စိတ်ဆိုတာ ဘာလဲ။
စိတ်ဆိုတာ မြန်မာစကား မဟုတ်ရပါဘူး။ ပါဠိဘာသာက လာပြီး မြန်မာလိုဆိုရင် အတွေး+ခံစားချက် ဖြစ်ပါတယ်။ ဒါရိုးရိုးလေး နားလည်အောင် ရှင်းလိုက်တာပါပဲ။
အပြစ်ဆိုတာကရော ?
အပြစ်ဆိုတာ အမှားပြုလုပ်ခြင်းကြောင့် ခံစားရတဲ့ ခံစားချက် (သို့) အမှားပြုလုပ်ထားခြင်း ပါပဲ။
ဒါဖြင့် အမှားဆိုတာကရော ဘာလဲ ?
အဲ့တာက တော်တော် ကျယ်ပြန့်ပါတယ်။ မမှန်ရင် မှားတာတော့လည်း မဟုတ်ပါဘူး။ အမှားဆိုတာ ကိုယ်စိတ်ထဲမှာ မတရားဘူး ထင်တာလားဆိုတော့လည်း ဟုတ်တော့လည်း ဟုတ်ပါတယ်။
Philosopher တစ်ယောက်က ပြောဖူးတယ်။ အကြောင်းအရာတစ်ခုကို လူတိုင်း နေရာတိုင်း အချိန်တိုင်း လုပ်လို့ရရင် အမှားမဟုတ်တော့ဘူးတဲ့။
ဥပမာ – ခိုးတယ် ဆိုပါစို့။ လူတိုင်းခိုးနေကြရင် ပိုင်ဆိုင်မှုဆိုတာ မရှိတော့ဘူး။ လူတိုင်းဟာလည်း စိုးရွံထိတ်လန့်မှုနဲ့ နေနေရလို့ အဆင်မပြေပါဘူး။
နောက်တစ်ခုက လိမ်တာပါ။ လူတိုင်းလိမ်နေကြရင် အမှန်တရားဆိုတာ ပျောက်သွားပါတယ်။ လူတွေဟာလည်း သံသယနဲ့ နေရမှာဖြစ်လို့ အဆင်မပြေပါဘူး။
ဒါကြောင့် ခိုးတာ၊ လိမ်တာဟာ အမှန်တရား မဟုတ်ဘူး။ အပြစ်လို့ ပြောလို့ ရနေပါတယ်။ ဒီနေရာမှာ လူလိမ်ကို လိမ်တာ၊ သူခိုးဆီက ပြန်ခိုးတာတွေက အပြစ်လားဆိုတာ ကိုယ်ကျင့်တရား ဝိရောဓိတွေ ဖြစ်နေလို့ နောက်မှ ဆွေးနွေးပါမယ်။
အပြစ်ရှိစိတ်ဆိုတာက ဘာလဲ ?
အပြစ်ရှိစိတ်ဆိုတာ အနှုတ် လက္ခဏာဆောင်တဲ့ ကိစ္စတစ်ခုမှာ ကိုယ်ကြုံတွေ့သင့်တာကို ကိုယ့်အစား အခြားလူတစ်ယောက်က ကြုံတွေ့သွားပြီး အနှုတ်လက္ခဏာ ဆောင်သွားရင် ခံစားရတဲ့ ခံစားချက်ပဲ ဖြစ်ပါတယ်။
ဥပမာ ကိုယ်ဝယ်ထားတဲ့ ကားလက်မှတ်နဲ့ စီးမိတဲ့သူက accident ကြုံသွားတာမျိုး။
ကိုယ့်ကိုကျွေးတဲ့ မုန့်ကို တိရစ္ဆာန်တစ်ကောင်အား ကျွေးမိရာမှ သေဆုံးသွားတာမျိုး။
စသဖြင့် အပြစ်ရှိစိတ် ကြုံစေတဲ့ ကိစ္စတွေ အများကြီး ရှိပါတယ်။
ကိုယ်ဝယ်တော့မယ့် ထီလက်မှတ်ကို သူငယ်ချင်းက ဝယ်ထိုးလို့ ပေါက်သွားရင် အပြစ်ရှိစိတ် မခံစားရပါဘူး။ နှမြောစိတ် ဝမ်းနည်းစိတ်ပဲ ဖြစ်တာပါ။ ဒါကြောင့် အပြစ်ရှိစိတ်က Negative Sense ကို အခြေတည်ပါတယ်။
အပြစ်ရှိစိတ်ကို ကျော်လွှားပစ်လို့ရလား။
ရပါတယ်။ လုံးဝကို ရပါတယ်။ အဲ့အတွက် သင်က Self acceptance ရှိဖို့လိုပါတယ်။
ကိုယ့် အပြစ်ရှိစိတ်ဟာ ဘယ်ကိစ္စကို အခြေခံပြီး ဖြစ်လာတာလဲ တွေးပါ။
အဲ့ကိစ္စဟာ အပြစ်လားဆိုတာကိုလည်း တွေးပါ။
အပြစ်ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကိုယ်က အဲ့အချိန်မှာ အခြားတစ်ခုခု လုပ်နိုင်ခဲ့ရက်နဲ့ မလုပ်တာလား သေချာတွေးပါ။
လုပ်နိုင်ခဲ့တယ်ဆိုရင်လည်း ဘာကြောင့် မလုပ်မိတာလဲကို တွေးပါ။
လက်ခံပါ။
ရင်ဆိုင်ပါ။
အပြစ်ရှိစိတ်ဆိုတာ ကိုယ့်ဘာသာ ညှင်းဆဲတာနဲ့ တူပါတယ်။ ဖြစ်ပြီးတဲ့ကိစ္စကို ပြန်ပြင်လို့ မရတော့တာကို ရဲရဲဝံ့ဝံ့ လက်ခံရပါမယ်။
အတိတ်ကို ပြင်မရပေမယ့် လက်ရှိနဲ့ အနာဂတ်မှာတော့ အပြစ်ရှိစိတ် ထပ်ပေါ်မလာအောင် ကြိုးစားလို့ရပါတယ်။
အဲ့အတွက် အကြံပေးချင်တာက…
အမြဲတမ်း ၂မျိုးစဥ်းစားပါ။
ဒီလိုလုပ်ရင် နောင်တစ်ချိန်မှာ ဒီလိုဖြစ်မလာရင် အပြစ်ရှိစိတ် ခံစားရနိုင်လား အမြဲမေးပါ။
ခံစားရနိုင်ရင် မလုပ်တာ (သို့) အခြားတစ်မျိုးကို ပြောင်းလုပ်ပါ။
အပြစ်ရှိစိတ်ဟာ လူတိုင်းမှာ ကြုံတွေ့ရနိုင်ပါတယ်။
ဒီစာမှာပါတာတွေက ဟာကွက်တွေ ရှိကောင်း ရှိနိုင်ပါတယ်။
တကယ်တော့ အပြစ်ရှိစိတ်ဆိုတာ ကိုယ့်ဆီမှာပဲ မွေးဖွားလာတာမို့လို့ (self) အခြားကိုယ်မဟုတ်တဲ့သူ (Non-self) တွေကို အပြစ်တင်ခြင်း ဆဲဆိုခြင်း အံ့သြနေခြင်းဖြင့် ကိုယ်က လွတ်မြောက်မှာ မဟုတ်ပါဘူး။
အတိတ်(အပြစ်ရှိစိတ်)ကနေ ရုန်းထွက်ပြီး ကိုယ်နိုင်သလောက် လုပ်ပေးတဲ့(အနာဂတ်)အရာမှာ ကိုယ့်စိတ် (အတွေးနဲ့ ခံစားချက်)ကို မြှုပ်နှံထားလိုက်ပါ။
အပြစ်ရှိစိတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးချင်ရင် Science Nuts Page ကို ဖိတ်ခေါ်ပါတယ်။
အပြစ်ရှိစိတ်မှ ကင်းဝေးရင်း လွတ်မြောက်လူသား (Free Man) ဖြစ်လာကြပါစေ။
Lucifer
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။
