(Part 1,2,3,4 ဖတ်ပြီးမှ ယခု Part 5ကိုဖတ်သင့်ပါသည်။)
ဒီတခါမှာတော့ Personality disorder ထဲက Cluster B အုပ်စုအကြောင်းဆက်လက်ပြောပြသွားပါမယ်။
Cluster B က စိတ်ခံစားချက်ပြင်းသူ “Wild” typeဖြစ်ပြီး drama ဆန်ဆန် အပြောင်းလဲမြန်ပြီး ခန့်မှန်းရခက်သူတွေဖြစ်သူတွေဖြစ်ပါတယ်။
ဆေးလိပ်အရက် မူးယစ်ဆေးဝါးတို့ကို တလွဲသုံးနိုင်ချေမြင့်မားပြီး mood disorder များနဲ့လဲ တခါတရံ တွဲနေတတ်ပါတယ်။
ပါဝင်တဲ့ အမျိုးအစားများကတော့
- Antisocial personality disorder
- Borderline personality disorder
- Histrionic personality disorder
- Narcissistic personality disorder တို့ဖြစ်ပါတယ်။
Antisocial personality disorder ကတော့
အကြမ်းဖက်သမားဆန်သူများဖြစ်ပါတယ်။
ပတ်ဝန်းကျင်တွေ လောကဝတ်တွေလဲ ဂရုမစိုက်ဘဲ
Aggressive ဖြစ်သူ ကိုယ်နူတ်အမူရာကြမ်းတမ်းသူဖြစ်ပါတယ်။
သူများတွေအပေါ် ညှင်းပန်းနှိပ်စက်ရတာ မတရားရိုက်နှက်ပြီး ပစ္စည်းတွေလုယူရတာသဘောကျတတ်ပါတယ်။ စာနာစိတ်သနားစိတ် လုံးဝမရှိဘဲ နောင်တမရစတမ်း အကြမ်းဖက်ပြစ်မှုများကျူးလွန်တတ်ပါတယ်။
ဒီဝေဒနာရှင်များက ယောကျာ်းလေးတွေမှာတွေ့ရများပြီး အသက် ၁၈ ကျော်မှ ဒီ disorder ကိုသတ်မှတ်ပါတယ်။
အသက် ၁၈အောက် ကလေးဘဝမှာ ဒီလိုလက္ခဏာတွေရှိနေရင် Antisocial လို့မခေါ်ဘဲ Conduct disorder လို့ခေါ်ပါတယ်။
ကလေးဘဝမှာ အိမ်ကပစ္စည်းတွေကိုမီးရှို့ပစ်တာ၊ တိရစ္ဆာန်လေးကိုဖမ်းပြီး နှိပ်စက်သတ်ဖြတ်တာ၊ အိမ်ကပစ္စည်းတွေခိုးတာမျိုးတွေ လုပ်တဲ့ကလေးတွေကို conduct disorder ရှိတယ်လို့ဆိုကြပြီး အသက်ကြီးလာပါက antisocial personality disorder သမားများဖြစ်လာတတ်ကြပါတယ်။
~~~~~~~~~~
နောက်တမျိုးကတော့ Borderline personality disorder ပါ။
သူကတော့ မိန်းကလေးတွေမှာ တွေ့ရပိုများပြီး
စိတ်ခံစားချက် မတည်ငြိမ်ဘဲ အမျိုးမျိုးပြောင်းလဲနေတတ်ပါတယ်။
စိတ်ထဲမှာ လစ်ဟာနေတဲ့ခံစားချက်ကြောင့် (Feeling of emptiness) မိမိကိုယ်ကို ဘာခံစားနေရလဲဆိုတ မသဲကွဲတတ်ပါ။
ချစ်သူရည်းစား မိသားစုအသိုင်းအဝိုင်းက ပစ်ထားခဲ့မှာ အကြောက်လွန်ပြီး
Intense and unstable relationship မျိုးတွေဖြစ်နေတတ်ပါတယ်။
စိတ်ခံစားချက်ကိုမထိန်းနိုင်ဘဲ ဒေါသထွက်လွယ်ပြီး စေ့ဆော်မှုတခုပေါ်လာတာနဲ့ ကောက်ကာငင်ကာလုပ်မိရက်သားဖြစ်သွားတတ်ပါတယ်။
တခုခုကိုလုပ်ချင်လာပြီဆို တားမရဆီးမရ ဘာမှကိုမတွေးတော့ဘဲ လုပ်လိုက်ရမှကျေနပ်သွားတာမျိုးပါ။
လောကကြီးကို အစွန်း ၂ဖက်ပဲမြင်တတ်ပြီး ကောင်းတဲ့ထင်ရင်လဲ အရမ်းချီးကျူးအရမ်းကောင်းတယ်တွေးပြီး မကြိုက်တဲ့အရာဆို အရမ်းဆိုး အရမ်းမုန်းတတ်ပါတယ်။
သူတို့ဆီမှာ အဆိုးရောအကောင်းရောဒွန်တွဲနေတဲ့သာမန်ပုထုဇဥ်ပုံစံကို မမြင်ဘဲ ကောင်းလွန်း ဆိုးလွန်း အစွန်း၂ဖက်ပဲ ထင်မြင်ကြပါတယ်။ (Splitting defense mechanism)
ဥပမာ – borderline personality ရှိတဲ့ teenager ကောင်မလေးက သူ့ကောင်လေးဆို နတ်သားလေးလို အလွန် perfect ဖြစ်တယ်တွေးပြီး သူ့ကောင်လေးသာတလောကဆုံးမှာ အကောင်းဆုံးလို့ထင်နေတာမျိုး ၊ အိမ်နဲ့ရန်ဖြစ်ထားတဲ့အခါ တမိသားစုလုံး ငရဲလို ဆိုးရွားလိုက်တာလို့ အဆိုးတွေချည်းပဲမြင်နေတော့တာမျိုးပါ။
(ဒီနေရာမှာ သာမန်လူတွေလဲ အခုလိုတွေးကောင်းတွေးနိုင်ပေမယ့် ပုံမှန်လူတယောက်သာဆို “တကယ်တော့ သူလဲကောင်းတာဆိုးတာလေးတွေတွဲနေတာပဲလေ” လို့ ပြန်တွေးလို့ရကြစမြဲပါ။)
စိတ်တွေဂယောက်ဂယက်ဖြစ်လာတဲ့အခါ တခုခုကိုလုပ်ချင်လာတဲ့အခါ အန္တရာယ်ရှိလာပြီး မိမိကိုယ်ကို ဓားနဲ့လှီးတာ ၊ ဆေးတွေသောက်ပြီးလုပ်ကြံတာ ၊ သေကြောင်းကြံတာမျိုးတွေအထိဖြစ်လာတတ်ပါတယ်။
ဒီဝေဒနာရှင်များဟာ ငယ်ငယ်ကလျစ်လျူရူခံရတာ စိတ်ပိုင်းရုပ်ပိုင်းစော်ကားခံရတာတွေနဲ့ ဆက်နွယ်နေပါတယ်။
အချို့သော celebrities များဟာ borderline personality disorder ခံစားခဲ့ဖူးကြောင်းဝန်ခံချက်များကို ရှာဖွေဖတ်ရူနိုင်ပါတယ်။
Borderline personality disorder အတွက်လေ့လာသင့်တဲ့ Movie တွေကို အောက်ပါပုံမှာတွေ့နိုင်ပါတယ်။
~~~~~~~~~~
နောက်တမျိုးကတော့ Histrionic personality disorder ပါ။
သူကလဲ အမျိုးသမီးတွေမှာ အတွေ့ရများပြီး အမျိုးသားတွေမှာလဲ ရှိတတ်ပါတယ်။
Attention seeker သမားတွေဖြစ်ကြပြီး အများကအာရုံစိုက်တာသဘောကျကြသူများဖြစ်လို့ attention မရရအောင် အမျိုးစုံကြိုးစားနေထိုင်တတ်ပါတယ်။
Attention ရှာတဲ့အခါမှာ sexually ရော socially ရော ကြိုးစားတတ်ပြီး လျှပ်ပေါ်လော်လီဝတ်စားကာ မြူဆွယ်တတ်သော ရေလာမြောင်းပေးလုပ်တတ်သောအကျင့်များတွေ့ရပါတယ်။
အပျော်သဘော ခပ်ပေါ့ပေါ့ခံစားချက်တွေများပြီး အလေးအနက်မရှိဘဲ စကားပြောရင်လဲ အခြေမြစ်မရှိ အလွယ်လေး ပေါ့ပေါ့ဆဆပြောတတ်သလို
drama queen/king လေးများလို့ခေါ်ရလောက်အောင် တခုခုဆို ပုံကြီးချဲ့ပြီး မလိုတာရောလိုတာရော အပိုတွေပြောတတ်ပါတယ်။
အယုံလွယ်သူများ ချဥ်းကပ်ရလွယ်သူများလဲဖြစ်သလို
ပြဿနာတခုကြုံလာရင် ကလေးဆန်စွာပြုမူပြောဆိုတတ်ပါတယ်။
~~~~~~~~~~~
နောက်ဆုံးအနေနဲ့ Narcissistic personality disorder အကြောင်းပြောကြရအောင်။
သင့်ပတ်ဝန်းကျင်မှာ အရာရာ ငါသိငါတတ် ငါသာအတော်ဆုံးနဲ့ မာနထောင်လွှားနေတတ်သူတွေ၊ ဆရာကြီးလုပ်နေသူတွေ မြင်ဖူးကြမှာပါ။
အဲ့လိုလူတွေမှာ တွေ့ရတတ်တဲ့ အကျင့်စရိုက်တွေ လွန်ကဲလာရင် Narcissistic personality disorder ဖြစ်လာတာပါပဲ။
ငါနဲ့ငါသာနှိုင်းစရာ ငါ့လောက်တော်တာမရှိလို့တွေးနေတတ်ပြီး ၊ မောက်မာထောင်လွှားတတ်ပါတယ်။
သူများတွေကို နှိမ်တတ်ပြီး စာနာစိတ်မရှိဘဲ အပြစ်တင်ဝေဖန်တတ်တယ်။
သူတို့စိတ်ထဲမှာ မလုံခြုံတဲ့ အငုံ့စိတ်ရှိနေတာကို ဖုံးဖိရင်း ငါတော်တယ်ငါတော်တယ်လို့ တွေးရင်း သူများတွေကို အထင်သေးလာတာပါ။
ဒေါသလဲကြီး မာနလဲကြီးလို့ အလွယ်ဆုံးမြင်သာတဲ့ သာဓကကတော့ အမေရိကန်သမ္မတဟောင်း Donald Trump ပါပဲ။
ဒီလောက်ဆိုရင် စာလဲရှည်သွားပြီမို့
နောက်အပိုင်းတွေဆက်လက်စောင့်ဖတ်ပေးပါဦးဗျ။
Thanks for your time!
လင်းမူ
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။



