စာဖတ်သူတို့ ဘယ်လောက်မြန်မြန်ခရီးသွားဖူးပါသလဲ? တိုက်လေယာဉ်မှူးတွေနဲ့ အာကာသယာဉ်မှူးတွေကတော့ အရမ်းမြန်တဲ့အမြန်နှုန်းတွေနဲ့ ရင်းနှီးကြပါတယ်။
အသံထက်မြန်တဲ့အမြန်နှုန်း (Supersonic Speed) ကို မက်ခ်တန်ဖိုး (Mach) နဲ့ တိုင်းတာကြပါတယ်။
တိုက်လေယာဉ်တွေ ပျံသန်းတဲ့အခါ တစ်ခါတစ်လေ ဗုံးပေါက်သလို အသံအကျယ်ကြီးကိုကြားဖူးကြမှာပါ။ မကြားဖူးလဲစိတ်မပူပါနဲ့ ‘sonic boom‘ လို့ Youtube မှာရှာကြည့်လိုက်ပါ။ အဲ့ဒီအသံဟာ လေယာဉ်ရဲ့အမြန်နှုန်းက အသံအကန့်အသတ် (Sound barrier) ကို ကျော်သွားလို့ မြည်တဲ့အသံဖြစ်ပါတယ်။
လေယာဉ်တစ်စီး လေထဲမှာဖြတ်သွားတဲ့အခါ အရှေ့မှာရှိတဲ့ လေမော်လီကျူးတွေကို တွန်းသွားရပါတယ်။ ဒီလေယာဉ် ကနေထွက်လာတဲ့အသံကလဲ လှိုင်းပုံသဏ္ဍာန် ဘက်ပေါင်းစုံကိုဖြာထွက်နေပါတယ်။
လေယာဉ်ရဲ့အရှိန် မြန်လာတာနဲ့အမျှ အရှေ့က လေမော်လီကျူးတွေ အသံလှိုင်းတွေဟာ အဖိသိပ်ခံရပြီး လှိုင်းတစ်ခုနဲ့တစ်ခုကြားနေရာတွေသိပ်သည်းလာပါတယ်။ လေယာဉ်ဟာ အသံလှိုင်းရဲ့အမြန်နှုန်းကို ရောက်တဲ့အခါမှာ ဖိသိပ်ခံရတဲ့လှိုင်းတွေဟာ ပေါင်းသွားပြီး shock wave အကြီးကြီးတစ်ခုဖြစ်လာပါတော့တယ်။
အသံရဲ့အမြန်နှုန်းဟာ ယေဘူယျ တစ်နာရီကို ၇၆၇ မိုင် ဖြစ်ပါတယ်။ ဒီအမြန်နှုန်းကို မက်ခ် ၁ (Mach 1) လို့ သတ်မှတ်ပါတယ်။

ဩစတြီးယား ရူပဗေဒပညာရှင် Ernst Mach ကိုဂုဏ်ပြုထားတဲ့ Unit ပါ။ နာဆာရဲ့ X-43A Scramjet ဟာ 9.6 Mach (7000mph) အမြန်နှုန်းနဲ့ လက်ရှိဂင်းနစ်ကမ္ဘာ့စံချိန်တင်ထားပါတယ်။
Thanks for reading!
Django
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။
