ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေတဲ့အချိန် ရှေ့တည့်တည့်မှာ ကွမ်းယာဆိုင်တစ်ဆိုင်တွေ့ရင် ဘာလုပ်မလဲ။ (ဒါ… လူတိုင်းကြုံနေကြကိစ္စ)
တည့်ဝင်တိုးပြီး ရန်ဖြစ်မလား၊ လမ်းပေါ်ကိုဆင်းရှောင်မလား။
ဒီစာကိုဖတ်နေနိုင်သေးတယ်ဆိုတော့ စာဖတ်သူဟာ လမ်းပေါ်ကိုဆင်းရှောင်တဲ့အဖွဲ့မှာပါမယ်လို့ထင်ပါတယ်။
ဒါပေမယ့် Particle တွေကတော့ တည့်ဝင်တိုးတဲ့အဖွဲ့ပါ။
တည့်ဝင်တိုးလိုက်လို့ ထိခိုက်မိကုန်ပြီး ပြဿနာတက်ကြပြီလို့တော့ မထင်ပါနဲ့။
သူတို့က တခါတလေမှာ ရုပ်ပိုင်းဆိုင်ရာအတားအဆီးတစ်ခုကို ဘာမှမဟုတ်သလိုပဲ ကျော်ဖြတ်သွားနိုင်စွမ်းရှိပါတယ်။
ဒါက Particle တွေရဲ့ လှိုင်းအဖြစ်တည်ရှိမှု (Wave Function) ပေါ်မှာ မူတည်ပါတယ်။
Quantum Mechanics မှာ ဖြစ်တန်စွမ်းတွေနဲ့အလုပ်လုပ်ကြတယ်ဆိုတာ ရှေ့အခန်းတွေမှာ ရေးခဲ့ပြီးပါပြီ။
အဲ့ဒီတော့ ရုပ်ပိုင်းဆိုင်ရာအတားအဆီးတစ်ခုရဲ့ အခြားတစ်ဖက်မှာ Particle ရှိနိုင်မယ့် ဖြစ်တန်စွမ်းဆိုတာလည်း ရှိပါတယ်။ (ဖြစ်တန်စွမ်း နည်းတော့နည်းတယ်၊ လုံးဝမရှိတာမဟုတ်ပါ)
မြင်အောင်ပြောရရင် Quantum Mechanics မှာ လူတစ်ယောက် လက်ရှိနေထိုင်တဲ့နေရာကနေ လ (Moon) ဆီကို ရုတ်တရက်ရောက်သွားနိုင်တဲ့ ဖြစ်တန်စွမ်းတောင် ရှိတယ်လို့ဆိုကြတယ်။ ဖြစ်တန်စွမ်းအရမ်းနည်းတယ်၊ ဒါပေမယ့် zero တော့မဟုတ်ပါ။

အတားအဆီးကိုဖြတ်ကျော်ပြီး အခြားတစ်ဖက်မှာ ရှိနိုင်သော ဖြစ်တန်စွမ်း (နည်းပေမယ့် Zero မဟုတ်)
ဒီလောက်တောင် ဖြစ်တန်စွမ်းနည်းနေမှတော့ Quantum Tunneling ကို တကယ့်လက်တွေ့ဘဝမှာရောတွေ့ရရဲ့လား၊ ဘာအသုံးကျလို့လဲဆိုပြီး မေးစရာရှိလာတာပေါ့။
သက်ရှိတွေဖြစ်လာဖို့ Quantum Tunneling ရဲ့ကျေးဇူးအများကြီးပါပါတယ်။
နေကနေ အလင်းရောင်ထွက်နေတာဟာ ဒီဖြစ်စဉ်ကြောင့်ပါ။
နေက ဘယ်လောက်တောင်ကြီးသလဲဆို ကမ္ဘာအလုံး ၁သန်းတိတိ နေလုံးထဲကိုထည့်နိုင်ပါတယ်။
အဲ့လောက်ကြီးနေလို့ နေကအစိုင်အခဲဖြစ်ရမယ်လို့မထင်ပါနဲ့။
နေဆိုတာ ဓာတ်ငွေ့လုံးကြီးပါ။ Hydrogen တွေအများဆုံးပါပါတယ်။
(၉တန်း ဓာတုဗေဒကို နည်းနည်းပြန်ပြောချင်ပါတယ်၊ Bear with me)
Hydrogen ion ဆိုတာ Proton ပါပဲ။ သူ့မှာ အပေါင်းဓာတ် (Positive Charge) ရှိတယ်။ အပေါင်းချင်းတွေ့ရင် တွန်းကန်ကြမှာပေါ့။
Hydrogen ၂ခုပေါင်းမှ Helium ဖြစ်မှာ၊ အဲ့လို့ဖြစ်သွားမှ Energy ရမှာဆိုတော့ Hydrogen တွေအချင်းချင်းပေါင်းဖို့လိုအပ်တယ်။
မပေါင်းချင်တဲ့သူတွေကို အတင်းပေါင်းအောင်လုပ်ဖို့အတွက် အပူအမြောက်အများလိုတယ်။ (Energy များများလိုတယ်ဆိုပါတော့)
နေက အဲ့ဒီလောက်အပူကိုမထုတ်နိုင်ဘူး။
(နေထက်ပူလောင်တဲ့ ကြယ်တွေ စကြဝဠာထဲမှာ ရှိပါသေးတယ်)
အဲ့ဒီတော့ တွန်းကန်မှုတွေကြုံလာတိုင်းသာ ကွေ့ရှောင်နေရရင် နေလုံးကြီး ကောင်းကင်မှာ လင်းနေနိုင်မှာတောင် မဟုတ်ပါဘူး။
Quantum Tunneling အရ Proton တွေက သူတို့ကို တွန်းကန်နေတဲ့အတားအဆီးကို ကျော်လွန်ဖြတ်သန်းပြီး တစ်ဖက်က Proton နဲ့သွားပေါင်းနိုင်လိုက်တယ်။
ဒီဖြစ်စဉ်ကို Nuclear Fusion လို့ခေါ်တယ်။
(Quantum Tunneling ကိုအသုံးပြုတာ ဒီတစ်ခုတည်းမဟုတ်ပါဘူး။ အခြားစိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်တွေရှိပါသေးတယ်)
အတားအဆီးတွေကို ထိုးဖောက်သွားတာကြောင့် လှိုင်ခေါင်းဖောက်တာနဲ့ခိုင်းနှိုင်းပြီး Tunneling လို့နာမည်ပေးထားတာဖြစ်တယ်။
Part 8 နဲ့ပဲ Quantum Mechanics ကိုအဆုံးသတ်ချင်ပါတယ်၊ ၈ ပိုင်းလုံးကို ဖတ်ပြီးရင်တော့ ဒီပညာရပ်ကို သူငယ်ချင်းအချင်းချင်း ပြန်ပြောနိုင်လောက်အောင် နားလည်သွားမယ်ထင်ပါတယ်။
Thanks for reading up to this point.
SAGAN
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။


