖက်ကိုလည်သွားပြီး အောက်တခြမ်း (body) က ညာဖက်ကိုလည်သွားတဲ့အတွက် ဘယ်ညာထိန်းချုပ်တဲ့ဖက်မတူတာဖြစ်တယ်လို့လဲ ဆိုကြပါတယ်။
ကဲ… ဒီလောက်ဆိုရင် neuroanatomy လေ့လာတဲ့အခါ Pyramidal Decussation တွေ Sensory Decussation တွေဘာလို့ဖြစ်ရသလဲဆိုတာ အနည်းငယ်သဘောပေါက်သွားမယ်လို့ယုံကြည်ပါတယ်။
ကိုယ်ခန္ဓာမှာ တခြားသော ဘယ်ညာ Decussation တွေရှိပါသေးတယ်။ ဥပမာ optic chiasma
ဒါတွေကရောဘာလို့ဖြစ်တာလဲ စိတ်ဝင်စားရင် ဆက်လက်လေ့လာလို့ရပါတယ်ဗျ။
Thanks for your time!
လင်းမူ
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။



