အမိန့်နာခံခြင်း (Part 1)

စာဖတ်သူကို ကိုယ်မလုပ်ချင်တာ အတင်းလာလုပ်ခိုင်းရင် နာခံမလား။
ဘာလို့နာခံရမှာလဲလို့ ပြန်ပြောမယ့်သူချည်းပါပဲ။
ခိုးဆိုးလုနှိုက်၊ သတ်ဖြတ်တာတွေကိုရော လုပ်မလားဆိုရင် ဝေလာဝေးလို့ ပြောကြမှာပါ။
ဒါပေမယ့် အမိန့်တစ်ခုပေးလိုက်တဲ့အခါမှာတော့ ဒါတွေကိုစိတ်ပါလက်ပါ လုပ်ကြပါတော့တယ်။
ဥပမာရှည်ရှည်ဝေးဝေးပေးနေစရာ မလိုဘူး၊ ဘယ်သူတွေလဲဆိုတာမြင်ကြမယ်ထင်ပါတယ်။
နောက်ဥပမာ တစ်ခုအနေနဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးတွေ သန်းပေါင်းများစွာကို သတ်ခဲ့တဲ့ နာဇီတွေကိုပြရမှာပါ။
ဒီလောက်ထိ ရက်ရက်စက်စက် သတ်နိုင်ဖို့ဆိုတာ လူတစ်ယောက်တည်း အမိန့်နာခံခြင်းထက် အဖွဲ့အစည်းတစ်ခုလုံးက အမိန့်နာခံမှပဲရမှာပါ။

အမိန့်နာခံမှုဆိုတာ မရှိခဲ့ရင် လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ဖြစ်တည်မှုကိုပါ ခြိမ်းခြောက်လာနိုင်တယ်လို့ အရင်ခေတ် အတွေးအခေါ်ပညာရှင်တွေက ဆိုခဲ့ကြတယ်။
ဘယ်လောက်ထိပြောခဲ့ကြလဲဆိုရင် အထက်က မကောင်းတာတစ်ခုခု လုပ်ခိုင်းရင်တောင်မှ အမိန့်ဖီဆန် အာခံခြင်းထက် ခိုင်းတာလုပ်လိုက်တာ ပိုကောင်းတယ်လို့ဆိုတယ်။
အဲ့ဒီအတွက် ဖြစ်လာတဲ့နောက်ဆက်တွဲအကျိုးဆက်တွေကို ပြုလုပ်သူမဟုတ်ဘဲ ခိုင်းတဲ့သူမှာပဲ တာဝန်ရှိတယ်လို့ Thomas Hobbes ကဆိုခဲ့တယ်။
(ဒီနေရာမှာပြောချင်တာက လူတွေ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်းပြုမူဖို့ နှောင့်နှေးနေခြင်းသည် နောက်ဆက်တွဲအကျိုးဆက်တွေကြောင့်ဖြစ်တယ်၊ ဒီအချက်ကို ဖယ်ပေးလိုက်တဲ့အခါမှာတော့ ခိုင်းတာလုပ်ဖို့ ဝန်မလေးကြတော့ပါ)

စမ်းသပ်မှုအသေးလေးတစ်ခုကို စပြောပြချင်ပါတယ်။ Milgram Experiment လို့ခေါ်ပါတယ်။

သင်ယူမှုအပေါ်မှာ အပြစ်ပေးခြင်းက ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲဆိုတာ စမ်းသပ်ဖို့ဖြစ်တယ်ဆိုပြီး Volunteer တွေကို ကြိုပြောထားတယ်။ (တကယ်တော့ လိမ်ထားတာပါ)

အဲ့ဒီမှာ ဆရာ (အပြစ်ပေးမယ့်သူ) နဲ့ကျောင်းသား (သင်ယူမယ့်သူ) ဆိုပြီးနှစ်ဖွဲ့ခွဲလိုက်တယ်။
သင်ယူမယ့်သူကို အခန်းတစ်ခန်းထဲထည့်၊ ခုံတစ်ခုံမှာထိုင်ခိုင်းပြီး လက်တွေကိုလှုပ်မရအောင် ချည်ထားလိုက်တယ်။ လက်ကောက်ဝတ်မှာလည်း လျှပ်စစ်ဓာတ်ပေးလို့ရတဲ့ Electrode တစ်ခုတပ်ထားလိုက်တယ်။
သူက စကားလုံးအတွဲတွေကို မှတ်ထားရမယ်။ မေးလိုက်လို့ မှားဖြေမိရင် ဓာတ်လိုက်အောင်လုပ်မယ်ဆိုပြီး ပြောပြထားတယ်။
(ဒါပေမယ့် သူက သရုပ်ဆောင်တစ်ယောက်ပါ၊ ဓာတ်လိုက်အောင်လည်း တကယ်မလုပ်ထားပါဘူး)

အဓိက စမ်းသပ်ချင်တာက Volunteer (အပြစ်ပေးမယ့်သူ) တွေကိုပါ။ သူတို့ကိုလည်း ရှော့ရိုက်တဲ့စက်ကြီးရှိတဲ့ အခန်းတစ်ခုထဲခေါ်ထားပြီး ဒိုင်ခွက်တစ်ခုကိုပြထားတယ်။ ဒိုင်ခွက်ပေါ်မှာ ဗို့အား (Voltage) တွေကို ရေးထားတယ်။ ဘယ်လောက်ဗို့အားဆို ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကိုလည်း စာရေးထားတယ်။
အပြစ်ပေးမယ့်သူလုပ်ရမှာက သင်ယူမယ့်သူ အဖြေမှားတာနဲ့ ရှော့ရိုက်တဲ့ခလုတ်ကို နှိပ်ဖို့ပါ။ တဖြည်းဖြည်းနဲ့ Voltage ကိုတိုးသွားရပါတယ်။ (အချင်းချင်း မမြင်ရပါ၊ အသံပဲကြားရပါတယ်)

သရုပ်ဆောင်က Shock ရိုက်ခံရတဲ့ Voltage တစ်ခုကိုရောက်လာရင် စပြီး ညီးညူပြပါတယ်။
အဲ့ဒီထက် Voltage တိုးလာရင် နာကြောင်း ထုတ်ပြောပါတယ်။
Voltage ထပ်များလာရင် သူစမ်းသပ်မှုမှာ မပါဝင်လိုတော့ကြောင်း ပြောပါတယ်။
နောက်ဆုံးမှာတော့ (285 Volts – သေစေနိုင်လောက်သော ပမာဏ) အော်ဟစ်တာကိုပဲ လုပ်ပါတော့တယ်။

အပြစ်ပေးတဲ့သူတွေက သင်ယူမယ့်သူစပြီး မအီမသာဖြစ်လာတာကို ကြားရတာနဲ့ ဆက်လုပ်ရမလား၊ မလုပ်ရဘူးလားဆိုပြီး စိတ်နှစ်ခွဖြစ်လာကြတယ်။
အဲ့ဒီအချိန်မှာ တတိယလူရဲ့ Role က အရေးပါလာတယ်။ (သူလည်း သရုပ်ဆောင်ပါပဲ)
သူက ညွှန်ကြားတဲ့သူအဖြစ်တာဝန်ယူပါတယ်။

သူက ဟိတ်ကြီးဟန်ကြီးနဲ့ လူရှိန်လောက်တဲ့ပုံစံမျိုးပြင်ဆင်ထားပါတယ်။ (ဥပမာ Uniform တစ်ခုခုဝတ်ထားတာမျိုး၊ မျက်မှန်တပ်ထားမျိုး၊ အရယ်အပြုံးမရှိ ကြောက်ရုပ်လို ပြုမူတာမျိုး)

သူက အပြစ်ပေးတဲ့လူနဲ့တစ်ခန်းတည်းမှာနေပြီး စမ်းသပ်မှုကို ဆက်လုပ်ဖို့ အမိန့်ပေးပါတယ်။
စမ်းသပ်ချင်တဲ့အချက်ကတော့ မလုပ်သင့်မှန်းသိတဲ့ကိစ္စတစ်ခုကို အထက်အမိန့်အရလုပ်မှာလား၊ အမိန့်ကိုဖီဆန်မှာလား သိချင်တာပါ။

အဖြေကတော့…
အစမ်းသပ်ခံတဲ့လူတွေ တော်တော်များများ (၃ပုံ၂ပုံ) က လူသေစေလောက်တဲ့အထိ Voltage ကိုတိုးသွားကြတယ်။
တစ်ဖက်လူရဲ့ နာကျင်အော်ဟစ်သံတွေကို ကြားနေရပါလျက်နဲ့ ညွှန်ကြားတဲ့သူရဲ့အမိန့်ကို ဆက်လက်ဆောင်ရွက်သွားကြတယ်။

ဒီတော့ ဒီလိုမျိုးလုပ်ရက်ကြတဲ့လူတွေဟာ မကောင်းဆိုးဝါးစိတ်ရှိတဲ့လူတွေပဲ ဖြစ်ရမှာပေါ့။
ဒါပေမယ့် လူတွေရဲ့ ၃ပုံ၂ပုံမှာ အဲ့ဒီလိုစိတ်မျိုးရှိနေတာဆိုရင်တော့ လောကကြီးအတွက် မတွေးရဲစရာပဲ။ တကယ်ဖြစ်နိုင်ပါ့မလား။
လမ်းထိပ်က ပဲပြုတ်ရောင်းတဲ့အဒေါ်ကြီးရော၊ အိမ်နားမှာ ကုသိုလ်ဖြစ်ဆေးကုပေးတဲ့ ဆရာဝန်လေးရော၊ ခွေးလေးတွေအစာလာလာကြွေးတတ်တဲ့ ကောင်မလေးရော မှာ ဒီလိုစိတ်တွေရှိနေတာလား။ သင့်မှာရော…
ခုချိန်မှာတွေးရင်တော့ ငါက ဒါမျိုးဘယ်တော့မှလုပ်မှာမဟုတ်ဘူးဆိုတဲ့ အတွေးမျိုးရမှာပါ။ ဘေးကြပ်နံကြပ်အချိန်မှာ ဒီအတိုင်းတွေးနိုင်ပါဦးမလား။

ဒီစမ်းသပ်ချက်အပြီးမှာတော့ အမိန့်နာခံပြီး မကောင်းမှုကိုကျူးလွန်တယ်ဆိုတာ ကျူးလွန်သူကိုယ်တိုင်က ပင်ကိုယ်စရိုက်မကောင်းလို့ဆိုတာ မဟုတ်ဘဲ အခြေအနေအရ ဖြစ်လာတဲ့စိတ်ဓာတ်လို့ ဆိုတယ်။

ဒီအချက်က ဘယ်လောက်ထိ အရေးပါသွားသလဲဆိုရင် တရားခွင်မှာ တရားခံရဲ့ Behaviour တည်ဆောက်တဲ့အခါ “အခြေအနေအရဖြစ်သွားတာပါ၊ သူကလူကောင်းပါ” ဆိုတဲ့အဆိုကို လက်ခံခဲ့တဲ့အထိပဲ။
အဲ့ဒီအဆိုကို တရားသူကြီးကလက်ခံလို့ ကွင်းလုံးကျွတ်လွတ်သွားတဲ့ အမှုတွေတောင် ရှိခဲ့တယ်။

နုရင်ဘက်စစ်ခုံရုံးမှာ ဂျူးတွေကို အစုလိုက်အပြုံလိုက်သတ်မှုနဲ့ ဂျာမန်တွေကို တရားစွဲတော့ ဂျာမန်တွေက ဘာပြောသလဲ။
အထက်အမိန့်အရလုပ်ရတာပါ၊ သူတို့လုပ်ချင်လို့လုပ်တာမဟုတ်ပါဘူး” တဲ့။ (ကျွန်တော်တို့အတွက် ကြားရတာ ရိုးအီနေတဲ့စကားတစ်ခွန်းပေါ့)
သူတို့ကတော့ အပြစ်ကမလွတ်သွားပါဘူး။

မေးစရာရှိတာက မကောင်းတာတွေလုပ်နေတဲ့အချိန်မှာ စိတ်ကမကောင်းဘူးဆိုတာသိရဲ့သားနဲ့ ဘာလို့ရုန်းမထွက်နိုင်ကြတာလဲ။
(How could they live with themselves?)
မကောင်းတာလုပ်နေတဲ့အချိန်မှာ စိတ်က မကောင်းတဲ့ခံစားချက်ဖြစ်တော့ သိပ်မတွေးဘဲ လျစ်လျူရှုထားလိုက်တယ်။
မှန်တယ်၊ မှားတယ် conflict ဖြစ်ပြီး စိတ်လွန်ဆွဲနေမယ့်အစား ညွှန်ကြားချက်အတိုင်း တသွေမသိမ်းလုပ်နိုင်ဖို့ကို အာရုံစိုက်လိုက်ကြတယ်။

အဲ့ဒီတော့ တစ်မျိုးပြောင်းပြီးစမ်းကြပြန်တယ်။
အစမ်းသပ်ခံမယ့်သူကို သူကိုယ်တိုင် Shock ပေးတာမျိုးမဟုတ်ဘဲ မေးမြန်းဖို့ စကားလုံးအတွဲတွေကို စီစဉ်ခိုင်းလိုက်တယ်။
မှားဖြေရင် Shock ပေးဖို့ကို သရုပ်ဆောင်တစ်ယောက်က လုပ်တယ်။

ဒီလိုမျိုးပြောင်းလဲလိုက်တဲ့အခါမှာတော့ အစမ်းသပ်ခံအားလုံးနီးပါးဟာ သူတို့အလုပ်ကို အဆုံးထိဆက်လုပ်သွားကြတယ်။
အော်ဟစ်ငြီးငြူသံတွေကြားနေရပေမယ့် သူကိုယ်တိုင် Shock ပေးနေတာမဟုတ်တော့ ဂရုမစိုက်ဘူး။
သူဟာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေပေမယ့် မေးမြန်းလိုက်တဲ့အခါ အပြစ်ရှိတာသူမဟုတ်ဘူး၊ Shock ပေးနေတဲ့သူပဲဆိုပြီး ဖြေတယ်။
အမိန့်ပေးနေတဲ့လူတွေကလည်း ဒီလိုနည်းနဲ့ပဲ သူတို့စိတ်ကို ဖြေဖျောက်ကြတယ်။

ချိန်းကြိုးတစ်ချောင်းရဲ့ Link တွေလိုပဲ အဖွဲ့အစည်းတွေကို တည်ဆောက်ထားကြတယ်။
အလယ်မှာရှိတဲ့ Link (လူတစ်ယောက်) က ထိပ်ဆုံးနဲ့အောက်ဆုံး Link ကိုဆက်ပေးထားရုံပဲဆိုတော့ သူ့ရဲ့ပြစ်မှုကို သူသေချာမသိတာ အဆန်းတော့မဟုတ်ဘူး။

အထက်ကညွှန်ကြားတဲ့လူကလည်း သူကိုယ်တိုင်လုပ်တာမဟုတ်လို့ဆိုပြီး ဖြေသိမ့်တယ်။
ကြားလူကလည်း ကိုယ့်အလုပ်ကိုယ်လုပ်နေတာပဲ၊ ဘယ်သူ့ကိုမှ ထိခိုက်အောက်လုပ်နေတာမဟုတ်ဘူးဆိုပြီး ကြားချတယ်။
အောက်က တကယ်လုပ်နေတဲ့သူကလည်း အထက်အမိန့်အရလုပ်ရတယ်၊ သူ့မှာတာဝန်မရှိဘူးလို့ ကိုယ့်ကိုယ်ကို သက်သက်ညှာညှာစဉ်းစားတယ်။

ဘယ်သူ့မှာ အပြစ်ရှိသလဲ။
ကျွန်တော်တို့ရဲဲ့ Society ကြီးမှာ ခုလိုဖြစ်နေတာ အန္တရာယ်များလှတယ်။

ဒါပေမယ့် လူကြောင့်မဟုတ်ဘဲ ပတ်ဝန်းကျင်ကြောင့် ဖြစ်သွားရတာပါဆိုတဲ့ အဆိုဟာ အမိန့်မနာခံဘဲ ရုန်းထွက်နိုင်ခဲ့တဲ့ ၃ပုံ၁ပုံအတွက်တော့ ရယ်စရာကြီးဖြစ်နေမှာပါ။
အလယ်လူအဖြစ်ကနေ ရုန်းထွက်နိုင်ခဲ့တဲ့ လူနည်းစုကလည်း ပြုံးမိကြမှာပဲ။
ဒီလူတွေကရော ဘာလို့ အမိန့်ကိုတော်လှန်နိုင်ခဲ့တာလဲ။

Psychology မှာ ရှမ်းရှမ်းတောက်အောင်မြင်ခဲ့တဲ့ စမ်းသပ်မှု နောက်တစ်ခုရှိပါသေးတယ်။
မကောင်းတဲ့သူတွေဟာ စရိုက်ကြောင့်လား၊ ပတ်ဝန်းကျင်ကြောင့်လားဆိုတာ Part 2 မှာရှင်းရှင်းလင်းလင်း သိအောင်ရေးပေးပါမယ်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started