တနေ့စာအလွဲများနဲ့ Murphy Law မိတ်ဆက်

ဆူပါမားကတ်တစ်ခုမှာ ငွေရှင်းဖို့တန်းစီတဲ့ အခါ သင်ရွေးလိုက်မိတဲ့ကောင်တာက ဘာလို့အမြဲလိုလိုနှေးနေရတာပါလဲ။

ဘာလို့ အိမ်သာတက်တဲ့အချိန် ရေချိုးခန်းဝင်တဲ့အချိန်မှ တယ်လီဖုန်းတွေ ခဏခဏလာရတာပါလဲ။

မီးပွိုင့်တွေက ကိုယ်အလျင်လိုအရေးကြီးပြီဆို မီးနီပဲပြလေ့ရှိတာလဲ?

ကားပိတ်နေတဲ့အခါ ကိုယ့်လမ်းကြောကပဲ အမြဲနှေးပြီး ဘေးကလမ်းကြောက ကားတွေကျော်တက်ကြကုန်တာပါလဲ။

အရေးပေါ် တခုခုလိုအပ်လာပြီဆို ရှာနေတဲ့ပစ္စည်းက အမြဲပျောက်နေပြီး ရှာမတွေ့တာမျိုး ကြုံဖူးပါသလား။

ထီးမပါတဲ့နေ့တွေ မိုးရွာပြီး ထီးပါတဲ့နေ့ဆို မိုးမရွာတဲ့အပြင် ယူလာတဲ့ ထီးပါ တနေရာရာမှာ မေ့ကျန်ခဲ့တာမျိုးရော ကြုံဖူးပါသလား။

ဒါတွေက ကံဆိုးမှုသက်သက်လား?
တိုက်ဆိုင်မှုများလား ဒါမှမဟုတ် အကြောင်းပြချက်တခုရှိနေမလား?

အပေါ်ကအကြောင်းရာတွေထဲက သင်တခုခုကြုံဖူးပါက Congratulations ပါ။
သင့်လိုပဲ လူတိုင်းအဲ့လိုကြုံဖူးပါတယ်။
သင်တစ်ယောက်ထဲကွက်ပြီး ကံဆိုးနေတာမဟုတ်ပါဘူး။
သင်ကလဲ ကံဆိုးတတ်တဲ့လူအများထဲက လူတစ်ယောက်ပါပဲ။

ဒီဖြစ်ရပ်အများစုကို နိယာမတစ်ခုက ရှင်းပြခဲ့ပါတယ်။
ဒါကို Murphy ဆိုတဲ့ ပုဂ္ဂိုလ်ကစတင်ထောက်ပြခဲ့လို့
Murphy’s Law လို့ လူသိများကြပါတယ်။

Murphy ရဲ့နိယာမက ဘာပြောထားလဲဆိုတော့

“Whatever can go wrong, will go wrong!”

“လွဲစရာတွေက လွဲကိုလွဲမှာပဲ”တဲ့။

Murphy က American လေယာဥ်အင်ဂျင်နီယာတယောက်ဖြစ်ပြီး လေယာဥ်ကြံ့ခိုင်မှုနဲ့ ပတ်သက်သော အလုပ်များလုပ်ကိုင်ရသူဖြစ်ပါတယ်။

Murphy နဲ့ လုပ်ဖော်ကိုင်ဖက်များဟာ လေယာဥ်ကြံ့ခိုင်မှုနဲ့ လုံခြုံရေးအတွက် သုတေသနစမ်းသပ်မှုများ ဆောင်ရွက်ရင်း စက်ပစ္စည်းတခုကိုတပ်ဆင်ကြည့်ရာ တပ်ဆင်မှုမှန်ကန်ပါလျှက် စက်မှာအလုပ်မလုပ်ဖြစ်နေသည်။

အမျိုးမျိုးစစ်ဆေးသော်လည်း စက်မှာအလုပ်မလုပ်သဖြင့် Murphy က အထက်ပါအတိုင်း “လွဲစရာရှိရင်တော့လွဲမှာပဲ” ဟု မှတ်ချက်ချခဲ့ရာမှ ဒီစကားဟာ လူအများကြား တစတစနာမည်ကြီးလာခဲ့ခြင်းဖြစ်သည်။

ဒီသဘောတရားက နေ့စဥ်လူမှုဘဝ နေရာတိုင်းလိုလိုမှာ အသုံးဝင်နေသဖြင့် ယေဘုယျနိယာမတခုလိုဖြစ်လာပါတော့တယ်။

တကယ်တော့ ဒီ Murphy law ရဲ့နောက်ကွယ်မှာ Science နဲ့ Psychology သဘောတွေ အများကြီးပါဝင်နေပါတယ်။

အထူးသဖြင့် သင်္ချာသဘောတရားများဖြစ်သည့် Probability (ဖြစ်နိုင်ချေ) နှင့် စာရင်းအင်းဗေဒ (Statistics) များအပြင် လူတို့ရဲ့ စိတ်ခံစားချက်များ (Memory and Perception)၊ Logics (ယုတ္တိဗေဒ) တို့ကြောင့်
တနေ့တာအလွဲများဖြစ်လာရခြင်းဖြစ်ပါတယ်။

ဥပမာ ငွေရှင်းဖို့တန်းစီတဲ့အခါ ဘယ်ကောင်တာကမြန်မလဲ နှေးမလဲဆိုတာ တကယ်တော့ ဖြစ်နိုင်ချေအရတွက်ကြည့်လျှင် မတိမ်းမယိမ်းများပင်ဖြစ်သည်။
ကောင်တာတစ်ခုနဲ့တစ်ခု အများကြီးမကွာလှပါ။

ကောင်တာ ၇ ခုရှိလျှင် အမြန်ဆုံးကောင်တာကတစ်ခုပဲရှိနိုင်သလို အနှေးဆုံးကောင်တာကလဲ တစ်ခုပဲရှိပါလိမ့်မည်။
ကျန်တဲ့ကောင်တာ ၅ခုက ပုံမှန်ပဲဖြစ်ပြီး ပုံမှန်ကောင်တာမှာပဲ တန်းစီနိုင်ခြေကလဲ ယေဘုယျပိုများပါတယ်။

မိမိတန်းစီထားတဲ့ကောင်တာက ပိုကြာတယ်လို့ စိတ်ကိုကထင်နေရခြင်းလဲ ဖြစ်နိုင်ပါတယ်။
ဒါကလဲ Elasticity of time လို့လဲတချို့ကဆိုပါတယ်။
အချိန်တနာရီချင်းတူပေမယ့်
ချစ်သူခင်သူနားမှာဆို အချိန်ကုန်မြန်တယ်လို့ခံစားရပြီး မိမိမနှစ်သက်သူတွေကြားမှာ အချိန်ကနှေးတယ်လို့ ခံစားရတာမျိူးကိုဆိုလိုပါတယ်။

ATM စက်မှာတန်းစီရင်း ကိုယ်ထုတ်ရမယ့်အလှည့်နီးလာလေလေ မိမိရှေ့ကလူတစ်ယောက်၂ယောက်က ထုတ်တာကြာလေ ခံစားရသလိုပါပဲ။

တချို့ကံဆိုးမှုတွေကမူ Murphy law အပြင် Physics သဘောတရားများနဲ့လဲရှင်းပြလို့ရပါတယ်။

ထင်ရှားတဲ့ သာဓကတခုကတော့ ဘာလို့ပေါင်မုန့်ထောပတ်သုတ်တချပ်ဟာ စားပွဲကပြုတ်ကျတဲ့အခါ ထောပတ်သုတ်ထားတဲ့မျက်နှာပြင်နဲ့ပဲ ကြမ်းပြင်မှောက်ကျရတာလဲ။

ဒါကိုအနောက်တိုင်းကလူတွေက ကံဆိုးတယ်လို့သတ်မှတ်ကြပြီး တကယ်တမ်းက physics သဘောတရားကြောင့်ပါ။

ကမ္ဘာ့မြေဆွဲအားကြောင့် ပေါင်မုန့်ကပြုတ်ကျတဲ့အခါ တပတ်လည်ပြီး ပြုတ်ကျရပေမယ့် ပုံမှန်စားပွဲအမြင့်က သိပ်မမြင့်တဲ့အခါ ပြုတ်ကျလို့လည်နေတုန်း တဝက်မှာပဲ ကြမ်းပြင်ပေါ်ရောက်နေပြီဖြစ်လို့ တဝက်ပဲလည်ထားတဲ့ ပေါင်မုန့်အခြမ်းက ထောပတ်သုတ်ထားတဲ့ဖက်ပဲ ဖြစ်နေရတော့တာပါ။

တကယ်လို့ ထောပတ်မသုတ်ထားတဲ့အခြမ်းနဲ့ ကြမ်းပြင်ပေါ်ကျချင်ရင် စားပွဲကို အနည်းငယ်မြှင့်ပေးထားလိုက်ပြီး စမ်းကြည့်လိုက်ပါ။

လုံလောက်တဲ့အမြင့်က ပြုတ်ကျရတဲ့အခါ ပေါင်မုန့်ဟာ တပတ်အပြည့်လည်ပြီး မူလမျက်နှာပြင်နဲ့ပဲ ကြမ်းပေါ်ရောက်လာမှာဖြစ်ပါတယ်။

ဒီလောက်ဆိုရင် Murphy’s law အကြောင်းတီးမိခေါက်မိလောက်ပြီလို့ထင်ပါတယ်။

တနေ့မှာ ကံဆိုးမှုတွေ အလွဲတွေကြုံလာတိုင်း
စိတ်ညစ်မနေတော့ဘဲ Murphy’s Law ကိုသာသတိရလိုက်ဖို့ ဆန္ဒပြုလိုက်ရပါတယ်။

ကိုငှက်ရဲ့သီချင်းထဲကလို
“နည်းနည်းလေးတော့ လွဲနေတယ်… လွဲလွဲလေးပဲကောင်းပါတယ်”ပေါ့ဗျာ။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

2 thoughts on “တနေ့စာအလွဲများနဲ့ Murphy Law မိတ်ဆက်

  1. ကျွန်တော်မနေ့က( August 11 , 2021 )မှာဘဲကျွန်တော့်အဖေကိုဆုံးရှူံးလိုက်ရပါတယ်ဗျ Moti တေလဲအရမ်းကျနေပါတယ်ဗျ
    အရင်လိုမဟုတ်ရင်တောင် အရင်လောက်နီးပါး Moti ပြန်တက်အောင် Science Nuts ရဲ့ဆောင်းပါးအသစ်လေးတေပြန်ဖတ်ချင်ပါတယ်ဗျ ကျေးဇူးပြုပြီးပြန်လာခဲ့ပါ Science Nuts 🙏

    Like

Leave a comment

Design a site like this with WordPress.com
Get started