အလွန်နှေးကွေးတဲ့ Sloth လေးတွေအကြောင်း

Sloth ဆိုတာနဲ့ ဘာကောင်လေးလဲဆိုတာ မျက်စိထဲမှာပေါ်လာကြမယ်ထင်ပါတယ်။
မမှတ်မိတော့တဲ့သူတွေအတွက် အစဖော်ပေးရမယ်ဆိုရင် Zootopia ဇာတ်လမ်းထဲက အရမ်းကိုနှေးကွေးတဲ့ ရုံးစာရေးကိုပြောချင်တာပါ။
အဲ့ဒီ Scene လေးက တော်တော်ကို Memorable ဖြစ်၊ ရယ်လည်းရယ်ရတဲ့အတွက် Sloth ဆိုတာ ဘာကောင်လေးလဲ လူတွေစိတ်ဝင်စားသွားကြပါတယ်။
တကယ့်လက်တွေ့ဘဝမှာလည်း ဒီကောင်လေးတွေက တော်တော်ကြီးကို နှေးကွေးကြပါတယ်။
သူတို့ဘာလို့ ဒီလောက်နှေးကွေးနေရလဲ အပါအဝင် သူတို့ရဲ့အကြောင်းစုံကို ပြောပြချင်ပါတယ်။

Sloth ကို ဘာသာပြန်ရင် ငပျင်းလို့ အဓိပ္ပါယ်ရပါတယ်။

Sloth တွေဟာလွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃၅သန်း-၆ဝသန်း ကတည်းက ကမ္ဘာမှာရှိနေကြပါပြီ။
အဲ့တုန်းကရှိခဲ့တဲ့ Sloth တွေဟာ အကြီးကြီးတွေပါ။ Giant Sloth လို့ခေါ်ပါတယ်။ ၆တန်လောက်လေးတဲ့အကောင်ကြီးတွေတောင် ရှိခဲ့ပါတယ်။ (ဆင်လောက်ကြီးတဲ့ အကောင်တွေဆိုတော့ တော်တော်ကိုချစ်စရာကောင်းမှာပါ)
သူတို့က သစ်ပင်တွေပေါ်တက်ပြီး အသီးတွေ၊ အရွက်တွေစားကြတဲ့အပြင် မြက်တွေကိုလည်းစားကြပါတယ်။

ပညာရှင်တွေကတော့ Giant Sloth တွေကြောင့်သာမဟုတ်ရင် ဒီနေ့ခေတ်မှာ ထောပတ်သီးဆိုတာ ရှိချင်မှတောင်ရှိလိမ့်မယ်လို့ဆိုပါတယ်။
ဘာလို့လဲဆိုရင် လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက ထောပတ်သီးအရိုင်းရဲ့အစေ့တွေဟာ မာကြောလွန်းတဲ့အတွက် သာမန်တိရစ္ဆာန်တွေက မစားနိုင်ဘဲ Giant Sloth ကပဲ စားနိုင်ခဲ့လို့ပါ။
သူတို့ကြောင့် ထောပတ်သီးအစေ့တွေ နေရာစုံမှာ ပျံကျဲသွားခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမယ့် ခုခေတ်မှာ Giant Sloth တွေမရှိတော့ပါဘူး။ မျိုးတုန်းကုန်ကြပြီဖြစ်ပါတယ်။
(လူတွေကြောင့်ဖြစ်နိုင်တယ်လို့လည်း ပညာရှင်တွေကပြောကြတယ်)

Sloth အသေးလေးတွေကတော့ ခုချိန်ထိ ကျန်နေပါသေးတယ်။ လက်ရှိမှာ မျိုးစိတ် ၆ ခု ရှိတယ်လို့ဆိုတယ်။ အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ အဓိကတွေ့ရတယ်။

သူတို့အသက်ရှင်ရပ်တည်ဖို့အတွက် သစ်ပင်ပေါ်မှာ အများဆုံး နေထိုင်ကြပါတယ်။
သစ်ပင်ပေါ်မှာနေတာက သူတို့အတွက် အန္တရာယ်ကင်းသလို စားဖို့အတွက်လည်း အရွက်တွေအများကြီးရှိနေပါတယ်။ (ရေကန်အသင့် ကြာအသင့်ပေါ့)

သူတို့ရဲ့ အဓိက Diet က အရွက်တွေဖြစ်ပါတယ်။
အရွက်စားတာကျန်းမာတယ်လို့ လူတွေကနားလည်ကြပေမယ့် အရွက်ချည်းပဲစားမယ်ဆိုရင်တော့ (သားသတ်လွတ်စားတာကို ပြောလိုခြင်းမဟုတ်ပါ) အသက်ရှင်ရပ်တည်ဖို့ မလွယ်ကူလှပါဘူး။
သတ္တဝါတိုင်းက သူတို့နေ့စဉ်လိုအပ်တဲ့စွမ်းအင်ကို ကစီဓာတ်၊ အသားဓာတ်နဲ့ အဆီဓာတ်ကနေ ရကြပါတယ်။
အရွက်မှာ Calories တော်တော်နည်းပါတယ်။
အခြား အရွက်စားသတ္တဝါတွေဆိုရင် အရွက်ကိုသာမက Calorie များများပါတဲ့ အစေ့အဆံတွေ၊ အသီးအနှံတွေကိုပါ စားကြပါတယ်။
Sloth ကတော့ အရွက်မှအရွက်ပါပဲ။ (သစ္စာရှိသူကြီးပါ)

အရွက်တွေဟာ ချေဖျက်ရခက်တဲ့အတွက် လူဆိုရင် အရွက်စားတဲ့အခါ ဝမ်းမှန်မှန်သွားပါတယ်။
ဒါပေမယ့် Sloth တွေက အရွက်ပဲစားပြီး ၁ပတ်နေမှ ဝမ်း ၁ခါပဲသွားပါတယ်။
ဘာကြောင့်လဲဆို သူတို့အစာအိမ်က ခန္ဓာကိုယ်ရဲ့ ၃ပုံ၁ပုံတောင်ရှိလို့ပါ။
အစာတွေကို ၅ရက်ကနေ ၁ပတ်ထိ အစာအိမ်ထဲမှာ သိုလှောင်နိုင်ကြတယ်။
အရွက်ကနေ ရနိုင်သလောက် Calories ကို ယူနေတာမို့ပါ။ (ခြောက်ကပ်နေပြီဖြစ်တဲ့ ကြံရိုးတစ်ရိုးကနေ အရည်တစ်စက်ဖြစ်ဖြစ်ပိုရအောင် အချိန်အကြာကြီး ကြိတ်နေတာမျိုးပါ)

Calories ရတာနည်းတဲ့အတွက် အသက်ရှင်ရပ်တည်ဖို့ နောက်တစ်နည်းနဲ့ဘယ်လိုဖြေရှင်းလဲဆို လှုပ်ရှားမှုတွေကို လျှော့ချပစ်လိုက်တာပါ။
သူတို့ရဲ့အချိန်တွေ တော်တော်များများကို သစ်ပင်ပေါ်မှာပဲ စားလိုက်၊ အိပ်လိုက်၊ အနားယူလိုက်နဲ့ပဲ ကုန်ဆုံးကြပါတယ်။ (အားကျစရာကြီးပါ)

တစ်ပတ်တစ်ခါတော့ အိမ်သာတက်ဖို့ သစ်ပင်ပေါ်ကနေ ဆင်းလာလေ့ရှိပါတယ်။ အပင်ပန်းခံပြီးများ ဆင်းလာနေသေးတယ်၊ သစ်ပင်ပေါ်ကပဲ ပါချလိုက်ပါတော့လားလို့ မေးစရာရှိပါတယ်။
ဟုတ်ကဲ့… ပညာရှင်တွေလည်း ဒီမေးခွန်းကို မေးခဲ့ကြပါတယ်။

ပထမ အယူအဆကတော့ အပင်ပေါ်ကနေ ပါချလိုက်ရင် အသံကျယ်ပြီး သူ့ကိုစားမယ့်အကောင်တွေရောက်လာနိုင်တော့ အန္တရာယ်ကျရောက်နိုင်လို့ပါတဲ့။ (ဒီအယူအဆက သိပ်တော့ မနိပ်လှဘူး)
ဒုတိယ အယူအဆကတော့ အပင်ခြေရင်းမှာ ပါလိုက်ခြင်းအားဖြင့် အပင်အတွက်လိုအပ်တဲ့ မြေသြဇာကို ပေးလိုက်တာပါပဲတဲ့။ (သဘာဝရဲ့ မြေသြဇာပေါ့…)
တတိယ အယူအဆကတော့ သူ့ကိုယ်ပေါ်မှာနေကြတဲ့ ပိုးဖလန်တွေ ဥအုဖို့အတွက် ရေခံမြေခံကောင်းအောင် လုပ်ပေးတာပါတဲ့။
စတုတ္ထ အယူအဆကတော့ အပင်ပေါ်ကနေဆင်းလိုက်ခြင်းအားဖြင့် ပတ်ဝန်းကျင်က Sloth တွေနဲ့တွေ့ခွင့်ရပြီး မျိုးပွားဖို့အတွက် အခွင့်အလမ်းတိုးစေပါတယ်တဲ့။ (ရည်းစားရဖို့အတွက် ငပျင်းဘဝကို တစ်ပတ်တစ်ခါ စွန့်လွှတ်သူကြီးပါ)

Sloth တွေက တော်တော်ကြီးကို နှေးကွေးကြတဲ့အတွက် သူတို့အတွက် ကြွက်သားတွေသိပ်မလိုအပ်ပါဘူး။ သူတို့မှာ သူတို့နဲ့အရွယ်အစားတူ အခြားတိရစ္တာန်တွေထက် ကြွက်သားထုထည် 25-30% နည်းနေပါတယ်။
(ဗလမတောင့်ပေမယ့် ရုပ်ကလေးကချစ်စရာလေးမို့ အချစ်ခံရတဲ့အကောင်လေးပါ)

ဘယ်လောက်တောင် နှေးလဲဆို မြေပေါ်မှာဆို တစ်မိနစ်မှ ၂မီတာပဲ ရွေ့ပါတယ်။
အန္တရာယ်နဲ့တွေ့ရင် လိပ်တွေလို ခပ်မြန်မြန်ထပြေးနိုင်လိမ့်မယ် မထင်ပါနဲ့။ တစ်မိနစ်ကို ၄မီတာထိ တိုးပြီးပြေးပါတယ်။
ရေထဲမှာတော့ ၃ဆလောက်မြန်အောင် ရေကူးနိုင်ပါတယ်။ (၁မိနစ်ကို ၆မီတာ ကြီးများတောင် ရွေ့သွားတာပါ…)

သူတို့ဟာ နို့တိုက်သတ္တဝါအနွယ်ဝင်ဖြစ်ပြီး သွေးနွေးသတ္တဝါထဲမှာ ပါဝင်ပေမယ့် သူတို့ခန္ဓာကိုယ် အပူချိန်ကို 5° Celsius ထိပြောင်းလဲနိုင်ပါတယ်။ (လူတွေဟာ 0.5° Celsius ထိပဲပြောင်းလဲနိုင်ကြပါတယ်)
ဒါဟာ သွေးနွေးသတ္တဝါအနွယ်ဝင်တွေထဲမှာ ထူးထူးခြားခြားပါပဲ။

သူတို့ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) က သွေးနွေးသတ္တဝါထဲမှာတော့ အနှေးဆုံးပါပဲ။
ဒုတိယလိုက်တာကတော့ Panda ငပျင်းတွေပါ။

သူတို့ရဲ့နှေးကွေးမှုကြောင့် သူတို့ကိုယ်ပေါ်မှာ ရေညှိတွေ၊ ပိုးဖလန်တွေ ကပ်နေလေ့ရှိပါတယ်။
ပိုးဖလန်တွေက Sloth မှ Sloth တန်းတန်းစွဲဖြစ်တဲ့အတွက် Sloth Moth ဆိုပြီးတော့တောင် နာမည်ပေးထားရပါတယ်။ အခြားအကောင်တွေပေါ်မှာ မနေပါ။
သူတို့ကိုယ်မှာ ရေညှိတွေကပ်နေတဲ့အတွက် သစ်ပင်တွေနဲ့ရောပြီး ပျောက်နေတတ်ပါတယ်။
(အပျင်းထူလွန်းလာရင်တော့ ကိုယ်မှာကပ်နေတဲ့ရေညှိတွေကို ခွာစားလို့လည်းရပါသေးတယ်)

ဒီလောက်ဆို Sloth အကြောင်းသိရတာ ကျေနပ်ကြမယ်ထင်ပါတယ်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started