ကျနော်အရှေ့တစ်ခေါက်မှာ မှားယွင်းတဲ့ ဖြေရှင်းနည်းတွေအကြောင်း ပြောခဲ့ပြီးပါပြီ။ ဒီတစ်ခါမှာတော့ ဘယ်လိုဖြေရှင်းသင့်လဲဆိုတာ ပြောပြပေးသွားမှာပါ။
(၁) ရုပ်ရှင်ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ စာဖတ်ခြင်း ဟာ တော်တော်များများလည်း ကျင့်သုံးကြသလို တော်တော်လေးထိရောက်ပါတယ်။ တခြားကမ္ဘာတစ်ခုထဲမှာ ခဏနှစ်မြုပ်နေထိုင်ရင်း လက်တွေ့ဘဝက စိတ်မချမ်းမြေ့စရာတွေကို လျော့ကျအောင် လုပ်နိုင်ပါတယ်။
(၂) အားကစား လိုက်စားခြင်း ဟာ ကိုယ်ရော စိတ်ရော ကျန်းမာဖို့ ကြံ့ခိုင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ စိတ်ကို အပန်းဖြေစေသလို သက်လုံကောင်းအောင် ကြံ့ခိုင်အောင် လေ့ကျင့်ထားတာကြောင့် အရေးကြုံလာရင်လည်း အများကြီးအထောက်အကူပေးနိုင်ပါတယ်။ လူတိုင်း ဒီအချိန်မှာ အနည်းဆုံး နာရီဝက်ခန့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်း၊ လမ်းလျှောက်ခြင်း/ပြေးခြင်းတွေကို နေ့တိုင်း ပုံမှန်လုပ်သင့်ပါတယ်။
(၃) ကိုယ့်ရဲ့လုပ်အားကို ကျေနပ်ပါ။ ပြီးရင် ဘာထပ်လုပ်သေးနိုင်သလဲ စဥ်းစားရှာဖွေပါ။ လူတိုင်းဟာ သူ့အတိုင်းအတာနဲ့သူ သူ့ဘဝနဲ့ သူ့အကြောင်းတရားချည်းပါပဲ။
အရောင်အသွေးစုံတဲ့ လူ့သဘာဝအရ နေရာတစ်ခုမှာ ကျရာ ကဏ္ဍကနေ ပါဝင်ကြရတာပါ။ ဘောလုံးစကားနဲ့ပြောရရင် အသင်းတစ်သင်းအတွက် တိုက်စစ်မှူး တွေနဲ့ချည်း မလုံလောက်ပါဘူး။ သူ့ကိုထောက်ပံ့မယ့် အလယ်တန်း၊ အသင်းကို ကာကွယ်မယ့် နောက်တန်းနဲ့ ဂိုးသမားတို့ကလည်း ရှိရပါသေးတယ်။
အဲ့တာကြောင့် တစ်ယောက်အတွက် နောက်တစ်ယောက်ကိုလိုအပ်တယ်ဆိုတာလေး နှလုံးသွင်းထားမယ်ဆို ဖြစ်နေတဲ့ စိတ်ဓာတ်ကျစရာတွေပြေပျောက်သွားနိုင်မယ်လို့ထင်ပါတယ်။
(၄) Game ကစားတဲ့ကိစ္စကတော့ ဒီအချိန်မှာ ပြောရခက်ခက်ပါပဲ။ ဘာလို့ဆို မြန်မာမှာ ကစားတာအများဆုံး ထိပ်တန်း game အားလုံးနီးပါး boycott list ထဲ ပါသွားလို့ပါ။
Game ကိုစွဲစွဲမြဲမြဲ ဆော့လာကြတဲ့သူတွေအတွက် ဒီအချိန်မှာ game ကိုမဆော့ဘဲနေရတာဟာ အရမ်းကို စိတ်ထိခိုက်စရာကောင်းပါတယ်။ တခြားgame ဆော့ဖို့ဆိုတာကလည်း ဆွဲဆောင်မှုရှိပြီး ဆော့ရတာလည်း အဆင်ပြေအုံးမှကိုး။ တခြားဂိမ်းမှာ အသားမကျကျအောင် လုပ်နေရတာကလည်း stress တစ်မျိုးပါပဲ။
ကျနော်ကတော့ multiplayer game တွေကို သူငယ်ချင်းတွေနဲ့ ဆော့ကြည့်စေချင်တယ်။ Multiplayer game တွေဟာ ဘယ်လို graphic စုတ်စုတ် ဘယ်လောက်ညံ့ညံ့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဆော့ရတဲ့အတွက် အချိန်တစ်ခုသတ်မှတ်ပြီး အတူတူလိုင်းပေါ်မှာချိန်းပြီး ဆော့ခြင်းဖြင့် စိတ်ကို ပျော်ရွှင်အောင်ထားနိုင်ပါတယ်။
(၅) စကားပြောပါ။
ကိုယ်ချစ်ရတဲ့သူ ခင်ရတဲ့သူတွေနဲ့ စကားတွေ အချိန်တိုင်းပြောနေပါ။ မိတ်ဆွေသစ်တွေလည်းရှာဖွေပါ။ တစ်ယောက်ရဲ့ အမြင် ခံစားချက်တွေကို နားထောင်ပါ။ အပြန်အလှန် ဆွေးနွေးကြည့်ပါ။ ပြဿနာတွေကို အတူ ဖြေရှင်းကြည့်ပါ။
ဘာကြောင့်လဲဆိုတော့ စကားပြောခြင်းဟာ စိတ်ကိုကုသဖို့ အကောင်းဆုံးနည်းလမ်းဖြစ်လို့ပါပဲ။ ရင်ဘတ်ချင်းနီးတဲ့သူတွေနဲ့ စကားတွေဖောင်ဖွဲ့ပြောရတာဟာ ကိုယ့်ကိုကိုယ်လည်း motivate လုပ်ရာရောက်ပါတယ်။ ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်သလို ကိုယ့်ရဲ့ capablity တွေကိုလည်း ချဲ့ထွင်နိုင်ပါတယ်။
ဒီလိုအချိန်မှာ စိတ်ရှုပ်လို့ တစ်ယောက်တည်းနေလေ ပိုပြီး အထီးကျန်လေပါပဲ။ ပတ်ဝန်းကျင်က ကိုယ်ခင်ရတဲ့ချစ်ရတဲ့သူတွေကိုလည်း ဂရုစိုက်ပေးကြပါလို့ တိုက်တွန်းပါတယ်။
အန်တီစုရဲ့ စကား ယူသုံးရရင် “ပြဿနာဟာ ပြဿနာ မဟုတ်ဘူး။ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာကသာ ပြဿနာ” လို့ ပြောရင်း နိဂုံးချုပ်ပါတယ်။
Dr. Jason
