ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 3)

(အောက်ပါအကြောင်းအရာများတွင် ယောကျာ်းနှင့်မိန်းမအသုံးသည် Husband & Wife သဘောမျိုးမဟုတ်ဘဲ Male & Female သဘောကိုသာဆောင်ပါသည်။
ယေဘုယျသဘောများကိုသာ ဖော်ပြခြင်းဖြစ်သဖြင့် အဖြူအမည်းသဲကွဲသလိုဖြစ်နေသော်လည်း Grey area များများစွာရှိကြောင်း သတိပြုစေချင်ပါသည်။ အတိအကျမယူစေလိုပါ။ ဗဟုသုတအတွက်သာ ဖတ်ပါ။)

စိတ်ဖိစီးမှုကို ယောကျာ်းနှင့်မိန်းမ တုံ့ပြန်ပုံခြင်းမတူညီကြပါ။
ယောကျာ်းစိတ်ညစ်လျှင် စိတ်ညစ်စေသည့် ပြဿနာကိုမေ့ပျောက်အောင် နေထိုင်ကြသည်။
မိန်းမတို့စိတ်ဖိစီးလျှင် ပြဿနာကို အထပ်ထပ်အခါခါပြောခြင်းဖြင့် စိတ်သက်သာရာရကြသည်။

နှစ်ယောက်လုံးစိတ်ဖိစီးမှုများနေတဲ့အချိန်ကို မြင်ကြည့်ပါ။
ယောကျာ်းက စကားမပြောဘဲ မေ့မေ့ပျောက်ပျောက်နေလိုက်ချင်သည်။ သို့သော်မိန်းမက ပြဿနာကိုထပ်တလဲလဲ ပြောဆိုချင်သည်။ ယောကျာ်းကရှောင်သောအခါ မိန်းမကပိုပြီးစိတ်ထိခိုက်သည်။ ဂရုမစိုက်ဘူးဆိုပြီးခံစားရသည်။
ယောကျာ်းကလည်း အေးဆေးနေချင်တာကို နားမလည်ဘဲ တတွတ်တွတ်လာပြောနေတယ်ဆိုပြီး စိတ်ဖိစီးမှုပိုများသွားတတ်သည်။

ဒီလိုတွေဘာကြောင့်ဖြစ်ရသနည်း။
ရှေ့အခန်းမှာရေးခဲ့သလိုပဲ ယောကျာ်းတို့ဟာ ပြဿနာရှိရင် ကိုယ်တိုင်ကြိုးစားဖြေရှင်းကြသည်။ မလိုအပ်ဘဲ အချင်းချင်း တိုင်ပင်လေ့မရှိကြ။
တစ်ယောက်တည်းသေချာစဉ်းစားပြီး အဖြေရှာတတ်ကြသည်။
မိမိလိုချင်သောအဖြေကို ရှာတွေ့ပြီလို့ထင်လျှင် နှုတ်စိတ်နေတာမျိုးမရှိတော့ဘဲ နဂိုအတိုင်း ပြန်လည်ပြုမူတတ်သည်။
အဖြေရှာမတွေ့သေးခင်ကာလမှာ ပြဿနာကိုမေ့ပျောက်အောင် တခုခု (အရက်သောက်ခြင်း၊ အားကစားလုပ်ခြင်း၊ ဂိမ်းကစားခြင်း) ကို အာရုံစိုက်ထားပြီး စိတ်ကိုလှည့်စားထားတတ်ကြသည်။
နေ့စဉ်စိတ်ဖိစီးစရာတွေက လူတစ်ယောက်အတွက် အများအပြားရှိသည်။ ထိုအထဲကမှ အရေးကြီးဆုံးထင်ရသော၊ မိမိကိုစိတ်ဒုက္ခအပေးဆုံးသော ပြဿနာကိုရွေးပြီး အဖြေရှာတတ်ကြသည်။
ထိုကာလတွင် စိတ်ကျေနပ်ဖွယ်အဖြေကိုမရမချင်း အခြားဘာကိုမှ အပြည့်အဝအာရုံမရှိတော့ပါ။ အခြားသူ၏စိတ်ခံစားချက်ကိုလည်း မငဲ့ကွက်မိတော့ပါ။
အိမ်ထောင်သည်ဆိုလျှင် သူ၏အိမ်ထောင့်တာဝန်များပါ ဆောင်ရွက်ဖို့လစ်ဟင်းနေတတ်သည်။

ဒီလိုကာလမျိုးတွင် မိန်းမတို့စိတ်ညစ်ကြရသည်။
မိန်းမတို့ စိတ်ဖိစီးလာလျှင် သူတို့ယုံကြည်သောသူနှင့်စကားပြော ရင်ဖွင့်တိုင်ပင်လေ့ရှိကြသည်။ ရင်ဖွင့်ရာတွင်လည်း ပြဿနာကြီးသည်၊ ငယ်သည်မရွေးဘဲ မိမိစိတ်ဘဝင်မကျတာ မှန်သမျှ ကရားရေလွှတ်ပြောဆိုတတ်ကြသည်။

မျှဝေခြင်းက သူတို့ကို စိတ်သက်သာရာရစေသည်။
မျှဝေခြင်းကြောင့် မသိ၊ မတတ်၊ နားမလည်သောသူအဖြစ် အထင်ခံရမှာကို ယောကျာ်းတို့ကဲ့သို့ စိတ်မပူကြပါ။ မိမိ၏ပြဿနာများကို မေ့ပျောက်နိုင်ရန် မိန်းမတို့သည် သူတစ်ပါး၏ပြဿနာပေါ်တွင် အာရုံစိုက်တတ်ကြသည်။


ရင်ဖွင့်တိုင်ပင်ခြင်းမရှိဘဲ တစ်ယောက်တည်းငူငူငိုင်ငိုင် အတွေးရေအလျဉ်ထဲနစ်မျောနေသော ယောကျာ်းကိုမြင်ရခြင်းသည် မိန်းမတို့ကို ပိုပြီးစိတ်ရှုပ်ထွေးစေသည်။ ဖွင့်ဟတိုင်ပင်စေလိုသည်။
ဤကာလတွင် မိန်းမလုပ်နိုင်သောအရာမှာ ဖိစီးနေသော ပြဿနာကို မိမိအား ရင်ဖွင့်ဖို့တွန်းအားပေးခြင်း၊ စိတ်ဆိုးစိတ်ကောက်ခြင်းထက် ယောကျာ်းသူ့ဘာသာ အဖြေရလာအောင် အချိန်တစ်ခုစောင့်ပေးခြင်းဖြစ်သည်။

နောက်ဆုံးအချက်အနေနဲ့ ယောကျာ်းတစ်ယောက်သည် ချစ်တယ်ဆိုတဲ့ ခံစားချက်အတိုင်းပြုမူမယ်လို့ အမြဲမမျှော်လင့်ထားသင့်သလို…

မိန်းမတစ်ယောက်ရဲ့ခံစားချက်တွေသည်လည်း အမြဲကြောင်းကျိုးဆီလျော် ယုတ္တိရှိနေလိမ့်မယ်လို့ မယူဆထားသင့်ပါဘူး။

(Part 4 တွင် ဆက်လက်ဖတ်ရှုပါ)

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started