ဖောက်ပြန်သော အလင်း နှင့် Double Slit Experiment (Quantum Mechanics Part 1)

အလင်းဟာ သစ္စာရှိတယ်လို့ ထင်ပါသလား။
ရှေ့တင်ဆိုတမျိုး၊ ကွယ်ရာကြတမျိုးဆိုတဲ့အထဲမှာ အလင်းကိုလည်း မပါမဖြစ်ထည့်ပေးရမှာပါ။
မနက်ခင်း နေရောင်ထိုးရင် အလင်းတန်းကို ကြည့်လိုက်တဲ့အခါ အလင်းကို အမှုန်တွေလိုတွေ့နေရပါတယ်။
ဒါဆိုအလင်းက အမှုန်သဘောရှိတာပေါ့။
မြင်မှယုံမယ်ဆိုတဲ့သူတွေအတွက်တော့ ဒီလောက်နဲ့ပဲ ကိစ္စပြတ်သွားတာပေါ့။

ဒါပေမယ့် Einstein က အလင်းမှာ အမှုန်သဘာဝရော၊ လှိုင်းသဘာဝရောရှိတယ်လို့ဆိုခဲ့တယ်။
အဲ့လိုနဲ့ Double Slit Experiment ကိုလုပ်လိုက်ကြတယ်။
စမ်းသပ်တာက ရိုးရိုးလေးပါပဲ။ အပေါက် ၂ပေါက်ပါတဲ့ ကတ်ထူပြားကို ထောင်ထားလိုက်တယ်။ နောက်မှာ detect လုပ်နိုင်တဲ့ Detector ကိုထားလိုက်တယ်။
ပြီးတော့ အလင်းကိုလွှတ်ပေးလိုက်တယ်။ (အစောပိုင်းကာလတွေမှာ ဒီလိုစမ်းသပ်ခဲ့ကြတယ်)
အဲ့ဒီနောက်ပိုင်းမှာ Electron ကိုသုံးပြီးစမ်းသပ်ကြတယ်။

(ဆက်ပြောမယ့်စမ်းသပ်မှုမှာ Electron လို့ပဲသုံးသွားပါတော့မယ်၊ သိစေလိုတာက Photon, Electron, Neutron ကြိုက်တာနဲ့စမ်း၊ အဖြေကတော့ တူတူပါပဲ)

Electron source က တစ်ကြိမ်မှာ Electron တစ်ခုကိုပဲထုတ်ပေးတာပါ။
အပေါက် ၂ပေါက်ရှိတဲ့အထဲက တစ်ပေါက်စီကို Electron ထွက်လာတိုင်းဝင်လို့ Detector ပေါ်မှာ မျဉ်းနှစ်ကြောင်းမြင်ရတာ ဘာမှမထူးဆန်းပါ။ (ဘောလုံးတစ်လုံးကို အပေါက်နှစ်ပေါက်ထဲ မှန်းပြီးပစ်လို့ တန်းတန်းမတ်မတ်ဝင်သွားတဲ့အခါမျိုးကိုမြင်ကြည့်ပါ)

ဒါပေမယ့် အဲ့လိုမတွေ့ရဘဲ မျဉ်းတွေအများကြီးပေါ်လာတယ်။ ထူးခြားတာက ကတ်ထူပြားရဲ့အပေါက် ၂ခုကြားက အကာရဲ့နောက်မှာတောင် မျဉ်းတွေလာပေါ်နေတယ်။ (တည့်တည့်လာတဲ့၊ ကွေ့ဝိုက်ခြင်းမရှိတဲ့ ဘောလုံးက ဂိုးတိုင်ရဲ့နောက်တည့်တည့်မှာ ရောက်ရှိနေတာမျိုးကို မြင်ကြည့်ပါ)


ဘာနဲ့သွားတူလဲဆိုရင် လှိုင်းတွေအချင်းချင်း ပေါင်းကြ၊ ချေဖျက်ကြတာနဲ့တူနေတယ်
ငယ်ငယ်ကသင်ခဲ့ဖူးတဲ့ လှိုင်းအကြောင်းတွေကို မှတ်မိကြမှာပါ။
လှိုင်းတစ်ခုမှာ လှိုင်းခုံးနဲ့လှိုင်းခွက်ဆိုပြီး ရှိတယ်။
ခုံး + ခုံး (သို့) ခွက် + ခွက် ဆိုရင် ပိုကြီးမားတဲ့ လှိုင်းကိုရမယ်။
ခုံး + ခွက် (သို့) ခွက် + ခုံး ဆိုရင် အချင်းချင်းချေဖျက်သွားကြတယ်။

ဒါပေမယ့် ခုလိုဖြစ်ဖို့ဆို လှိုင်း ၂ခုလိုမှာပေါ့။
Electron Source ကတစ်ကြိမ်မှာ Electron တစ်လုံးပဲထုတ်ပေးနိုင်တယ်ဆိုတော့ ခုလို ပေါင်းသွားဖို့၊ ချေဖျက်ကြဖို့ နောက်လှိုင်း ၁ခုလိုနေတယ်။ အဲ့ဒီလှိုင်းဘယ်ကနေလာလဲ။

အဲ့ဒီတော့ Electron က တစ်ချိန်တည်းနဲ့ နေရာတကာမှာရှိနေနိုင်လို့ ဒီလိုတွေဖြစ်လာတာဆိုပြီး ယူဆလိုက်ကြတယ်။ Superposition လို့ခေါ်တယ်။
(မြင်အောင်ပြောရရင် လူတစ်ယောက် တစ်ချိန်တည်းနဲ့ နေရာများစွာမှာရှိနေနိုင်တာမျိုးပါ၊ ဒါဟာ Physically Impossible ဖြစ်ပေမယ့် ကျွန်တော်တို့ပြောနေတာ Sub-atomic Particles ဖြစ်တဲ့အတွက်ကြောင့် ရုပ်လောကရဲ့ကန့်သတ်ချက်တွေ သူတို့မှာမရှိပါဘူး)

အဲ့တော့ တစ်ချိန်တည်းနေရာတကာရှိနေတဲ့ Electron ကိုမြင်ချင်တော့ ဘယ်လိုထပ်စမ်းကြလဲဆို ကတ်ထူပြားမှာ Detector နောက်တစ်ခု တပ်လိုက်တယ်။ ဒါကို The Act of Measurement လို့ခေါ်တယ် (အလွယ်ပြောရရင် တိုင်းတာကြည့်လိုက်တယ်ပေါ့)
Physically Impossible Phenomenon ကိုမြင်လိုက်ရမယ်လို့ထင်ပါသလား။

စောင့်ကြည့်ခံရတဲ့ Electron က အမှုန်လိုပဲတုံ့ပြန်တော့တယ်။ ဒါကို Wave Function Collapse (လှိုင်းသဘာဝပျက်သွားတယ်) လို့ခေါ်ကြတယ်။
တစ်ချိန်တည်းနဲ့ နေရာတကာမှာရှိနေတယ်ဆိုတာမျိုးမဟုတ်တော့ဘူး။
ဘယ်လိုသိသလဲဆိုရင် ကတ်ထူပြားနောက်က Detector မှာ မျဉ်း ၂ကြောင်းပဲပေါ်တော့တယ်။

အဲ့ဒါနဲ့ Electron ကိုစောင့်ကြည့်နေတဲ့ Detector ကိုဖယ် (ပိတ်) လိုက်ပြီး ပြန်စမ်းသပ်ကြည့်တဲ့အခါ မျဉ်းတွေအများကြီး တွေ့ရပြန်တယ်။
Electron က စောင့်ကြည့်ခံရတာကိုသိပြီး မျက်လှည့်ပြနေသလိုပဲ။

ဒါကို Observer Effect လို့ခေါ်ကြတယ်။
စောင့်ကြည့်လေ့လာခြင်းက လှိုင်းသဘာဝကိုပျက်သွားစေတယ်။
လွယ်လွယ်ပြောရရင် တိုင်းတာလိုက်ပြီဆိုကတည်းက ကတ်ထူပြားပေါ်က Detector ရဲ့အလင်းက Electron ကိုသွားထိနေပြီဆိုတော့ သူ့ရဲ့နဂိုရှိတဲ့သဘာဝအတိုင်းမပြုမူတော့ဘဲ ပြောင်းသွားတဲ့သဘောပါ။
(အိမ်မှာတစ်ယောက်တည်းရှိချိန်နေထိုင်ပုံနဲ့ ဧည့်သည်လာတဲ့အချိန်နေထိုင်ပုံကို မြင်လွယ်အောင်ပြောနိုင်ပါတယ်)
အရင်က Observer Effect လို့ပြောကြရင် “လူ” (Conscious mind) လိုတယ်လို့အထင်မှားခဲ့ကြတယ်။ ဒါကြောင့် သိစိတ်က ဖြစ်ရပ်မှန် (Reality) တွေကို လွှမ်းမိုးနိုင်တယ်လို့ လွှဲမှားယူဆခဲ့ကြတယ်။

(စာတော်တော်ရှည်ပြီမို့ Part 2 မှာဆက်ဖတ်ပေးပါ)

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started