ငါးပူတင်းအဆိပ်နဲ့ သေဟန်ဆောင်ကြသူများ

ငါးပူတင်းကို စာဖတ်သူ မြင်ဖူးမှာပါ။
Puffer fish လို့ခေါ်တဲ့ ငါးပူတင်းဟာ အသားစားငါးတမျိုးဖြစ်ပြီး အပူပိုင်းနဲ့ သမပိုင်းဇုန်တွေမှာရှိတဲ့ ရေငန်မှာအဓိကနေထိုင်ပြီး အချို့ကို ရေချိုမှာလဲတွေ့ရတတ်ပါတယ်။

ငါးပူတင်းက သွားလာတဲ့အခါနှေးကွေးတဲ့အတွက် အခြားသောငါးများ အသားစားတိရစ္ဆာန်များ အစားမခံရစေဖို့ အကာအကွယ်လက်နက်တွေပါဝင်ပါတယ်။

ပထမတခုက သူ့မှာရှိတဲ့ အစာအိမ်က extremely elastic ဖြစ်လို့ ရန်သူတွေရောက်လာတဲ့အခါ ရေတွေ(လေအနည်းငယ်) အများကြီးကိုမျိုချလိုက်ပြီး အစာအိမ်ကိုဖြည့်လိုက်ကာ ရုတ်တရက်ဖောင်းကားသွားပါတယ်။

တကိုယ်လုံးဖောင်းတင်းသွားတဲ့အခါ ရန်သူကတိုက်ခိုက်ရခက်သွားတဲ့အပြင် ကိုယ်ပေါ်မှာအစူးချွန်သေးသေးလေးတွေလဲပါလို့ ရန်သူအနားကပ်မရအောင် စွမ်းဆောင်နိုင်ပါတယ်။

အဲ့လိုလုပ်နိုင်တဲ့အပြင် သူ့မှာ အဆိပ်တမျိုးလဲရှိပါသေးတယ်။
အဲ့အဆိပ်ကို TTX (tetrodotoxin) လို့ခေါ်ပြီး ငါးပူတင်းရဲ့ အသည်း (liver) ၊ သားဥအိမ် (ovaries) တွေမှာ အများဆုံးရှိပြီး အူ (intestine) နဲ့ အရေခွံ (skin)ပေါ်မှာလဲရှိပါတယ်။

TTX ဆိုတဲ့အဆိပ်က အလွန်အဆိပ်ပြင်းပြီး လူသားတွေအတွက် Cyanide အဆိပ်ထက် အဆ 1000ကျော် ပိုပြင်းပါတယ်

ငါးပူတင်းတကောင်မှာပါတဲ့ အဆိပ်က လူကြီးအယောက်၃၀ကို သေစေနိုင်တဲ့အထိ လုံလောက်ပါတယ်။

ယခုအချိန်ထိ ငါးပူတင်းအဆိပ် TTX အတွက် ဖြေဆေးရယ်လို့လဲ မရှိသေးလို့ အဆိပ်မိပါက အသက်ဆုံးရှုံးကြရပါတယ်။

ငါးပူတင်းမျိုးစိတ်တိုင်းက အဆိပ်ရှိမရှိမတူကြသလို ပြင်းအားလဲမတူကြပါဘူး။

ငါးပူတင်း (Fugu) ကို စားသုံးတဲ့ဓလေ့ကို ဂျပန်နိုင်ငံမှာ အဓိကတွေ့ရပြီး ငါးပူတင်းအသားဟာ အလွန်နူးညံ့ကာ စားကောင်းလို့ စျေးလဲကြီးလှပါတယ်။

The Last Meal လို့တင်စားရအောင် ငါးပူတင်းဟင်းဟာ သင်နောက်ဆုံးစားလိုက်ရတဲ့ဟင်းလဲဖြစ်သွားနိုင်လို့ သေချာ train လုပ်ထားတဲ့ စားဖိုမှူးများသာ ငါးပူတင်းကို ကိုင်တွယ်ချက်ပြုတ်ခွင့် လိုင်စင်ရရှိပါတယ်။

အဆိပ်ဟာ အပူကြောင့်လဲမပျက်စီးတဲ့အတွက် ဟင်းချက်လိုက်ရင်တောင် အဆိပ်ကရှိနေဦးမှာပါ။

ငါးပူတင်းရဲ့အသည်းဟာ စားလို့အကောင်းဆုံးလို့ လူသိများသလို အဆိပ်အများဆုံးရှိတဲ့နေရာလဲဖြစ်လို့ စားသောက်ခွင့်ပိတ်ထားပေမယ့် လူတွေဆိုတာကလဲ အစားတလုတ်အတွက် risk ယူရတာဝါသနာပါကြတဲ့အခါ ငါးပူတင်းအသည်းကိုမရမက ရှာဖွေစားသောက်ကြည့်ရင်း အဆိပ်မိကာ သေဆုံးရသူလဲမနည်းလှပါဘူး။

ထူးခြားတဲ့အချက်က ငါးပူတင်းက အဲ့ TTX အဆိပ်ကိုထုတ်တာမဟုတ်ပါဘူး။
ငါးပူတင်းက ရေထဲက Bacteria အစုံနဲ့ Algae တွေကိုစားတတ်ပြီး သူစားလိုက်တဲ့ Bacteria တွေမှာအဲ့ အဆိပ်ပါနေတာပါ။

သူကိုယ်တိုင်ကတော့ အဲ့အဆိပ်ကို ယဥ်ပါးနေတဲ့အတွက်ဘာမှမဖြစ်ဘဲ အဆိပ်ပါတဲ့ Bacteria တွေနဲ့ ငါးပူတင်းဟာ အတူယှဥ်တွဲနေထိုင် (symbiosis) တတ်ပါတယ်။

ဒီအချက်ကြောင့် ဂျပန်ကတချို့နေရာတွေမှာ ငါးပူတင်းကို သီးသန့်မွေးမြူပြီး အဆိပ်ပါသော bacteria မပါအောင် သီးခြားအစာများကျွေး၍ မွေးကြည့်တဲ့အခါ အဆိပ်ကင်းမဲ့လာတာကိုတွေ့ရပါတယ်။

ဒါဆို ဒီTTX အဆိပ်ကဘယ်လိုအလုပ်လုပ်ပါသလဲ။

လူတွေရဲ့ ခန္ဓာကိုယ်မှာ sodium channel တွေအများကြီးရှိပြီး အာရုံခံတဲ့နေရာ (sensory function) မှာရော ကြွက်သားတွေလှုပ်ရှားဖို့ (motor function) မှာပါ အရေးကြီးပါတယ်။

Action potential လို့ခေါ်တဲ့ ဗို့အားဓာတ်များနဲ့ cell တခုနဲ့တခုဆက်သွယ်တဲ့အခါ sodium channel ရှိမှသာ action potential ကိုသယ်ဆောင်သွားနိုင်မှာပါ။

TTX အဆိပ်က voltage gated sodium channel ကိုပိတ်လိုက်တဲ့အတွက် cell တခုနဲ့တခုဆက်သွယ်လို့မရတော့ဘဲ အာရုံခံနိုင်စွမ်း (sensory) ကြွက်သားလှုပ်ရှားနိုင်စွမ်း (motor) တွေကျသွားပါတော့တယ်။

အဆိပ်မိပြီး နာရီဝက်ကနေ ၄နာရီအတွင်း လက္ခဏာတွေပြလာတတ်ပြီး အဆိပ်တွေအများပြားစားမိပါက မိနစ်ပိုင်းအတွင်း သေဆုံးနိုင်ပါတယ်။

လက္ခဏာများမှာ ဦးစွာ နူတ်ခမ်းနဲ့ လျှာတဝိုက် ထုံထိုင်းလာမယ်။ နောက်ပိုင်း ခြေလက်များပါ ထုံထိုင်းလာပြီး လေဖြတ်သွားသလို တကိုယ်လုံးလှုပ်မရဖြစ်လာမယ်။

အော့အန် ဝမ်းလျှောခြင်း ၊ ဗိုက်အောင့်ခြင်းတွေလဲရှိတတ်ပြီး

အဆိုးဆုံးက နှလုံးကြွက်သား ကောင်းကောင်းအလုပ်မလုပ်တော့ဘဲ နှလုံးခုန်နှုန်းတွေနှေးလာမယ်
(Bradycardia) သွေးပေါင်များကျလာမယ်(Hypotension)

နောက်ဆုံး အသက်ရှူကြွက်သားများပါ အလုပ်မလုပ်တော့ဘဲ အသက်မရှူနိုင်ဖြစ်ကာ လေပြတ်လပ်သေဆုံးရပါတယ်။ (Asphyxia)

ထူးခြားချက်က ဒီအဆိပ်က ဦးနှောက်ကိုမဖြတ်နိုင်လို့ သတိလက်လွတ်မဖြစ်ဘဲ လူကောင်းအတိုင်း သတိရှိနေပါတယ်။

အသိကရှိနေပေမယ့်
တကိုယ်လုံး ခံစားမှုလဲမရ လှုပ်လို့လဲမရတော့ အသက်လဲရှူရခက်ခက်လာပြီး ရှင်လျှက်နဲ့ သေသွားသလို ဖြစ်နေပါတော့တယ်။

ဖြေဆေးမရှိတဲ့ ဒီအဆိပ်ဟာ ဆေးရုံမှာအမြန်ဆုံး အသက်ရှူစက်တပ်ပြီး oxygen ပေး
စောင့်ကြည့်ကုသရပါတယ်။

ဒီအဆိပ်ဟာ Fake death သေဟန်ဆောင်တဲ့နေရာမှာသုံးကြတာကို Movie တချို့မှာတွေ့ရပါတယ်။

ဥပမာ – Captain America : The Winter Soldier ထဲမှာ ဇာတ်ကောင် Nick Fury ဟာ Tetrodotoxin B ဆိုတာကို သုံးပြီး သေဟန်ဆောင်ကာ Plot twist လုပ်ခဲ့ပါတယ်။

TTX အဆိပ်က နှလုံးကိုနှေးစေပြီး တမိနစ်မှာ အကြိမ်အနည်းငယ်သာခုန်တော့လို့ သေသွားသကဲ့သို့ ဖြစ်နိုင်တဲ့ အချက်ကိုသုံးကာ Movie တွေ Fiction တွေမှာ twist အနေနဲ့ သုံးတာကိုတွေ့ရပြီး

တကယ့်လက်တွေ့ဘဝမှာတော့ ဒါဟာတော်တော်လေးမဖြစ်နိုင်တဲ့အချက်ပါ။

TTX အဆိပ်က
ရှေးဟောင်းအောက်လမ်းအတတ်တွေဖြစ်တဲ့
Voodoo ပညာရပ်တွေ zombie (အသက်ရှင်လျက်နဲ့ သေသွားသလိုဖြစ်လို့) ဖြစ်အောင်ပြုစားတဲ့နေရာတွေမှာ သုံးတယ်လို့လဲ ယုံကြည်သူများရှိပြီး

ဆေးပညာရပ်မှာတော့ TTX အဆိပ်ကို တုပကာ အကိုက်ခဲပျောက်ရန် နာကျင်မှုကိုကုသရန် နဲ့ မေ့ဆေးထုံဆေးအတွက် လေ့လာနေဆဲဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ပြည့်စုံလောက်ပါပြီခင်ဗျ။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started