(၇) ကြက်ဥအစိမ်းစားတာ မကျက်တကျက်စားတာက အားပိုရှိတယ် ၊ ပြုတ်စား ကြော်စားတာက အားသိပ်မရှိဘူး စသဖြင့် ပြောတာ ခဏခဏကြားဖူးမှာပါ။
သူတို့ဆိုလိုတဲ့အားက ဘာအားလဲတော့မသိပေမယ့် အာဟာရဆေးပညာနဲ့ သိပ္ပံအရတော့ အာဟာရပမာဏ တူတူပဲရပါတယ်။
ပြုတ်လိုက်တာဖြစ်စေ ကြော်လိုက်တာဖြစ်စေ အပူနဲ့တွေ့ တဲ့အခါ အသားဓာတ် protein က ပုံပြောင်းသွားပါတယ်။ နဂိုထက်ပိုခဲသွားပြီး ပိုးမွှားတွေလဲသေသွားပါတယ်။ Denaturation ဖြစ်သွားတယ်လို့ဆိုပါတယ်။
ကျက်သွားတဲ့အသားဓာတ်က Denature ဖြစ်သွားလို့ အစာအိမ်ကပိုပြီးချေဖျက်လို့လွယ်သွားပါတယ်။
အာဟာရတွေကို ပိုပြီးစုပ်ယူရလွယ်လို့ အစာမကြေဖြစ်တာ ရင်ခေါင်းတောင့်နေတာ သက်သာမှာပါ။
ကြက်ဥအစိမ်းကို ဖောက်သောက်တာက သူ့ရဲ့အညှီနံ့ကြောင့်လဲ မအီမလည်ခံစားရနိုင်သလို အစာခြေရတဲ့အခါ ကျက်ပြီးသားကြက်ဥထက်ပိုကြာလို့ ရင်ပြည့်တာမျိုးခံစားရနိုင်ပါတယ်။
ဒါ့အပြင် ကြက်ဥအစိမ်းမှာ Salmonella ပိုးပါလာခဲ့ရင် ဝမ်းရောဂါပါထပ်ခံစားရမှာပါ။
သေချာသန့်ရှင်းစွာစားရင်တော့ ကြက်ဥအစိမ်းကလဲ ကြက်ဥအကျက်လိုပဲ အားရှိပါတယ်။
သို့သော် အားရှိချင်ဇောနဲ့ ကြက်ဥအစိမ်းတွေကို အများကြီးတခါထဲ မစားသင့်ပါ။
ဘာလို့လဲဆိုတော့ ကြက်ဥအစိမ်းထဲမှာ Avidin လို့ခေါ်တဲ့ဓာတ်တမျိုးပါဝင်ပြီး Avidin က အရေးကြီးတဲ့ Vitamin တမျိုးဖြစ်တဲ့ Biotin ကိုမစုပ်အောင်တားလိုက်ပါတယ်။
ကြက်ဥအစိမ်း တရက်ထဲကို အလုံး၂၀ နဲ့အထက်စားတဲ့အခါ Biotin ဓာတ်ချို့တဲ့လာပြီး ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။
(၈) ကြက်ဥအရောင် ရင့်လေ အားပိုရှိလေဆိုတာဟုတ်လား ?
ကြက်ဥအရောင်ညိုလေလေ အားပိုရှိလေဆိုတာလဲ မှားယွင်းတဲ့အယူအဆတခုပါပဲ။
ကြက်ဥအရောင် ညိုရတာက အခွံမှာပါတဲ့ ရောင်ခြယ်ပစ္စည်း protoporphyrin IX ကြောင့် ညိုရတာဖြစ်ပြီး ကြက်အမျိုးအစားနဲ့သာဆိုင်ပါတယ်။
အညိုရင့်တာမရင့်တာက ဥအခွံမှာပဲကွာခြားပြီး အထဲက အားပိုရှိတယ်ဆိုတာမဟုတ်ပါဘူး။
ကျန်တာအကုန်တူတူပါပဲ။
(စကားမစပ်ပြောရရင် ကြက်ဥအခွံ စိမ်းပြာသမ်းတာတွေတောင်ရှိပြီး biliverdin ဆိုတဲ့ pigment ကြောင့်ပါတဲ့။ Biliverdin ကစိမ်းပြာရောင်ရှိပြီး ငှက်တွေမစင်အရောင်က အဲ့ဒီ pigment ပါနေလို့ စိမ်းနေတာပါ။)
(၉) ကြက်ဥကို ရေခဲသေတ္တာထဲမှာသိမ်းလို့ရလား?
ဟုတ်ကဲ့ …..ကြက်ဥကိုရေခဲသေတ္တာထဲမှာထားလို့ရပါတယ်။
အဲ့လိုရေခဲသေတ္တာထဲမှာ သိမ်းခြင်းက ပိုးပေါက်ဖွားမှုကို နှေးစေပြီး ကြက်ဥကို ပိုတာရှည်ခံစေပါတယ်တဲ့။
ကြက်ဥကိုရေခဲသေတ္တာထဲသိမ်းထားရင် ၃ပတ်ကနေ ၅ပတ်အထိ အသိမ်းခံပါတယ်တဲ့။
ဒီနေရာမှာ ရေခဲသေတ္တာဆိုတာအောက်ထပ်အခန်း (refrigerator) ကိုဆိုလိုပြီး အပေါ်ခန်း (freezer) ထဲမှာတော့ ရေခဲရိုက်မထားသင့်ပါဘူးလို့ဆိုကြပါတယ်။
ကြက်ဥလတ်မလတ်ကို ကြက်ဥကိုခွဲပြီး အနံ့ခံကြည့်လို့ရပါတယ်။
ရေထဲကို ကြက်ဥထည့်ပြီးလဲ စမ်းကြည့်လို့ရပါသေးတယ်။
ကြက်ဥဟာ အချိန်တော်တော်ကြာအောင် အထားခံပေမယ့် သူ့ရဲ့ အရသာနဲ့ quality ကတော့ ကြာလာလေကျလာလေဖြစ်လို့ လတ်ဆက်တုန်း စားသင့်ကြောင်း ရေးသားရင်း နိဂုံးချုပ်လိုက်ရပါတယ်။
Thanks for your time!
လင်းမူ


