(Part 1 ကိုဖတ်ပြီးမှ ဒါကိုဖတ်ပါ)
ရှည်ရှည်ဝေးဝေး နိဒါန်းချီမနေတော့ဘဲ အရမ်းနာမည်ကြီးခဲ့တဲ့ စမ်းသပ်မှုတစ်ခုအကြောင်းကို ပြောပြချင်ပါတယ်။
Part 1 က စမ်းသပ်ချက်မှာ ပတ်ဝန်းကျင်အခြေအနေက စကားပြောပါတယ်။
စမ်းသပ်မှုလုပ်နေတယ်ဆိုတာကို Volunteer တွေက ခံစားမိနေသေးတယ်။
အခုတစ်ခေါက်မှာတော့ အကျဉ်းသားနဲ့ ထောင်အာဏာပိုင်တွေဆိုပြီး စမ်းသပ်တာဖြစ်ပါတယ်။
တကယ့်အကျဉ်းထောင်မှာ စမ်းသပ်တာမျိုးတော့မဟုတ်ပါဘူး။
Stanford University မှာပဲ ထောင်ပုံစံလုပ်ပြီး စမ်းသပ်တာဖြစ်တယ်။
Stanford Prison Experiment ဆိုပြီး Psychology စာအုပ်တော်တော်များများမှာ ထည့်ရေးထားတတ်ကြပါတယ်။
ခုတစ်ခေါက်မှာတော့ အကျဉ်းသားတွေရော၊ ထောင်အာဏာပိုင်တွေရောက Volunteer တွေပါ။ စမ်းသပ်တဲ့စိတ်ပညာရှင်ကတော့ ထောင်မှူးအနေနဲ့ တာဝန်ယူပါတယ်။
ထောင်ပုံစံဖြစ်တဲ့အတွက် အကျဉ်းသားတွေချုပ်ထားမယ့် အချုပ်ခန်းလည်း ရှိပါတယ်။
စမ်းသပ်မှုကာလကို နှစ်ပတ်သတ်မှတ်ထားခဲ့ပေမယ့် အခြေအနေတွေ ထိန်းမနိုင်သိမ်းမရဖြစ်လာလို့ ၆ ရက်နဲ့ပဲ အဆုံးသတ်လိုက်ရပါတယ်။
အကျဉ်းသားလား၊ ထောင်အာဏာပိုင်လားဆိုတာကို ခေါင်း၊ ပန်းလှန်ပြီး လွယ်လွယ်နဲ့ ဆုံးဖြတ်ရွေးချယ်ပါတယ်။
အကျဉ်းသားအဖြစ်အရွေးခံရတဲ့သူတွေကို သူတို့ရဲ့အိမ်တွေမှာ လာဖမ်းတယ်၊ လက်နက်ကိုင်ဓားပြတိုက်မှုနဲ့ တရားစွဲလိုက်တယ်။
(တကယ်မလုပ်ပါ၊ လက်တွေ့ဘဝမှာ လုပ်တဲ့ Procedure အတိုင်း လုပ်ပြခြင်းသာဖြစ်တယ်)
ဒေသခံရဲစခန်းကလည်း စမ်းသပ်မှုမှာ ဝင်ကူညီတဲ့အနေနဲ့ “တရားခံ” တွေရဲ့ လက်ဗွေတွေ၊ ဓာတ်ပုံတွေကို ရိုက်ကူးပေးခဲ့တယ်။
ပြီးတော့ ထောင်အတုကို ပို့လိုက်ကြတယ်။ (ထောင်အတုမှန်း အကျဉ်းသားတွေသိကြပါတယ်)
အဲ့ဒီကိုရောက်တော့လည်း တစ်ကိုယ်လုံးကိုချွတ်ပြီး ရှာဖွေတာခံရတယ်။
နာမည်အရင်းတွေမသုံးရတော့ဘဲ သူတို့ကို နံပါတ်တွေနဲ့ပဲခေါ်ဝေါ်တော့တယ်။
အစောင့်တွေကို မျက်မှန်အမည်းတွေတပ်ခိုင်းထားတယ်၊ Uniform အပြည့်အစုံဝတ်ခိုင်းတယ်၊ နံပါတ်တုတ်တွေပေးထားတယ်၊ မလိုအပ်ဘဲ စကားမပြောဖို့၊ အကျဉ်းသားတွေကို နာမည်မခေါ်ဘဲ နံပါတ်သာခေါ်ဖို့ ညွှန်ကြားထားတယ်။
စမ်းသပ်မှုမတိုင်ခင်မှာ စိတ်ပညာရှင်ထောင်မှူးက အစောင့်တွေကို ခေါ်ပြီး ညွှန်ကြားပါတယ်။
အကျဉ်းသားတွေကို အစာမကျွေးဘဲမနေဖို့၊ ကိုယ်ထိလက်ရောက်မကျူးလွန်ဖို့ပြောပါတယ်။
ပထမရက်မှာ အကုန်လုံးရဲ့စိတ်ထဲ စမ်းသပ်နေတာဆိုတဲ့အတွေးရှိပါသေးတယ်။ အေးအေးဆေးဆေးပါပဲ။
ဒုတိယရက်မှာတော့ အကျဉ်းသားတစ်ယောက်က သူ့အချုပ်ခန်းကို ကုတင်နဲ့ကာပြီး အပြင်ကိုထွက်မလာနိုင်ကြောင်း ပြောပါတယ်။
အဲ့ဒီလိုနဲ့ အုံကြွမှုအသေးလေးဖြစ်လာပါတယ်။
အစောင့်တွေက အထက်ကိုဘယ်လိုကိုင်တွယ်ရမလဲ မမေးမြန်းဘဲ ကိုယ်ထိလက်ရောက်ဖြေရှင်းကြပါတယ်။
အကျဉ်းသားထဲက တစ်ယောက် စိတ်ဖောက်ပြန်လာသလိုဖြစ်လို့ သူ့ကို စမ်းသပ်မှုကနေဖယ်ထုတ်လိုက်ရပါတယ်။
နောက်ရက်တွေမှာတော့ အစောင့်တွေဟာ ပိုပြီး “အစောင့်” ဆန်လာကြပါတယ်။
မကျေနပ်ရင် မကျေနပ်သလို အကျဉ်းသားတွေကို ဒိုက်ထိုးခိုင်းတာ၊ အစာမကျွေးတာ၊ ရိုက်နှက်တာတွေထိ တိုးလုပ်လာကြပါတယ်။
သူတို့မှာ သူတစ်ပါးကိုနာကျင်စေလိုသောစိတ် (Sadistic) ဖြစ်လာပြီး သူတို့ Role နဲ့သက်ဆိုင်မယ်ထင်တာမှန်သမျှကို ပိုပိုသာသာ လုပ်ကြပါတော့တယ်။
စမ်းသပ်တဲ့စိတ်ပညာရှင် ထောင်မှူးတောင်မှ စမ်းသပ်မှုမှာ “မျော” သွားပါတယ်။
၄ရက်မြောက်နေ့မှာ အစောင့်တွေက သူ့ကိုသတင်းတစ်ခုပေးလာပါတယ်။
စမ်းသပ်မှုကနေဖယ်ထုတ်လိုက်တဲ့သူက သူ့ရဲ့အပေါင်းအပါတွေကိုခေါ်လာပြီး အချုပ်ခံနေရတဲ့သူတွေကို လာကယ်မယ်တဲ့။
ထောင်မှူးက အဆောက်အအုံရဲ့ အခြားနေရာတစ်ခုမှာ အချုပ်ခန်းကို ပြောင်းဆောက်လိုက်ပြီး ကယ်မယ့်ကောင်ပြန်လာရင် စမ်းသပ်မှုကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း လိမ်ပြောမယ်လို့ ကြံစည်ပါတယ်။
တကယ်တော့ ကယ်မယ့်သူရောက်မလာခဲ့ပါဘူး။
အကျဉ်းသားထဲက တချို့ဟာ Parole (ကောင်းကောင်းနေပါမယ်ဆိုတဲ့ကတိနဲ့ ချုပ်ရက်မပြည့်ခင်လွှတ်ပေး) လိုချင်ကြတယ်။
သူတို့ Volunteer လုပ်တဲ့အတွက် ရမယ့်ငွေကြေးထဲက ဖြတ်ချင်ဖြတ်ဆိုတာအထိ ဖြစ်လာကြတယ်။
ဒီနေရာမှာမေးစရာရှိတာက အကျဉ်းသားတွေက အချိန်မရွေးစမ်းသပ်မှုမှာ မပါလိုတော့ဘူးလို့ ပြောခွင့်ရှိရဲ့သားနဲ့ ဘာလို့မပြောကြသလဲ။
သူတို့ကိုယ်သူတို့ အကျဉ်းသားတွေကို အမှန်တကယ်ခံယူသွားလို့ဖြစ်ပါတယ်။
Depersonalization, Deindividualization ဖြစ်သွားကြတာပါ။
အဲ့ဒီလိုဖြစ်အောင်လည်း အထက်မှာပြောထားတဲ့အတိုင်း အဆင့်ဆင့်ပြင်ဆင်ခဲ့ပါတယ်။
အစောင့်အနေနဲ့ အစမ်းသပ်ခံခဲ့တဲ့သူတစ်ယောက်ကို နောက်ပိုင်း Interview တဲ့အခါမှာ စမ်းသပ်မှုအထမြောက်အောင် သူကလုပ်ပေးခဲ့တယ်လို့ဆိုတယ်။
ထောင်မှူးရဲ့အမိန့်အတိုင်းဆောင်ရွက်ခြင်းဟာ စမ်းသပ်မှုမှာ Data အမှန်ရအောင် ကူညီခြင်းဖြစ်တယ်လို့ သူကပြောတယ်။ တခါတခါ ခိုင်းတာထက် ပိုပိုသာသာတောင် လုပ်ပေးလိုက်သေးတယ်လို့ဆိုတယ်။
သူ့အနေနဲ့ မှန်တယ်၊ မှားတယ် မစဉ်းစားတော့ဘဲ စမ်းသပ်မှုကြီးအထမြောက်သွားအောင် လုပ်ပေးလိုက်တယ်ဆိုပြီး ဂုဏ်ယူနေတာပါ။
ဖြစ်ချင်တိုင်းဖြစ်နေတဲ့စမ်းသပ်မှုကြီးမှာ ကွပ်ကွဲနေတဲ့သူကိုယ်တိုင်က “မျော” နေပြီဆိုတော့ လက်လွန်နေပြီဆိုတာ မသိကြတော့ဘူး။
နောက်ပိုင်းမှာ စိတ်ပညာရှင်ရဲ့ရည်းစား (သူလည်း Psychologist ပါပဲ) က အခြေအနေတွေကို သိသွားပြီး ဆက်မလုပ်ဖို့တားတဲ့အခါမှ “မျော” နေတဲ့သူလည်း အသိပြန်ဝင်လာပါတော့တယ်။
ဒီတော့ Part 1 က conclusion အတိုင်းပြောလို့ရပြန်တယ်။
မကောင်းတာလုပ်တဲ့လူဟာ ပင်ကိုယ်ယုတ်ညံ့နေတာမဟုတ်ဘဲ ပတ်ဝန်းကျင်အခြေအနေအရဖြစ်နေရတာပါ ဆိုတာ ဖြစ်လာပြန်တယ်။
အစပိုင်းမှာ အဲ့ဒီအဆိုကို လက်ခံခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ လက်မခံကြတော့ပါဘူး။
ဘာလို့လဲဆိုရင် ဒီစမ်းသပ်မှုမှာဟာကွက်တွေ အများကြီးရှိနေလို့ပါ။
အစောင့်တွေရဲ့ လုပ်ရပ်တွေကို ထောင်မှူးက ညွှန်ကြားခဲ့တယ်ဆိုပြီး သိလာကြရပါတယ်။
ဒီအတွက်ကြောင့် Data အမှန်ရစေချင်တဲ့အစောင့်တွေက အကျဉ်းသားတွေကို သာသာနဲ့နာနာနှက်ကြပါတော့တယ်။
ပြီးတော့ စမ်းသပ်ဖို့အတွက် Volunteer ခေါ်ဖို့ ကြော်ငြာထည့်တဲ့ကိစ္စပါ။
အကျဉ်းသားနဲ့ထောင်အာဏာပိုင်နေရာကနေပါဖို့၊ ထောင်အတွေ့အကြုံရဖို့ ဆိုတာတွေက သာမန်လူတစ်ယောက်အနေနဲ့ဆို ဝင်ပါဖို့ခက်ခဲမှာပါ။
ဒီလို သိသိကြီးနဲ့ ဝင်ပါကြတဲ့လူတွေဟာ သူတို့ဆီမှာ ကြမ်းတမ်းခက်ထန်ခြင်း၊ Sadistic ဖြစ်ခြင်းစတဲ့ trait တွေရှိရမယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။
ဒီတော့ ပတ်ဝန်းကျင်မကောင်းလို့ပါ၊ အထက်ကလုပ်ခိုင်းလို့ပါ ဆိုတာတွေဟာ Self-reflection မလုပ်ချင်လို့ (သို့) ကိုယ်မှားနေမှန်းမသိချင်လို့ Justify လုပ်တာတွေပဲဖြစ်ပါတယ်။
ကိုယ်ကောင်းရင် ခေါင်းမရွေ့ပါဘူး။
မလုပ်သင့်မှန်းသိလို့ ရုန်းထွက်ကြသူတွေကို ခုချိန်မှာမြင်တွေ့နေရတာ အားရစရာပါပဲ။
နုရင်ဘက်စစ်ခုံရုံးမှာ အစစ်ခံရတဲ့ဂျာမန်တွေအကုန် ပြစ်ဒဏ်ခံရတာပါပဲ။
ကိုယ့်ကိုယ်ကို ဘယ်လိုပြောပြီး လိမ်ညာနေနေ နောက်ဆုံးမှာတော့ ကိုယ်အပြစ်ရှိခြင်း၊ မရှိခြင်းကို ပတ်ဝန်းကျင်ကပဲ ဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။
SAGAN
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။



