Control (Part 2)

Part 1 မှာ လူတွေက ကိုယ့်ရဲ့ထင်မြင်ချက်ကို ပေးလိုက်ရလို့ အခြေအနေတစ်ခုအပေါ်မှာကိုယ့်ရဲ့ထိန်းချုပ်မှု (Control) ရှိကြောင်း ထင်သွားကြတယ်ဆိုတာ ပြောခဲ့ပြီးပါပြီ။

ခုပြောချင်တာကတော့ လူတွေက ရွေးချယ်ရတာကို ကြိုက်တဲ့အကြောင်းပါ။
ဒီပစ္စည်းကို ရွေးလိုက်ရခြင်းသည် ကိုယ့်ရဲ့ထိန်းချုပ်မှုနဲ့ ကိုယ်လိုချင်လို့ Voluntarily ရွေးလိုက်တာဖြစ်တယ် ဆိုတာမျိုးပေါ့။
ဒီအတွက်ကြောင့် ကိုယ်ရွေးလိုက်တဲ့ ပစ္စည်းက မကောင်းနေရင်တောင် အပြစ်သိပ်မမြင်ဘဲ ရှိတတ်ကြတယ်။

City Mart ကို ခေါင်းလျှော်ရည်ဝယ်ဖို့ သွားတယ်ဆိုပါစို့။
အဲ့ဒီမှာ ခေါင်းလျှော်ရည်အမျိုးအစားပေါင်းများစွာရှိတဲ့အပြင် Brand တစ်ခုစီမှာလည်း ဗောက်ပျောက်တာတို့၊ ဆံပင်ကိုပျော့ပြောင်းစေတာတို့၊ ပျက်စီးနေတဲ့ဆံပင် ကောင်းလာစေတာတို့… စတဲ့ ဝိသေသတစ်ခုစီရှိနေတဲ့ ခေါင်းလျှော်ရည်တွေ အများကြီးပဲ။

ဆိုတော့… ရွေးရတော်တော်ခက်တယ်။ (Brand အစွဲမရှိသေးတဲ့ လူတစ်ယောက်အတွက်)
ဒါပေမယ့် ရွေးစရာတွေများလွန်းရင် လူတွေက မရွေးတော့ဘဲ လှည့်ပြန်သွားတတ်တယ်။
တစ်ခုခုကို ရွေးမိရင်တောင် စိတ်က မပြတ်ဘူး။ ငါမရွေးလိုက်တဲ့ ခေါင်းလျှော်ရည်က ပိုများကောင်းနေမလားပေါ့။
(အထူးသဖြင့် ကိုယ်ရွေးလိုက်တဲ့ဟာကို သဘောမကျရင် ပိုဖြစ်တတ်တယ်)

လူတွေရဲ့ခေါင်းထဲမှာ ပစ္စည်း ၄၊ ၅ ခုကိုတော့ ယှဉ်ပြီး စဉ်းစားနိုင်တယ်။ များလာတဲ့အခါမှာ Overload ဖြစ်ပြီး မရွေးတတ်တော့ဘူး။
အဓိကကတော့ အကောင်းဆုံးပစ္စည်း၊ ကိုယ်နဲ့အသင့်တော်ဆုံးဖြစ်မယ့် ပစ္စည်းကို လိုချင်တာကြောင့် ခေါင်းစားနေရခြင်းဖြစ်တယ်။

ဒီအတွက်ကြောင့် Brand တွေကလည်း ခုနောက်ပိုင်းမှာ သူတို့ပစ္စည်းကို အမျိုးကွဲတွေ အများကြီးဖြစ်အောင် မထုတ်ကြတော့ဘူး။

အကုန်လုံးတစ်ဗူးထဲမှာပါတဲ့ All-in-one ပစ္စည်းတွေ ထုတ်လာကြတယ်။

အများကြီးထုတ်မယ်ဆိုလည်း ရွေးချယ်တဲ့အခါမှာ စိတ်မရှုပ်ထွေးအောင် နှပ်ကြောင်းပေးထားတတ်ကြတယ်။
Tree Diagram ဆွဲသလိုပေါ့။

ခေါင်းလျှော်ရည်နဲ့ ဥပမာပြရရင် အနံ့မျိုးစုံ၊ ဝိသေသမျိုးစုံဖြစ်နေတဲ့ Brand တစ်ခုဆိုပါစို့။
ကိုယ်က ဒီအနံ့ကိုလိုချင်တယ်ဆိုရင် သူ့အောက်မှာ ဗောက်ပျောက်တာတို့၊ ဆံပင်ပျော့တာတို့ ထပ်ပြီးရွေးချယ်လို့ရအောင် လုပ်ပေးတာမျိုးပေါ့။
အမျိုး ၂၀ လုံး ဒီတိုင်းကြီး ချပြထားတာထက်စာရင် ၅ မျိုးလောက်ပြပြီး တစ်ခုကို ရွေးပြီးတဲ့အခါ ထပ်ရွေးခိုင်းတာက လူတွေရဲ့ဦးနှောက်ကို Information Overload မဖြစ်စေဘူး။
(Marketing 101 သင်ချင်နေတာမဟုတ်ပါဘူး၊ လူတွေရဲ့စိတ်ကို ပြောချင်တာပါ)

ရွေးချယ်လိုက်ပြီဆိုလည်း အဲ့ဒီပစ္စည်းကို တခြားပစ္စည်းထက်ကောင်းတယ်ဆိုတဲ့ အသိမျိုးရသွားတယ်။
(ကောင်မလေးတစ်ယောက်အနေနဲ့ ကောင်လေးတစ်ယောက်ကို ရည်းစားမဖြစ်ခင် လုံးဝကြည့်မရဘူးဆိုပြီး ဖြစ်ချင်ဖြစ်ခဲ့ပေမယ့် ရည်းစားလည်း ဖြစ်သွားရော အမြင်ပြောင်းသွားသလိုပေါ့)

လူတွေက Control ရနေတာကြိုက်ပေမယ့် နေရာတိုင်းမှာ လိုက်ပြီး လိုချင်နေရင်တော့ ပြဿနာတွေကြုံရမှာပါ။

ဥပမာ ကိုယ်က ဗိုက်အောင့်အောင့်နေတာကြာပြီ ဆိုပါစို့။
ဆေးခန်းသွားပြတော့ ဆရာဝန်ပြောတာယုံပြီး ပြန်လာရတယ်။ သူပေးတဲ့ဆေးတွေ သောက်ရတယ်။
ဗိုက်အောင့်နေတာ ပျောက်မယ်၊ မပျောက်ဘူး မသေချာဘူး၊ ဆရာဝန်ကိုလည်း အယုံအကြည်မရှိဘူး။
ဒီတော့ ကိုယ် Control ရှိတယ်လို့ထင်တဲ့၊ ကိုယ်တတ်သလောက်၊ မှတ်သလောက် ကြားဖူးနားဝဆေးတွေ ကိုယ့်ဘာသာဝယ်သောက်ကြရော။
အပရိက အာဂန္ဓုရောဂါကြောင့် ဗိုက်အောင့်တာဆိုရင်တော့ သူ့ဘာသာပျောက်ချင်ပျောက်သွားနိုင်တယ်။ (သူ့ဘာသာဝယ်သောက်တဲ့ဆေးကြောင့်လို့ ထင်သွားရင်တော့ သူ့ကို အစွဲချွတ်ရပိုခက်သွားပြီ)
ရောဂါကြီးကြီးမားမားဖြစ်လာနိုင်တဲ့ ဗိုက်အောင့်ခြင်းမျိုးဆိုရင်တော့ ကိုယ့်သေတွင်းကိုယ်တူးမိသလိုပါပဲ။
(ဒီလိုမဖြစ်လာအောင် ဆရာဝန်တွေမှာ သေချာရှင်းပြရမယ့် တာဝန်ရှိပါတယ်၊ ဘယ်ဆေးကိုသောက်လို့ ဘယ်လိုအကျိုးကျေးဇူးတွေရမယ်ဆိုတာသာ လူနာကသိရင် သူ့ဘာသာစိတ်ထဲထင်တာ ဝယ်သောက်ပါဦးမလားဆိုတာ စဉ်းစားစရာပါ)

Control ရဲ့အစွန်းရောက် ဥပမာနောက်တစ်ခုကတော့ တရုတ်ပြည်က လယ်သမားတစ်ယောက် ၁၆နှစ်တိတိ ဥပဒေပညာကိုလေ့လာပြီး သူ့မြေတွေကို ညစ်ညမ်းစေတဲ့ စက်ရုံကိုတရားစွဲတဲ့အမှုပါ။
တကယ်ဆို တတ်ကျွမ်းတဲ့ရှေ့နေတွေနဲ့တိုင်ပင်ပြီး တရားစွဲဖို့ပြင်ဆင်သင့်ပေမယ့် သူ့ရဲ့ Control ကို သူမစွန့်လွှတ်နိုင်ပါဘူး။ အဲ့ဒီအတွက် ၁၆ နှစ်တောင် အချိန်တွေ ပေးလိုက်ရပါတယ်။
ပထမအကြိမ်ရုံးချိန်းမှာတော့ သူနိုင်ထားပါတယ်။

ဆိုတော့… ကျွန်တော်တို့တွေ နေရာတိုင်းမှာ မကျွမ်းကျင်နိုင်ပါဘူး။ တစ်ချိန်ချိန်မှာတော့ တစ်ခုခုအတွက် တစ်ယောက်ယောက်ကို ဆရာတင်ရတာချည်းပါပဲ။
အဲ့ဒီအချိန်မှာ ကိုယ့်ရဲ့ထိန်းချုပ်ချင်စိတ်ကို ယာယီစွန့်လွှတ်နိုင်ဖို့လိုပါတယ်။

ကိုယ် Google ခေါက်ပြီး သိထားတဲ့အသိနဲ့ ပညာရပ်တစ်ခုကို နှစ်အကြာကြီး လေ့လာခဲ့တဲ့သူနဲ့ အသိချင်းမတူနိုင်ပါဘူး။
ဒါပေမယ့် မသိတာဆိုမေးပါ၊ မရှင်းတာဆို ရှင်းအောင်ပြောခိုင်းပါ။
လူအမျိုးမျိုး စိတ်အထွေထွေဖြစ်တဲ့အတွက်ကြောင့် ပြောသမျှကို မျက်စိမှိတ် မယုံကြည်သင့်ပါဘူး။
တစ်ယောက်ကို မယုံကြည်ရင် နောက်တစ်ယောက်ကို ပြောင်းပြီး Second Opinion ယူလို့ရသေးတာပဲ။
ဒါပေမယ့် “Let the professionals do their job” ပါ။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started