ကိုယ်အလေးချိန် မြန်မြန်ကျတာကောင်းလား? လေ့ကျင့်ခန်းလုပ်ပြီး စားချင်တာစားလို့ရလား?

ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ မင်းသား၊ မင်းသမီးတွေက ခန္ဓာကိုယ်တွေ အရမ်းလှကြတော့ ကြည့်တဲ့သူတွေလည်း သူတို့လိုဖြစ်ချင်ကြတာ မဆန်းပါဘူး။
ခုခေတ်မှာ လူငယ်တိုင်းရဲ့စိတ်ထဲမှာတော့ ငါဝနေပြီလား၊ အစားလျော့ရမလား၊ လေ့ကျင့်ခန်းလုပ်ရမလား စသဖြင့် အတွေးကိုယ်စီနဲ့ ရှိကြပါတယ်။
တစ်ချို့ကျတော့လည်း ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ပိုင်တယ်၊ ဝချင်ဝမယ်၊ ပိန်ချင်ပိန်မယ် ဆိုပြီး ပြောကြပါတယ်။ (ဒါဟာ လူတိုင်းလက်ခံသင့်တဲ့ အမြင်တစ်ခုပါ)

ခုရေးမယ့်စာက ခန္ဓာကိုယ်ကို ကိုယ်လိုချင်တဲ့ပုံစံတစ်ခုဆီ သွားချင်တဲ့သူတွေအတွက်ပါ။ (ရှင်းရှင်းပြောရရင် ပိန်ချင်တဲ့သူတွေအတွက်ပါ)
ဒီစာကိုဖတ်ပြီးရင် Idea တစ်ခုရသွားလိမ့်မယ်လို့ထင်ပါတယ်။
(ကျွန်တော်လည်း ဒီ Idea ကိုသေချာနားမလည်ခဲ့လို့ တိုင်ပတ်ခဲ့ဖူးပါတယ်)

လူတော်တော်များများက အချိန်သိပ်မပေးရဘဲ ခပ်မြန်မြန်နဲ့ အကျိုးရလာဒ်တစ်ခုကို လိုချင်ကြတာများပါတယ်။
ဒါကြောင့်လည်း Youtube မှာကြည့်လိုက်ရင် ၁ပတ်အတွင်း ၁၀ ပေါင်ကျနည်းတို့၊ ၁လအတွင်း 6 pack ထွက်နည်းတို့ကို တွေ့နေရတာဖြစ်တယ်။
ဒါက လက်တွေ့မှာ မဖြစ်နိုင်ပေမယ့် လှုပ်ရှားမှုလုပ်ဖို့ တွန်းအားပေးပါသေးတယ်။
ဒီထက်ပိုဆိုးတာက ဝိတ်ကျတဲ့ကော်ဖီတို့၊ ထိုင်နေရင်း ခါးအဆီချတဲ့ခါးပတ်တို့ စတဲ့ လှုပ်ရှားမှုအသားမပေးတဲ့ အရာတွေကိုသုံးပြီး လူတွေကို လိမ်နေကြတာပါ။

ဝိတ်ကျချင်တဲ့သူဆိုရင် ခပ်မြန်မြန်နဲ့ လိုချင်တဲ့ပုံစံရအောင် အစာငတ်ခံလိုက်ကြတာများပါတယ်။
ဝိတ်မကျသွားဘူးလားဆိုတော့… ကျသွားတာပေါ့။
ဒါပေမယ့် ခပ်မြန်မြန်ချလိုက်တဲ့အခါမှာ နောက်ဆက်တွဲဆိုးကျိုးတွေရှိပါတယ်။
နောက်ပြီးတော့ တစ်နေ့ကို Calorie 800 အောက်ပဲစားမယ်ဆို နှလုံးကျန်းမာရေးအတွက်မကောင်းဘူးလို့ လေ့လာမှုတွေက ဆိုပါတယ်။
(နှလုံးစည်းချက်မမှန်ဘဲ ရုတ်တရက် သေတတ်ပါတယ်)

ဒီတော့ ဝိတ်မြန်မြန်ကျတာ ဘာတွေဆိုးသလဲ?
သည်းခြေကျောက်တည်တတ်တယ်
ရေဓာတ်ခမ်းခြောက်ပြီး အာဟာရမပြည့်ဘဲ ဖြစ်တတ်တယ်။
မူးဝေအော့အန်တာ၊ နုန်းခွေတာတွေဖြစ်တတ်တယ်။
အဆိုးဆုံးကတော့ ကြွက်သားတွေပါ ဆုံးရှုံးသွားတာပဲ

ကျွန်တော်တို့ ဝိတ်ကျချင်တယ်လို့ လွယ်လွယ်ပြောကြပေမယ့် တကယ်ကျချင်တာက အဆီတွေပါ။
လူတွေက ဝိတ်မြန်မြန်ကျလာတယ်ဆိုပြီး ပေါင်ချိန်စက်ပေါ်မှာ ပီတိတွေဖြာနေပေမယ့် ကြွက်သားတွေကိုပါ ဆုံးရှုံးနေတယ်ဆိုတာ သိပ်မသိကြပါဘူး။

ဒါကြောင့် ဖြေးဖြေးမှန်မှန်ပဲ ဝိတ်ချသင့်ပါတယ်။
နံပါတ်တစ်ခုနဲ့ပြောရမယ်ဆိုရင် တစ်ပတ်ကို ၁ပေါင်ကနေ ၂ပေါင်ထက်ပိုမကျသင့်ဘူးလို့ ဆိုပါတယ်။
ဒါက လေ့ကျင့်ခန်းမလုပ်ဘဲ အစာငတ်ခံတဲ့လူတွေပေါ့။

နောက်တစ်မျိုးကျတော့ လေ့ကျင့်ခန်းလုပ်ပြီး စားချင်တာစားတဲ့လူတွေပါ။
Gym ကိုသွားဖူးတယ်ဆိုရင် ကျွန်တော်ခုပြောမယ့်ကိစ္စကို ကိုယ်တိုင်ကြုံဖူးကြမှာပါ။
Gym သွားပြီး တစ်ပတ်လောက်နေရင် လူက ပုံမှန်အနေအထားထက် ကျစ်ကျစ်လျစ်လျစ်ပိုဖြစ်လာတယ်။
ဘာလို့လဲဆို ကြွက်သားတွေထဲမှာ ရှိနေတဲ့ ရေတွေ၊ Glycogen တွေ ကုန်သွားလို့ပါ
အဲ့တော့ မြင်အောင်ပြောရရင် ကြွက်သားတွေအပေါ်မှာ အဆီတွေ၊ ရေတွေဖုံးနေရာကနေ အဆီပဲကျန်ခဲ့တော့ ပိုပြီးကျစ်ကျစ်လျစ်လျစ်ဖြစ်လာတဲ့ သဘောပါ။

အဲ့ဒီတော့ ငါလမ်းမှန်ပေါ်ရောက်နေပြီဆိုပြီး စိတ်ဓာတ်တက်ကြွသွားကြတာများပါတယ်။
တစ်ဆက်တည်းမှာပဲ ငါစားချင်တာ စားလို့ရလောက်ပြီ၊ နေ့တိုင်း Gym သွားနေတာပဲဆိုတဲ့ အသိလည်း ဝင်လာပါတယ်။
Gym ကစားတဲ့အခါ အရမ်းမောတဲ့အတွက် Calories တွေ တော်တော် burn မယ်လို့ ထင်စရာရှိပါတယ်။ (ကျွန်တော်လည်း အဲ့လိုထင်ခဲ့တာပါ)

တစ်ရက်ကို ၁နာရီကြာ Gym ကစားတဲ့ လူတစ်ယောက်ကိုမြင်ကြည့်ပါ။ အလေးပဲမတယ်၊ Treadmill ပေါ်မှာမပြေးဘူးဆို မောလွန်းလို့ လျှာထွက်သွားလည်း Calories 500 ထက်ပိုမထွက်သွားပါဘူး။
အောက်ပိုင်းထိုင်ရင် (Leg Workout) ဒီထက်အနည်းငယ်ပိုနိုင်ပေမယ့် ကိုယ်ပင်ပန်းသလောက် Calories burn မဖြစ်ဘူးဆိုတာကို သိစေချင်တာပါ။

အဲ့ဒါဆို Treadmill ပေါ်မှာ ၁၅မိနစ်၊ နာရီဝက်တက်ပြေးလိုက်ဦးမယ် ဆိုပါစို့။ (စုစုပေါင်း Gym မှာ ၁နာရီခွဲလောက်ကြာနေပါပြီ)
Calories ဘယ်လောက် Burn သွားလဲ။
ပြေးတဲ့အမြန်နှုန်းပေါ်မူတည်ပြီး ကွာခြားမှုများပေမယ့် တစ်နာရီကို ဆယ်မိုင်နှုန်းနဲ့ နာရီဝက်တိတိပြေးတယ်ဆိုရင် Calorie 500-800 လောက် burn သွားပါတယ်။

ဆိုတော့… Gym မှာ ၁နာရီခွဲကြာသွားပြီး Calorie 1000 burn လိုက်ပါပြီ။
ဒီလူအနေနဲ့ အလုပ်ကိုရောက်တဲ့အခါ ဓာတ်လှေကားသုံးမလား၊ ရိုးရိုးလှေကားသုံးမလား?
ဓာတ်လှေကားပဲ သုံးတော့မှာပေါ့၊ Gym မှာ ပင်ပန်းလာပြီလေ။
လှုပ်လှုပ်ရှားရှားလည်း သိပ်လုပ်ချင်မှာ မဟုတ်တော့ဘူး။
ပင်ပန်းတော့ စားချင်စိတ်ကလည်း ပေါ်နေမှာပဲ။
ငါပင်ပန်းထားတာပဲ စားချင်တာစားပစ်လိုက်မယ်ဆိုပြီး မာလရှမ်းကောတစ်ပွဲကို တစ်ယောက်တည်း တွယ်ထည့်လိုက်ရင် Calories 1000 ခဏလေးနဲ့တက်သွားမှာပါ။
မနက်က Gym မှာအပင်ပန်းခံထားတဲ့ Calories 1000 လေး bye bye သွားပါပြီ။

ဒါ… Workout လုပ်ထားတဲ့လူပါ။
သူက ဒီလိုမျိုးစားချင်တာစားလိုက်တဲ့အခါ ဝလာမှာမဟုတ်ပေမယ့် ဝိတ် မကျတော့ပါဘူး။

လေ့ကျင့်ခန်းမလုပ်ထားတဲ့လူဆိုရင်ရော…
ပိုစားလိုက်တဲ့ Calories ကို ခန္ဓာကိုယ်မှာ သိမ်းထားမှာပါ။
အဆီ ၁ပေါင်တက်ဖို့ Calories 3500 ပဲလိုပါတယ်။
မာလရှမ်းကော ၃ခါလောက်စားရင် ၁ပေါင်တက်လာမယ့်သဘောပေါ့။ (သေချာစဉ်းစားကြည့်ရင် တန်တော့ တန်ပါတယ်…)

ပြောချင်တာက လေ့ကျင့်ခန်းလုပ်နေလည်း အစားမရှောင်ရင် အဆင်မပြေဘူးဆိုတာပါပဲ။

မင်းရေးတာကြီးကလည်း စိတ်ပျက်စရာကြီးကွာ၊ ဘာစားစား Calories တွေဆိုပြီး မြင်နေရမယ့်ပုံပဲလို့ ပြောစရာရှိပါတယ်။
ခုစာကို ကျွန်တော်ရေးရခြင်းရဲ့ ရည်ရွယ်ချက်က ဒီ Idea ကို ပေးချင်တာပါ။
ဘာစားစား Calories တက်ပါတယ်။ (မတက်ချင်ရင် အရွက်ကို အစိမ်းလိုက်ကိုက်စားမှပဲ ရမယ်…)
အထူးသဖြင့် Bubble Tea, Pizza, Hotpot Buffet စတဲ့ လူတွေကြိုက်ကြတဲ့ အစားအစာတွေဟာ Calories တော်တော်များပါတယ်။
တခါတလေစားတာ အကြောင်းမဟုတ်ပေမယ့် အမြဲစားတဲ့အခါ ဝိတ်တက်လာမှာသေချာပါတယ်။

အနှစ်ပြန်ချုပ်ရရင် ပိန်ချင်တဲ့အခါ နည်းမှန်လမ်းမှန်နဲ့ ကြိုးစားသင့်ပါတယ်။ ဝိတ်မြန်မြန်ကျသွားတာဟာ မကောင်းပါဘူး။ ဖြေးဖြေးမှန်မှန်ပဲသွားသင့်ပါတယ်။
အစားအသောက်တွေက အရသာရှိလေလေ၊ အဆီ၊ ဆား၊ အချိုမှုန့်ပါဝင်မှုများလေလေဖြစ်လို့ Calories လည်း များပါတယ်။ ချင့်ချိန်ပြီး စားသုံးကြပါလို့ အကြံပြုလိုက်ရပါတယ်။

(ဒီလောက် စဆရက လုပ်ရရင် ကျေနပ်ပါပြီ…)

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started