ဘဝမှာ မငြင်းခုန်ဘူးတဲ့သူမရှိလောက်ပါဘူး။
ငြင်းကြခုန်ကြရင်း ရန်ဖြစ်တဲ့အဆင့်ထိ ရောက်ကုန်ကြတာလည်း မြင်ဖူးကြမှာပါ။
လူတွေမှာ ကိုယ်ပိုင်အမြင်တွေ၊ အတွေးတွေ၊ ခံစားချက်တွေနဲ့ဆိုတော့ အချင်းချင်းတန်းညှိဖို့၊ ကိုယ်မြင်သလို သူလည်းမြင်ဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။
ဒါပေမယ့် ကျွန်တော်တို့တွေ ဆက်ပြီးငြင်းခုန်နေကြဆဲပါ။
ငြင်းခုန်တဲ့အခါ ဘာတွေနဲ့ ကိုင်ပေါက်ကြသလဲ။
Data တွေနဲ့ပဲကိုင်ပေါက်ငြင်းခုန်ကြတာ များပါတယ်။ စကားရည်လုပွဲတွေကြည့်ရင် သိနိုင်ပါတယ်။
ဘယ်သူက ဘယ်တုန်းက ဘယ်လိုပြောခဲ့လို့၊ ဘယ် Research မှာတော့ ဘယ်လိုရေးထားလို့ဆိုပြီး မိမိရဲ့အမြင်ဟာခိုင်မာကြောင်း၊ တစ်ဖက်လူရဲ့အမြင်ဟာ မှားကြောင်း ငြင်းခုန်ကြတယ်။

ဆိုတော့… ကိုယ့်ရဲ့အမြင်ဟာ တကယ်ခိုင်မာတာဟုတ်ရဲ့လား။
Data တွေအရမ်းပေါများလာတဲ့ခေတ်ကြီးမှာ သိချင်တာကို Google လိုက်ရုံနဲ့ရနေပြီဆိုတော့ ကိုယ့်ရဲ့အမြင်ကို ထောက်ခံပေးတဲ့ အရေးအသားတွေကိုပဲ ဖတ်မိနေတာရောမဖြစ်နိုင်ဘူးလား။
ဥပမာပြရရင် Flat Earthers (ကမ္ဘာပြားတယ်ထင်သူများ) တွေကိုကြည့်ပါ။
သူတို့ကို ကမ္ဘာကလုံးပါတယ်လို့ Convince လုပ်နိုင်တဲ့သူမရှိသေးပါ။
ဒီလောက် Information တွေ တောင်လိုပုံနေတဲ့ခေတ်ကြီးမှာ ဒီကောင်တွေ အ လိုက်တာ၊ ဉာဏ်နည်းလိုက်တာလို့ မတွေးခင် Search Engine တွေရဲ့အလုပ်လုပ်ပုံကို သိသင့်ပါတယ်။

အလွယ်ဆုံးနည်းနဲ့ ပြောရရင် Search Engine တွေက ကိုယ်လိုချင်တာနဲ့ အကိုက်ညီဆုံးရှာပေးနိုင်အောင် Algorithm ဆွဲထားတာပါ။
ဘာတွေကို ထည့်စဉ်းစားလဲဆိုရင် ကိုယ့်ရဲ့ လိပ်စာ (Location) ၊ အရင်က ဘာတွေရှာဖူးလဲ (Past Search History) ၊ ဘာတွေကို ဝင်ကြည့်တတ်သလဲဆိုတာထိ အသေးစိတ်မှတ်တမ်းတင်ထားလေ့ရှိပါတယ်။
ကိုယ်လိုချင်တာကို ရအောင်ရှာပေးနိုင်တယ်။
ဒီအတွက်ကြောင့် ကိုယ်ယုံကြည်တာကိုလည်း ပိုပြီးယုံကြည်လာစေတယ်။

၁၉ ရာစု၊ ၂၀ ရာစုတွေမှာ Flat Earthers ဆိုပြီးမရှိခဲ့ဘဲ ခု ၂၁ ရာစုရောက်မှ ပေါ်လာတာဟာ Internet ရဲ့ကျေးဇူးပါ။
အမြင်တူတဲ့သူတွေ စုသွားကြတဲ့အချိန်မှာ သူတို့အမြင်ဟာမှန်တယ်ဆိုတာ ပိုပြီးခိုင်မာသွားကြတာပေါ့။
Internet မရှိခင်က အချိန်ကို ပြန်မြင်ကြည့်လိုက်ပါ။
တစ်ရပ်ကွက်လုံးက ကမ္ဘာကြီးလုံးတယ်လို့ယူဆလည်း တို့တစ်မိသားစုလုံးကတော့ Flat Earthers တွေပဲဟေ့လို့ ကြွေးကြော်ရဲတဲ့သူ တော်တော်ရှားမှာပါ။

ခုခေတ်မှာတော့ Internet ပေါ်ကိုယ်ရေးချင်တာတက်ရေးလို့ရနေပြီဆိုတော့ တစ်ရပ်ကွက်လုံးနဲ့တစ်ယောက်ဖြစ်နေတဲ့ လူတန်းစားတွေလည်း အချင်းချင်းပေါင်းမိကုန်ကြပါတယ်။
ဒီလိုနဲ့ Internet ပေါ်မှာ သူတို့ရပ်ကွက်သီးသန့်တစ်ခု ဖြစ်သွားတာပေါ့။
အဲ့ဒီလူတွေကို Data တွေ၊ စမ်းသပ်ချက်တွေနဲ့ သွားပြီးနားချလည်း လက်မခံနိုင်ကြဘူး။
ဒါကို “Confirmation Bias” လို့ခေါ်တယ်။
လူတိုင်း ဒါနဲ့ပြေးမလွတ်ကြဘူး။ တစ်နည်းနည်းနဲ့တော့ ကိုယ်ယုံကြည်ရာကို ဆက်ပြီးယုံကြည်လိုကြတယ်။
Flat Earthers တွေကတော့ ဒါရဲ့ Extreme Example တစ်ခုပေါ့။
မြင်လွယ်အောင် ဥပမာပေးရရင် ကျွန်တော်တို့အားလုံးနီးပါး ၇၂နာရီဂျင်းမိခဲ့ကြတာကို သတိရကြပါ။
၇၂ နာရီစောင့်ဖို့ တစ်ယောက်ပြီး တစ်ယောက် Facebook မှာ တင်နေတာမြင်လာရတော့ ၇၂ နာရီစောင့်သင့်တဲ့ရပ်ကွက်က လူတော်တော်များပါလားဆိုတာ ဖြစ်လာတယ်။
အဲ့တော့ စောင့်သင့်တယ်ဆိုပြီး တထစ်ချယုံလိုက်ကြတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ Facebook Page ကနေ ဦးဝင်းတင်ရဲ့ခပ်သော့သောလက်ရေးနဲ့ သူ့ရဲ့အာဘော် စာတစ်ဆောင်ထွက်လာတော့လည်း အတုကြီးလို့ ဝိုင်းပြောကြတယ်။ (ကျွန်တော်အပါအဝင်)
ဒါဟာ ကိုယ့်ရဲ့ယူဆချက်ကို Support လုပ်တဲ့အထောက်အထားတိတိကျကျတောင် မရှိဘဲနဲ့ လူတွေယုံတာများလို့ လိုက်ယုံမိကြတဲ့ သင်ခန်းစာတစ်ခုပေါ့။

အဲ့ဒီအချိန်မှာ လမ်းပေါ်ထွက်ဖို့ပြောတဲ့လူတွေလည်း ရှိခဲ့တာပဲ။ သူတို့ကို ဘာလို့မယုံကြည်ခဲ့ကြတာလဲ။
လူတွေက ကိုယ်ယုံကြည်ရာကို ဆက်ပြီးယုံချင်ကြတာအပြင် ကိုယ့်အမြင်ရဲ့ ဆန့်ကျင်ဘက်အမြင်တွေကို လျစ်လျူရှုလိုကြတယ်။ တိုက်ခိုက်လိုကြတယ်။
ဒါတွေကို စမ်းသပ်မှုပေါင်းစုံနဲ့ အတည်ပြုပြီးပါပြီ။ (စမ်းသပ်တာတွေက စိတ်ဝင်စားစရာကောင်းပေမယ့် စာအရမ်းရှည်မှာဆိုးလို့ ထည့်မရေးတော့ပါဘူး)
ဒီလိုဆိုရင် Data တွေကို ကိုင်ပြီး ငြင်းခုန်ကြတဲ့လူတွေ၊ အထောက်အထားရှိမှယုံမယ်ဆိုတဲ့လူတွေက မိဘကပြောလို့ယုံတယ်၊ ဆရာကပြောလို့ယုံတယ်၊ ဘုရားဟောလို့ယုံတယ်ဆိုတဲ့ လူတွေထက် ပိုပြီးတွေးခေါ်တတ်ကြတယ်လို့ပြောနိုင်တာပေါ့။
ဒါဆို ဒီလူတွေက ပိုပြီးကြောင်းကျိုးဆီလျော်အောင်တွေးတတ်ကြတယ် (Rational ဖြစ်တယ်) လို့ထင်စရာရှိတာပေါ့။

တကယ့်လက်တွေ့မှာတော့ ဒီလိုလူတွေဟာ သူတို့ယုံကြည်တဲ့အကြောင်းအရာနဲ့ ဆန့်ကျင်တဲ့အထောက်အထားတစ်ခုကိုမြင်ရင် အဲ့အထောက်အထားရဲ့အပြစ်ကို မရရအောင်ရှာပြီး သူတို့ယုံကြည်ရာကိုသာ ဆက်ပြီးယုံကြည်ကြပါတယ်။
ဒါကို Boomerang Effect လို့ခေါ်တယ်။
ဒါဆိုရင် ဘယ်အရာကမှ မသေချာတဲ့အတွက် ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး Strong Opinion ထားသင့်လားဆိုတာ မေးရမယ့်ကိစ္စဖြစ်သွားပြီ။
ဒါကိုမပြောခင် ကျွန်တော်တို့ရဲ့ယုံကြည်မှုတွေ ဘယ်လိုဖြစ်လာလဲဆိုတာ အကျဉ်းလေးပြောပြချင်ပါတယ်။
ယုံကြည်မှုအသစ်တစ်ခုဖြစ်လာဖို့ အကြောင်း ၄ခု လိုပါတယ်။
ယုံကြည်မှုအဟောင်းတစ်ခု၊ အဲ့ဒီယုံကြည်မှုပေါ်မှာရှိတဲ့ ကိုယ့်ရဲ့ Confidence၊ အထောက်အထားအသစ်နဲ့ အဲ့ဒီအထောက်အထားပေါ်မှာရှိတဲ့ ကိုယ့်ရဲ့ Confidence ပါ။
မြင်အောင်ပြောရရင် ကလေးက ကောင်းကင်မှာ Unicorn လေးတစ်ကောင်ပျံနေတာတွေ့ခဲ့တယ်လို့ အမေကိုပြောတယ်ဆိုပါတော့။ အမေအနေနဲ့ Unicorn ဆိုတာ လောကကြီးမှာတကယ်မရှိဘူးလို့ ယုံကြည်ထားတယ်၊ ပြီးတော့ ကလေးအပေါ်မှာလည်း ယုံကြည်မှုမရှိဘူးဆိုတော့ ဘယ်ယုံလိမ့်မလဲ။

ပြောင်းပြန်စဉ်းစားကြည့်ရအောင်။ အမေက ကလေးကို ကောင်းကင်မှာ Unicorn လေးပျံနေတာ တွေ့ခဲ့တယ်ပြောရင်ရော…
Unicorn ဆိုတာ ဘာလဲသေချာမသိသေးတဲ့အပြင် မိဘပြောသမျှကို ယုံကြည်တဲ့အရွယ်ဖြစ်နေတယ်ဆိုတော့ ကလေးက ယုံမှာပေါ့။
ဒီလိုနဲ့ ယုံကြည်မှုတွေမွေးဖွားလာကြတာပဲ။
ဒီလိုဆို ဘာကိုယုံပြီး၊ ဘာကိုမယုံရမှာလဲ။ ကိုယ့်ကိုယ်ကိုတောင် သေချာမယုံရတော့ဘူးလားဆို့ မေးစရာရှိလာပါတယ်။
Bottom Line အနေနဲ့ကပြောရရင်တော့ ကိုယ်ယုံကြည်တာဟာ ယေဘုယျအားဖြင့် မှန်ကန်တာများလို့ ဆက်လက်ဆုပ်ကိုင်ထားသင့်တယ်လို့ ဆိုကြတယ်။
ဒါဆို လူတွေကို သူတို့မှားနေတယ်လို့သွားပြောရင် ဘယ်နားထောင်တော့မလဲလို့ စောဒဂတက်စရာရှိပါတယ်။
ယုံကြည်ရာကိုဆက်ပြီးယုံချင်တဲ့သူတွေ ကိုယ့်အမြင်ကို လက်ခံလာအောင် ဘယ်လိုပြောကြမလဲ။

လူတွေရဲ့ဦးနှောက်ဟာ သူတို့အမြင်နဲ့ဆန့်ကျင်ဘက် အယူအဆတစ်ခုကို တွေ့လိုက်ရရင် တုံဏှိဘာဝေ လုပ်တတ်ကြတယ်။ အမြင်တူရင်တော့ ပိုပြီးလက်ခံလိုတယ်။
ဒီအချက်ကို အသုံးချပြီး ကိုယ့်အမြင်ကို စိတ်ဝင်တစားနဲ့ နားထောင်လာအောင် ပြောလို့ရတယ်။

တစ်ဖက်လူက သူ့အမြင်ကိုပြောနေတဲ့အချိန်မှာ မဟုတ်ကြောင်း၊ မမှန်ကြောင်းထိပ်တိုက်ပြောမယ့်အစား သူ့အမြင်ထဲက ကိုယ်နဲ့အမြင်တူတဲ့အချက်တွေကို အရင်ရှာပြီး ပြောဆိုသင့်တယ်။
ဘုံသဘောတူတဲ့အချက်နဲ့ စကားဝိုင်းကို စတင်ခြင်းက ကိုယ်ပြောမယ့်အကြောင်းအရာကို ပိုနားဝင်စေတယ်။
(နားဝင်တယ်ပဲပြောတာပါ၊ အမြင်ပြောင်းသွားပြီး လက်ခံလာဖို့ကတော့ တော်တော်ခက်ခဲပါတယ်)
ဒါကြောင့် နောက်တစ်ခါ Facebook က ပွဲတွေမှာဖျာခင်းရုံမဟုတ်ဘဲ ကိုယ်တိုင်ဝင်ပါတော့မယ်ဆိုရင် ကိုယ့်ရဲ့အမြင်ကိုနင်းပြောပြီး သူများအမြင်ကိုလစ်လျူရှုတာမျိုးထက် ပြဿနာတိုင်းမှာ အမြဲတမ်း အမြင်နှစ်ခုထက်မက ရှိနေတယ်ဆိုတာ သတိရပေးပါ။
စာကတော်တော်ကြီးကို ရှည်နေပြီမို့ ရပ်ပါပြီ။
Thanks for reading.
SAGAN
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။




