တောကြက်ဥက မွေးမြူရေးကြက်ဥထက် ပိုကောင်းသလားနှင့် ဥဋီကာဖွင့်ခြင်း (Part 1)

အိမ်ကအမေတွေ အဖေတွေ အဘိုးဘွားတွေပြောနေကျ စကားတွေထဲမှာ

“တောကြက်ဥလေးတွေဝယ်လာတယ်…ပိုအားရှိအောင် လို့ပြောကြတာ” မကြာမကြာ ကြားဖူးမှာပါ။

တောကြက်ဥကို လှမ်းကြည့်လိုက်တော့ ခပ်ညိုညိုနဲ့ ခပ်သေးသေးလေးတွေပေါ့… “သေးသေးလေးတွေက အားရောရှိပါ့မလား” လို့သာ ပြောလိုက်မိရင်

“ဟဲ့…နင်ဘာနားလည်လို့လဲ….တောကြက်ဥကစျေးကြီးတယ်….ရှာရခက်တယ်” လို့ ဘောက်ဆက်ဆက်ပြန်ဖြေပါလိမ့်မယ်။

ဒီလိုနဲ့ပဲ ငြိမ်နေလိုက်ရင်း တောကြက်ဥက တကယ်ပဲပိုအားရှိသလိုလို ဒီလိုပဲ စိတ်ထဲ ပြီးပြီးပျောက်ပျောက်ဖြစ်သွားပြန်ပါတယ်။

ဒီနေ့မှာတော့ စာရေးသူနဲ့အတူ ဥအမျိုးမျိုးအကြောင်း နေ့စဥ်ကြားနေကျစကားတွေ မှန်မမှန် ဆန်းစစ်ကြည့်ရအောင်။

(၁) တောကြက်ဥက မွေးမြူရေးကြက်ဥထက်ပိုအားရှိသလား?

ဒီမေးခွန်းကိုမဖြေခင် အရင်ဆုံး ကြက်ဥအကြောင်းအရင်လေ့လာကြည့်ရအောင်

ကြက်ဥအကာမှာ အသားဓာတ် (protein) နဲ့ အဆီ (fat) အနည်းငယ်ပါဝင်ပြီး

ဥအနှစ်မှာတော့ အသားဓာတ် (protein), အဆီဓာတ် (fat ရော cholesterol ရော) ပါကာ
အဆီမှာပျော်ဝင်တဲ့ Vitamin A,D,E,K တို့လဲပါဝင်ပါတယ်။ အခြား Vit B6 နဲ့ folate တို့လဲပါဝင်ပါတယ်။

ဒါ့အပြင် ဥအနှစ်မှာ Selenium, Magnesium, Iron, Calcium, Zinc စတာတွေပါပြီး
အစာစားချင်စိတ်ကိုဖြစ်စေတဲ့ Lecithin တို့ Choline တို့လဲပါဝင်ပါတယ်။

အကြမ်းဖျင်းမှတ်ရင် အကာက အသားဓာတ်ပိုများပြီး အနှစ်က fat နဲ့ Vit တွေပိုများပါတယ်

ဒါကြောင့် ကြက်ဥစားရင် ဥအကာသပ်သပ် အနှစ်သပ်သပ်ရွေးမစားဘဲနဲ့ ဥတခုလုံးပါအောင်စားသင့်ပါတယ်။

ဥအနှစ်က cholesterol ပါတယ်ဆိုပေမယ့် body အတွက်လိုသလောက်ပဲ ပါတာပါ။
ဝမှာစိုးလို့ အနှစ်ကိုဖယ်စားလိုက်ရင် အရေးကြီးတဲ့ Vitaminတွေ သတ္တုဓာတ်တွေ အကုန်မရလိုက်ပဲနေမှာပါ။

ယေဘုယျပြောရရင် ဥတွေက size ကြီးလေ အားပိုရှိလေပါ။

Size ကြီးတော့ အနှစ်တွေ အကာတွေပိုများမယ်။
Protein ဓာတ်တွေ fat တွေ Vitamin တွေပိုများများဆန့်မယ်။ အဲ့တော့ အားပိုရှိပါတယ်။

အားပိုရှိချင်ရင် size ကြီးတဲ့ဥ ကိုရွေးစားသင့်ပါတယ်။

ဥပမာ ငုံးဥတလုံးစားတာနဲ့ ကြက်ဥတလုံးစားတာနဲ့ဆို ရှင်းပါတယ်။ ကြက်ဥက ပိုကြီးတော့ ကြက်ဥကပိုအားရှိမှာပါ။

ငုံးဥပဲစားမယ်ဆို ငုံးဥ ၅ လုံးလောက်စားမှ
ကြက်ဥတလုံးစားသလောက်အားရှိမှာပါ။

ဒါဆို ငုံးဥ က ကြက်ဥထက်ပိုအားရှိတယ်လို့ ပြောတာကြားရင် ဒါမဟုတ်ဘူးဆိုတာသိသွားပြီဖြစ်မှာပါ။

တောကြက်ဥတွေက မွေးမြူရေးကြက်ဥထက် ပိုသေးလေ့ရှိပါတယ်။

ဒါကြောင့် size အရပြောကြေးဆို မွေးမြူရေးကြက်ဥက ပိုကြီးလို့ ပိုအားရှိပါတယ်။

ဒါပေမယ့် တောကြက်ဥရဲ့ အားသာချက်က တောကြက်တွေက စားကျက်မှာလွှတ်ထားတာမို့
နေရာင်ပိုထိတွေ့ရတဲ့အတွက် သူတို့ ဥတွေမှာ Vitamin D ပိုများများပါတာကို လေ့လာတွေ့ရှိရပါတယ်။

တောကြက်တွေက သဘာဝအစာတွေကိုရှာစားရပါတယ်။ ပိုးကောင်တွေ တီကောင်တွေနဲ့ မြက်တွေပါစားတတ်တဲ့ တောကြက်တွေက Vit E နဲ့
omega -3 fatty acid တွေပိုရလို့ ဥထဲမှာလဲ အနည်းငယ် ပိုများပါတယ်တဲ့။

ဒါတွေက သိပ္ပံနည်းကျ တိုင်းတာထားတဲ့ သင်္ချာကိန်းဂဏန်းအရတော့ ပိုများချင်များနေပေမယ့် တကယ့်လက်တွေ့မှာ ဘာမှသိပ်မထူးတဲ့အတွက်

တောကြက်ဥပဲစားစား မွေးမြူရေးကြက်ဥပဲစားစား
ပိုကြီးတာစား များများစားရင် အကုန်အားရှိမှာပါ။

ထူးတာတခုကတော့ တောကြက်ဥတွေက ပိုးမွှားတွေမျိုးစုံပါလာနိုင်တဲ့အတွက် သေချာကျက်အောင်ချက်ဖို့နဲ့ ကိုင်တွယ်ပြီးရင် လက်သေချာဆေးဖို့တော့လိုပါမယ်။

ကြက်ဥအခွံမှာ ကြက်ချီးကလာတဲ့ ပိုးတမျိုးဖြစ်တဲ့ Salmonella က လူတွေကို ဝမ်းရောဂါဖြစ်စေလို့ သတိထားရမှာပါ။

(၂) ဒါဆို ကြက်ဥကို ပိုးကင်းအောင် စျေးကဝယ်လာတာနဲ့ အခွံကို ဆပ်ပြာနဲ့ဆေးလို့ရပါသလား ?

ရှင်းအောင်ပြောရရင် သန့်ချင်လို့ ဆပ်ပြာနဲ့ဆေးလိုက်တော့မှ အခွံရဲ့ အကာကွယ်ပေးတဲ့အလွှာ (protective layer or Cuticle) က
ဆပ်ပြာကြောင့် ပျက်စီးသွားပြီး ဥထဲကို ရောဂါပိုးတွေပိုဝင်သွားနိုင်ပါတယ်တဲ့။

ဒါကြောင့် ကြက်ဥတွေကို ဆေးစရာမလိုပဲ သဘာဝအတိုင်းပဲ ထားလို့ရပြီး သူ့ဥအခွံက သူ့ကိုကာကွယ်ပေးထားမှာပါ။ လူကသာ ဥအခွံတွေကိုင်တွယ်ပြီးရင် လက်ဆေးဖို့လိုမှာပါ။

ကြက်ဥကိုဆေးလိုက်ရမှကျေနပ်မယ်ဆို ရိုးရိုးရေနဲ့ပဲဆေးပြီး ခြောက်အောင်ပြန်သုတ်လို့တော့ရပါတယ်။ ဆပ်ပြာတော့မသုံးသင့်ပါ။

ဒီအပိုင်းမှာတော့ ဒီလောက်ပဲရေးမှာဖြစ်ပြီး ကြက်ဥနဲ့ဆိုင်တဲ့ နောက်ထပ်မေးခွန်းအဆန်းတွေကို ဥဋီကာ Part 2 မှာဆက်လက်ရေးသွားမှာမို့…

Stay tuned ပါဗျ။

လင်းမူ

Leave a comment

Design a site like this with WordPress.com
Get started