“လိင်အင်္ဂါကျုံ့ဝင်သွားသောရောဂါဆန်း (သို့) Koro syndrome”

[သတိပေးချက်။ ။ အောက်ပါအကြောင်းရာများသည် လိင်ပိုင်းဆိုင်ရာနှင့်ပတ်သက်သော အသုံးနှုန်းများ အကြောင်းရာများ (adult contents & sensitive issues) ပါဝင်မည်ဖြစ်ရာ
အသက်မပြည့်သေးသူများနှင့် စိတ်နှလုံးအားနည်းမတည်ငြိမ်သူများ မဖတ်ရူသင့်ပါ။
ဖတ်ရူလိုသူများကို အသိပေးလိုသည်မှာ ဤအကြောင်းရာများကို ဆေးပညာနှင့် စိတ်ရောဂါရူထောင့်မှ ရေးသားထားခြင်းဖြစ်ရာ မျိုးဆက်ပွားကျန်းမာရေးဗဟုသုတအဖြစ်သာ တွေးမြင်ဖတ်ရူပေးစေလိုပါသည်။ ]

ကျနော်တို့လူသားများကို မိမိတို့နေထိုင်ရာပတ်ဝန်းကျင်ရဲ့ ယဥ်ကျေးမှုဓလေ့ထုံးတမ်းများ၊ ရိုးရာ အစဥ်အလာများ ၊ ဆိုရိုးစကား ယုံတမ်းပုံပြင်များက အနည်းနှင့်အများဆိုသလို လွှမ်းမိုးထားလေ့ရှိပါတယ်။

ဒီလို ပတ်ဝန်းကျင် ရိုးရာအဆိုအမိန့်တွေရဲ့ လွှမ်းမိုးမှုကြောင့် အချို့သော ကျန်းမာရေးပြဿနာများ ၊ အယူအဆလွဲများ မကြာခဏကြုံတွေ့ရတတ်ပါတယ်။

ကျနော်တို့ ငယ်ငယ်က ရောဂါဆန်းတမျိုးကို အရပ်ထဲမှာ တိုးတိုးတိတ်တိတ်ပြောကြတာ ကြားဖူးကြမှာပါ။

အဲ့ရောဂါကတော့ လိင်အင်္ဂါကျုံ့ဝင်ခြင်းရောဂါ (သို့)
အရပ်အခေါ်အရ တိုနာရောဂါ ပဲဖြစ်ပါတယ်။

အရပ်စကားအရ ဒီရောဂါကို ခံစားရသူများဟာ အမျိုးသားများဖြစ်ပြီး သူတို့ရဲ့ လိင်တံဟာ ကိုယ်ခန္ဓာထဲကို ကျုံ့ဝင်သွားပြီး တိုသထက်တိုလာပါတယ်တဲ့။

သူတို့စိတ်ထဲမှာ လိင်တံဟာ အဆုံးထိကျုံ့ဝင်သွားပြီး ပျောက်သွားတဲ့အခါ အသက်သေသွားတတ်တယ်လို့ယုံကြည်ကြပါသတဲ့။

ဒီလိုမဖြစ်ရအောင် လိင်အင်္ဂါဝင်မသွားရအောင် ကြိုးနဲ့ချည်ဆွဲထားကြတတ်ပြီး တချို့ကလဲ လက်နဲ့အမြဲဆွဲထားတတ်ကြပါတယ်။

ဒီလိုကြားရတော့ ရယ်ချင်စရာလိုလို နှာခေါင်းရှုံ့ချင်စရာလိုလိုထင်ရပေမယ့် ရောဂါခံစားနေရသူအဖို့မှာတော့ အမှန်တကယ်ကို အမြဲကြောက်လန့်ပြီး စိုးထိတ်နေတတ်ပါတယ်။ သနားစရာလဲကောင်းလှပါတယ်။

ဒီရောဂါကို ဆေးပညာမှာ Koro syndrome လို့ခေါ်ပြီး culture-bound syndrome (ရိုးရာဓလေ့အစွဲကြောင့်ဖြစ်သော စိတ်ရောဂါလက္ခဏာစု) ထဲတွင် ပါဝင်ပါတယ်။

Koro ဆိုတဲ့စကားလုံးကတော့ မလေးလူမျိုးစကားမှဆင်းသက်လာပြီး လိပ်၏ဦးခေါင်း လို့အဓိပ္ပာယ်ရပါတယ်။ လိင်အင်္ဂါတိုဝင်သွားပုံနဲ့ လိပ်ခေါင်း လိပ်ခွံအတွင်းဝင်သွားပုံဆင်တူသဖြင့် အခုလိုနာမည်ပေးရခြင်းဖြစ်ပါတယ်။

ဒီရောဂါက စိတ်ရောဂါတမျိုးဖြစ်ပြီး ဆရာဝန်ကစမ်းသပ်စစ်ဆေးတဲ့အခါမှာတော့ အမှန်တကယ်တိုဝင်သွားခြင်း ၊ အတိုအရှည်ပြောင်းလဲသွားခြင်းမရှိတာကိုတွေ့ရပါတယ်။

Koro syndrome က အာရှတိုက်မှာ တွေ့ရများပြီး အထူးသဖြင့် အရှေ့တောင်အာရှနဲ့ တရုတ်မှာတွေ့ရတတ်ပါတယ်။

အနောက်နိုင်ငံများမှာလဲ အလားတူရောဂါမျိုးကိုတွေ့ရတတ်ပြီး အာဖရိကလူမျိုးများတွင်လဲ ကြုံတွေ့ရကြောင်း ဆိုကြသည်။

ဒီရောဂါဖြစ်ရတဲ့အကြောင်းရင်းကိုရှာကြတဲ့အခါ ယုံတမ်းစကားများကိုအယုံလွန်၍ စိတ်ကြောင့် အဓိကဖြစ်ပေါ်လာရတာကိုတွေ့ရပါတယ်။

အထူးသဖြင့် ကျေးလက်တောရွာအစွန်အဖျားများတွင်နေထိုင်၍ လိင်မှုဆိုင်ရာကျန်းမာရေး ဗဟုသုတအားနည်းကြသူများ ၊ အယုံလွယ်၍ ကြောက်တတ်သူများ တွင်အဖြစ်များကြပါတယ်။

အရှေ့တိုင်းသားများရဲ့ အယူအဆကတော့ လိင်အင်္ဂါက သူ့အလိုလိုတချက်တချက်တိုဝင်သွားတတ်ပြီး အထဲလုံးဝဝင်သွားတဲ့အခါ ထိုသူမှာ သေဆုံးမည်ဟုယူဆကြသည်။

ဤသို့ဖြစ်လာရခြင်းမှာ တကိုယ်ရေအာသာဖြေခြင်း ၊ ညဖက်အိပ်ရာထဲ သုတ်လွှတ်ခြင်း ၊ ဆီးထဲတွင် သုတ်ကဲ့သို့ အဖြူရောင်အရည်များပါသွားခြင်း စသည်တို့ကြောင့် သုတ်ရည်ခမ်းပြီး သုတ်ဓာတ်လိင်စိတ်အားနည်းလာ၍ ဖြစ်သည်ဟု လွဲမှားစွာ ယူဆကြသည်။

အရှေ့တိုင်းရှေးဟောင်းတိုင်းရင်းဆေးပညာတွင် သုတ်ရည် (semen) သည် သက်စောင့်ရည် ၅ မျိုး (Vital Fluid) တွင်ပါဝင်ပြီး အဆိုပါသုတ်ရည်ကို အာသာဖြေခြင်း၊ ဆီးထဲတွင်ပါလာခြင်းတို့ဖြင့် မဖြုန်းတီးရကြောင်း ၊ သုတ်အားနည်းလာခြင်းသည် အာရုံကြောအားနည်းစေပြီး လိင်အင်္ဂါကြွက်သားများ အားကုန်ကာ ကျုံ့ဝင်သွားခြင်း ဖြစ်သည်ဟု အယူရှိကြသည်။

ဤသို့ ယူဆကြသဖြင့် ဒီရောဂါကို အရပ်ထဲကြိတ်ကုကြတဲ့အခါ သုတ်ဓာတ် လိင်အားပြန်လည်ပွားများစေရန် တိရစ္ဆာန်အထီးများ၏ လိင်အင်္ဂါများကို ပြန်လည်စားသုံးပေးလျှင် ပျောက်ကင်းမည်ဟု ယူဆကြသည်။ နွားထီး ၊ ကျားထီး ၊ သမင်ထီး ၊ ပင်လယ်ဖျံတို့ရဲ့ လိင်အင်္ဂါများ ကိုဆေးဝါးအဖြစ်သုံးကြသလို သမင်ချို ၊ ပရဆေးဝါး များကိုလဲ သုံးစွဲတတ်ကြပါတယ်။

အချို့ကာလသားများရဲ့အဆိုအရ အမျိုးသမီးအင်္ဂါစပ်အမွှေးကို မီးရှို့၍ မီးခိုးငွေ့ကိုရှူပေးလျှင် သက်သာသည်ဟူသော ကြံကြံဖန်ဖန် ကုထုံးအလွဲများလည်းရှိသေးသည်။

တရုတ်ရှေးဟောင်းအယူတခုမှာ ရပ်ရွာထဲတွင် မြေခွေး မိစ္ဆာဝင်ရောက်လာတဲ့အခါ အမျိုးသားများတွင် တိုနာရောဂါဖြစ်တတ်သည်ဟု ယူဆကြသဖြင့်
မိစ္ဆာကိုခြောက်လှန့်အသံပေးမောင်းထုတ်တဲ့ နည်းများကိုလဲ သုံးကြောင်းသိရပါတယ်။

အနောက်တိုင်း အယူဆကတော့ စုန်းပြုစားသည့်အတွက် လိင်အင်္ဂါများတိုဝင်သွားရခြင်းဖြစ်ပြီး စုန်းမများက ကျားအင်္ဂါများကို ငှက်အသိုက် သို့ စုန်းအသိုက်များတွင် ဖွက်ထားတတ်သည်ဟု ယူဆကြပြန်သည်။

ထို့အတွက် စုန်းနှိမ်နင်းရေး အောက်လမ်းအထက်လမ်းနည်းများကိုသာ သုံးကြပြီး အရှေ့တိုင်းကဲ့သို့ တိရစ္ဆာန်လိင်အင်္ဂါများစားသုံးခြင်းအလေ့မရှိကြောင်းတွေ့ရသည်။

ဆေးပညာနှင့် စိတ်ရောဂါဗေဒ အရ သီးသန့်ကုသမှုမရှိဘဲ ရောဂါခံစားနေရသူ စိတ်သက်သာအောင် Panic attack ပြေပျောက်အောင် စကားပြောနှစ်သိမ့်ခြင်း ၊ အကြံပေးခြင်း ၊ ရောဂါအစစ်မဟုတ်ကြောင်း နားဝင်အောင်ရှင်းပြကာ လိင်အင်္ဂါကို စနစ်တကျစစ်ဆေးကာ အတည်ပြုပေးခြင်း၊ စသည့်စိတ်ကိုကုသောနည်းများဖြင့်သာ ကုသပေး၍ရပါသည်။

ဆေးပညာရှင်များ သတိထားရန်မှာ အခြားသော differential diagnosis များဖြစ်သည့်

Hypospadias
Epispadias
Peyronie’s syndrome
Buried penis due to obesity စတဲ့
တကယ့်ရောဂါများကိုလဲ မှတ်သားရှာဖွေပြီး မရှိတော့မှ စိတ်ရောဂါဖြစ်သည့် Koro syndrome ဟုယူဆသင့်ပါတယ်။

Buried penis ဟုခေါ်သော အဝလွန်၍ ဆီးခုံနေရာအဆီပိုများစုသော ရောဂါကို အောက်တွင်ပြသထားပါတယ်။ ခွဲစိတ်ကုသပြီး အဆီများကိုဖယ်ရှားလို့ရပါတယ်။

ယခုခေတ်မှာတော့ Koro syndrome ခေါ် တိုနာရောဂါက တွေ့ရနည်းသွားပြီဖြစ်သော်လည်း
1967 ခုနှစ်က စင်ကာပူတွင် ဝက်တုပ်ကွေးကာကွယ်ဆေးထိုးထားသော ဝက်သားကိုစားမိပြီး လိင်အင်္ဂါတိုဝင်သွားသည်ဟုထင်ကာ ဆေးရုံလာတက်ကြသူ များစွာရှိခဲ့ပါသေးတယ်။ Massive Hysteria ပုံစံ ကပ်ရောဂါကဲ့သို့ဖြစ်ခဲ့တာပါ။

အလားတူ ထိုင်းနဲ့ မလေးရှားမှာလဲ ထူးဆန်းသောအစာများစားမိပြီး ဖြစ်ကြသူများလဲရှိကြပါတယ်။

အမျိုးသားများတွင်သာမက အမျိုးသမီးများမှာလဲလိင်အင်္ဂါများ ကျုံ့ဝင်ခြင်း ၊ Nipple များချိုင့်ဝင်ခြင်း များကိုလဲ Koro syndrome ကဲ့သို့ ယူဆခဲ့ကြပါတယ်။

ဆေးပညာအရ အမျိုးသမီးများ နို့သီးခေါင်းကျုံ့ဝင်သွားသည်ကို သတိထားမိပါက ရင်သားကင်ဆာဖြစ်နိုင်ချေရှိသဖြင့် နီးစပ်ရာဆေးရုံသို့ သွားပြကြဖို့ သတိပေးပါရစေ။

ဒီလောက်ဆို အတော်လေးပြည့်စုံရှည်လျားသွားပါပြီ။

စိတ်သည်ဆန်းကြယ်၏ ။ အင်အားကြီးမား၏ ။
စိတ်ကြောင့်ဖြစ်သောရောဂါများကလဲ ဆန်းကြယ်လှပါပေသည်။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started