ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 5)

(အောက်ပါအကြောင်းအရာများတွင် ယောကျာ်းနှင့်မိန်းမအသုံးသည် Husband & Wife သဘောမျိုးမဟုတ်ဘဲ Male & Female သဘောကိုသာဆောင်ပါသည်။
ယေဘုယျသဘောများကိုသာ ဖော်ပြခြင်းဖြစ်သဖြင့် အဖြူအမည်းသဲကွဲသလိုဖြစ်နေသော်လည်း Grey area များများစွာရှိကြောင်း သတိပြုစေချင်ပါသည်။ အတိအကျမယူစေလိုပါ။ ဗဟုသုတအတွက်သာ ဖတ်ပါ။)

ယောကျာ်းနဲ့မိန်းမ အချင်းချင်းစကားတွေပြောနေကြပေမယ့် သေချာနားမလည်ကြဘူး။
ပြောတဲ့စကားလုံးချင်းတူနေရင်တောင် ယူဆပုံခြင်းမတူတော့ အဓိပ္ပါယ်ပါကွဲလွဲလာတယ်။
ဒါကြောင့်ပဲ ယောကျာ်းတွေက နားမထောင်ကြဘူး၊ မိန်းမတွေက နားလည်ရခက်တယ်ဆိုပြီး ဖြစ်လာကြတယ်။

ယောကျာ်းတို့စကားပြောခြင်းသည် အကြောင်းအရာနှင့် သတင်းအချက်အလက် ဖလှယ်ရန်ဖြစ်သည်။
အားကစား၊ နိုင်ငံရေး၊ ဘာသာရေးစသဖြင့် မိမိစိတ်ဝင်စားသောအကြောင်းအရာများကို အချက်အလက်တစ်ခုအနေနဲ့ ပြောဆိုကြတာများသည်။
ယုတ်စွအဆုံး မိမိစိတ်ဝင်စားသောကောင်မလေးတစ်ယောက်အကြောင်း အချင်းချင်းတိုင်ပင်ကြရင်တောင် သတင်းအချက်အလက်တစ်ခုအဖြစ်သာ ပြောဆိုတတ်ကြသည်။
ခံစားချက်များကို ဝေမျှလေ့မရှိကြ။

အချင်းချင်းပြောဆိုသောစကားများတွင် မိမိတို့ခံစားချက်များကို အဓိကထားသော မိန်းမတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သည်။
ယောကျာ်းနှင့်မိန်းမစကားပြောဆိုသောအခါ Facts & Information များကိုသာဖလှယ်လေ့ရှိသော ယောကျာ်းက ခံစားချက်များကိုအဓိကထားသော မိန်းမပြောသမျှကို တိုက်ရိုက်ဘာသာပြန်လေ့ရှိသည်။
ဥပမာ ဘယ်သူကမှ သူပြောတာကိုနားမထောင်ပေးကြဘူးလို့ မိန်းမကပြောတယ်ဆိုပါတော့။
ယောကျာ်းအနေနဲ့ မိန်းမရဲ့စကားကို တိုက်ရိုက်ဘာသာပြန်လိုက်သည်။
နားထောင်ပေးနေတာပဲလေဆိုပြီး သတင်းအချက်အလက်ပေးတဲ့ပုံစံ ပြန်ပြောလိုက်ရုံနဲ့ ပြဿနာက မပြီးသွားပါ။
မိန်းမက မကျေနပ်သေးတော့ ဘယ်သူကမှ နားမထောင်ပေးကြဘူးဆိုပြီး ထပ်ပြောမည်။
ယောကျာ်းစိတ်ထဲ ဒါဟာသက်သက်မဲ့အပြစ်ရှာနေတာပဲဆိုပြီး စိတ်ညစ်သွားတတ်ကြသည်။
အမှန်တကယ် မိန်းမလိုချင်တာက သူပြောတာကို Supportive ဖြစ်ပြီး နားထောင်စေချင်တာပါ။
ယောကျာ်းဘက်က စိတ်ပါလက်ပါနဲ့နားထောင်ပေးရင် ပြေလည်သွားနိုင်သည်။

ထို့အတူ ယောကျာ်းက ရုတ်တရက်စကားမပြောတော့ခြင်းကို မိန်းမတို့နားမလည်ကြပါ။
မြုံစိစိနဲ့ ဘာမှမေးမရဘူးဆိုပြီး ပြောတတ်ကြသည်။
ယောကျာ်းတို့စိတ်အလုပ်လုပ်ပုံကိုသိလျှင် နားလည်နိုင်မည်ထင်သည်။
အမေးရှိလျှင် အဖြေရှိတယ်ဆိုကြပေမယ့် ယောကျာ်းတို့သည် အချက်အလက်မစုံလင်ဘဲနဲ့ ဆုံးဖြတ်ချက်မချတတ်ကြပါ။ ထို့ကြောင့် မေးခွန်းတိုင်းကို ချက်ချင်းပြန်ဖြေချင်မှဖြေလိမ့်မည်။
ထည့်သွင်းစဉ်းစားရမယ့် အချက်အလက်တွေများနေလျှင် သေချာအချိန်ယူပြီး ဆုံးဖြတ်တဲ့အတွက် အချိန်တစ်ခုကြာတတ်သည်။

စိတ်ညစ်လျှင် မိန်းမအချင်းချင်း ရင်ဖွင့်တိုင်ပင်သလိုမျိုး ယောကျာ်းကိုလည်း စကားပြောလာအောင်၊ ရင်ဖွင့်လာအောင် အတင်းမတိုက်တွန်းသင့်ပါ
ဤနည်းအားဖြင့် မိန်းမသည် ဂရုစိုက်ကြောင်းပြသခြင်းဖြစ်သော်လည်း ယောကျာ်းအတွက် စိတ်ပိုမိုရှုတ်ထွေးသွားစေတတ်သည်။
နားလည်သင့်သည်က ယောကျာ်းတို့နှုတ်စိတ်နေခြင်းသည် ဘာပြောရမှန်းမသိသေးလို့ စဉ်းစားနေတယ် ဆိုတာလည်းဖြစ်နေနိုင်သည်။

အဆင်ပြေရဲ့လား ဆိုတဲ့အမေးကို ယောကျာ်းတို့က အဆင်ပြေတယ်လို့ဖြေခြင်းသည် မိန်းမတို့တွေးသလို မိမိကိုမယုံကြည်သဖြင့်၊ စကားမပြောလိုသဖြင့် ပြီးစလွယ်ပြောခြင်းဖြစ်သည်ဆိုတာ မဟုတ်ပါ။
တစ်ယောက်တည်း ဒီပြဿနာကို ဖြေရှင်းနိုင်တဲ့အတွက် အဆင်ပြေတယ်လို့ ယောကျာ်းကပြောလိုခြင်းဖြစ်တယ်။
ပြဿနာရှိနေခြင်း၊ မရှိနေခြင်းကို ဖုံးကွယ်နေတာမဟုတ်ပါ။

(Part 6 ဆက်ပါဦးမယ်)

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started