အရူးဟန်ဆောင်သူများနှင့် ဟန်ဆောင်ထားသောအရူးများကို စမ်းသပ်မှု Experiment

(ဤစာတွင် စိတ်ပေါ့သွပ်သူ စိတ်ဝေဒနာရှင်များကို စော်ကားလို၍ အရူးဟုသုံးနှုန်းခြင်းမဟုတ်ဘဲ ဖတ်ရူရရှင်းလင်းပြီး စကားလုံးမဖောင်းပွစေလိုသောကြောင့်သာဖြစ်ပါသည်။ အသုံးနှုန်းရိုင်းပျမှုအတွက် သည်းခံနားလည်ပေးစေလိုပါသည်။)

သင်က လူကောင်းတယောက်လား။ ဒါမှမဟုတ် ရူးနေသူလား။

ဘယ်သူဆိုရင်တော့ အရူး ၊ ဘယ်သူဆိုရင်တော့ အရူးမဟုတ်ဘူးဆိုတာ တကယ်ရော ဂဃနဏကွဲပြားရဲ့လား။

လူကောင်းတွေကရော အရူးနဲ့မတူနေဘူးလား။
အရူးတွေကရော လူကောင်းတွေလို ပြုမူတာတွေ့ဖူးကြမှာပါ။

ဒါဆို စိတ်မနှံ့ခြင်း ၊ ရူးသွပ်ခြင်း (Insanity) နဲ့
စိတ်ကျန်းမာခြင်း (Sanity) ကို ဆရာဝန်တွေ စိတ်ရောဂါကုဆေးပညာရှင်တွေ တကယ်ရောကွဲကွဲပြားပြား ခွဲခြားနိုင်ရဲ့လား။

၁၉၇၃ ခုနစ်မှာ Stanford University ရဲ့ Professor David Rosenhan က စမ်းသပ်မှုတခုပြုလုပ်ခဲ့ပါတယ်။

သူသိချင်တာက တခုပဲရှိပါတယ်။

အရူးတယောက်နဲ့ လူကောင်းတယောက်ကို စိတ်ရောဂါကုဆရာဝန်တွေ ခွဲခြားနိုင်ရဲ့လားတဲ့။

ဆရာဝန်တွေကမှ မခွဲခြားပေးနိုင်ရင် ရူးခြင်း မရူးခြင်းက ဘယ်လိုလို့ ကွဲပြားပါတော့မလဲတဲ့။

သူသိချင်တဲ့အရာကို စမ်းသပ်ဖို့အတွက် Rosenhan က volunteer 8 ယောက်ကိုရှာပါတယ်။
အဲလူတွေထဲမှာ

စိတ်ပညာရှင် ၃ ဦး
စိတ်ရောဂါကုဆရာဝန် ၁ ဦး
ကလေးရောဂါကုဆရာဝန် ၁ ဦး
အိမ်ထောင်ရှင်မ ၁ ဦး
ပန်းချီဆရာ ၁ ဦး
စိတ်ပညာအထူးပြုဘွဲ့ရ ကျောင်းသား ၁ ဦး ပါဝင်ပါတယ်။

စုစုပေါင်း ကျား ၅ယောက်နဲ့ မ ၃ယောက်ဖြစ်ပါတယ်။

အဲ့ volunteer 8 ယောက်ကို ပြည်နယ်အမျိုးမျိုးမှာရှိတဲ့ စိတ်ရောဂါကုဆေးရုံ ၁၂ရုံကို random လွှတ်လိုက်ပါတယ်။

ဆေးရုံတွေမှာရောက်တဲ့အခါ စိတ်ဝေဒနာရှင်တွေခံစားရတတ်တဲ့ လက္ခဏာတွေကို လိမ်လည်ပြောကြားခိုင်းပါတယ်။
ဥပမာ ထူးဆန်းတဲ့အသံတွေကြားနေရတယ်။ ထူးဆန်းတာတွေမြင်နေရတယ် စသဖြင့်ပေါ့။

ဆေးရုံတွေက လူနာကိုဆေးကုဖို့လက်ခံလိုက်ပြီဆိုတာနဲ့ ဆေးရုံတက်ကြရပါတယ်။
ဆေးရုံတက်နေစဥ်ကာလတလျှောက်မှာတော့
သူတို့က အရူးလို မဟန်ဆောင်တော့ဘဲ ပုံမှန်အတိုင်းသာနေပါတယ်တဲ့။
ဘာမှမခံစားရတော့ဘူး လို့ပြောပြီး ဘာမှမဖြစ်တော့တဲ့ပုံစံအတိုင်းနေပါတယ်တဲ့။

Rosenhan က အဲ့ ၈ယောက်ကို experiment အကြောင်းပြောတာကလွဲပြီး ကျန်တာအကုန်ပြောပြလို့ရကြောင်း ၊ မရူးတော့ဘူးဆိုတာ ပြောပြီး ဆေးရုံကဆင်းလို့ရအောင် ကိုယ့်ဘာသာကြိုးစားကြည့်ဖို့ပဲမှာထားပါတယ်။

အဲ့လူနာအတု ၈ ယောက်က ဆေးရုံတက်နေတဲ့ကာလမှာ သူတို့ကြုံရသမျှတွေကို မှတ်သားထားရပါတယ်။

Rosenhan က ကျောင်းသားအသစ်တယောက်ကိုရွေးပြီး ဆေးရုံဝန်ထမ်းတွေ ၊ ဆရာဝန်တွေကိုလဲ လူနာတွေနဲ့ပတ်သက်တဲ့ မေးခွန်းများမေးခိုင်းကာ
လူနာအတုတွေဆီက အတွေ့အကြုံတွေနဲ့ compare လုပ်ကြည့်ခဲ့ပါတယ်။

လူနာအတုတွေအနေနဲ့ ဆေးရုံမှာပျမ်းမျှ ၁၉ ရက်လောက်နေခဲ့ရပြီး တချို့ကလဲ တပတ်ခန့် ၊ တချို့ကတော့ ဆေးရုံမှာ ၅၂ ရက်အထိကြာခဲ့ပါတယ်။

လူနာအတု ၈ယောက်ထဲမှာ ၇ ယောက်ကို ဆေးရုံက Schizophrenia (စိတ်ကစဥ့်ကလျားရောဂါ)ရှိတယ်လို့ သတ်မှတ်ခဲ့ပြီး ဆေးကုပေးခဲ့တယ်။
သူတို့က ဆေးရုံကပေးတဲ့ ဆေးတွေကို သောက်ဟန်ဆောင်ပြီး လွှင့်ပစ်ခဲ့ကြတယ်။

ဆေးရုံကဆင်းတဲ့အခါမှာလဲ ဝေဒနာတွေသက်သာသွားပြီလို့ ဆေးရုံကအမှန်တကယ်ယုံကြည်ပြီးပေးဆင်းခဲ့ပါတယ်။

လူနာအတုတွေက အိမ်ပြန်ရောက်တဲ့အခါ သူတို့က ဆေးရုံတွေရဲ့ အဆင်မပြေမှုတွေ၊ နေထိုင်ရေးအခက်အခဲတွေကို ပြန်ပြောခဲ့ကြပါတယ်။

ဆရာဝန်အချို့နဲ့ Nurse အချို့ကို interview ကြည့်တဲ့အခါ အရူးအတုတွေကို တကယ်ပဲ အရူးလူနာလို့ထင်ကြကြောင်းဖြေကြပါတယ်။

ဒီစမ်းသပ်မှုကြီးကို အများသိအောင်ချပြတဲ့အခါ အတော်လေး ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး စိတ်ရောဂါကိုရှာဖွေတဲ့အခါနေရာမှာ လိုအပ်ချက်များစွာရှိခဲ့ကြောင်းထောက်ပြနိုင်ခဲ့ပါတယ်။

လူနာအတုတွေရဲ့ ဟန်ဆောင်မှုက ပထမတရက်၂ရက်မှာပဲရှိခဲ့ပြီး လူကောင်းလိုဆက်လက်နေထိုင်ခဲ့ပေမယ့် ဘယ်သူမှ မရိပ်မိခဲ့ကြပါဘူး။

စမ်းသပ်မှုရဲ့ result တွေအရ လူကောင်းနဲ့အရူးဟာ အတော်လေးဆင်တူပြီး ခွဲခြားရခက်သလို

သာမန်လူတွေရဲ့ အပြုအမူ ၊ ခံစားချက်တွေက စိတ်ရောဂါဆေးရုံအပြင်မှာတော့ လူကောင်းလို့ဖြစ်နေပေမယ့် စိတ်ရောဂါဆေးရုံထဲရောက်သွားတဲ့အခါမှာတော့ စိတ်ဝေဒနာလက္ခဏာလို့ အထင်ခံရနိုင်ပါတယ်။

Rosenhan က ဒုတိယအကြိမ် ထပ်စမ်းသပ်ပြန်ပါသတဲ့။

ဒီတခါတော့ အဆိုပါဆေးရုံတွေကို လူနာအတုတွေထပ်လာမယ်လို့ သတင်းလွှင့်ပြီး ဒီတခါကျ တကယ့်လူနာများ (အရူးများ) ကိုလွှတ်လိုက်ပါတော့တယ်။

လူနာအစစ် ၁၉၃ ယောက်ကိုလွှတ်ခဲ့ပြီး ဆေးရုံက ဆရာဝန်နဲ့ ဝန်ထမ်းအချို့ကို လူနာအစစ်အတုခွဲခိုင်းတဲ့အခါ

လူနာအစစ် ၄၁ ယောက်ကို အတုလို့ ဆေးရုံဝန်ထမ်းကထင်ခဲ့ပြီး
လူနာအစစ် ၂၃ ယောက်ကို အတုလို့ စိတ်ရောဂါဆရာဝန်တယောက်ကထင်ခဲ့ပြန်ပါတယ်။
လူနာအစစ် ၁၉ ယောက်ကိုမူ ဆရာဝန်ရော ဆေးရုံဝန်ထမ်းရောက အတုလို့ထင်ခဲ့ကြောင်း သိရပြန်ပါတယ်။

Rosenhan ရဲ့ ပထမစမ်းသပ်ချက်မှာ Insanity (စိတ်ရူးသွပ်ခြင်း) ကိုသိဖို့ လိုအပ်ချက်များကိုထောက်ပြနိုင်ခဲ့ပြီး
ဒုတိယစမ်းသပ်ချက်မှာတော့ Sanity (စိတ်ကျန်းမာခြင်း) ကိုလဲ ခွဲခြားသိဖို့ လိုကြောင်းဖော်ပြနိုင်ခဲ့ပါတယ်။

ဒီလို စမ်းသပ်မှုကြောင့် စိတ်ရောဂါရှာဖွေရေးမှာ ပိုမိုတိုးတက်လာခဲ့ပြီး လိုအပ်ချက်များကို ဖြည့်စွက်နိုင်ခဲ့ပါတယ်။

အချို့က Rosenhan ရဲ့စမ်းသပ်ချက်က ဆေးရုံတွေကို လိမ်လည်ပြီး လူနာအတုလုပ်လို့ Ethics နဲ့မညီဘူးလို့ဆိုကြပေမယ့် စိတ်ရောဂါပညာရပ်အတွက် ဆရာဝန်တွေ ပညာရှင်တွေရဲ့အတွေးအမြင်ကို ပြောင်းလဲပေးနိုင်ခဲ့ကြောင်း တင်ပြရင်း…….။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started