ခေါင်းစဉ်ကြီးက အဓိပ္ပါယ်မရှိဘူးလို့မထင်ကြပါနဲ့။
ဂြိုလ်သားတွေဆိုတာ တကယ်ရှိမရှိမသိသေးဘဲနဲ့ “စကားပြောခြင်းလို့” တပ်ထားတော့ အဆင့်တွေကျော်ကုန်ပြီလားလို့ မေးစရာရှိမှာပေါ့။
ဒါပေမယ့် ရှိမရှိမသေချာတဲ့ဂြိုလ်သားတွေနဲ့ လူတွေက ဆက်သွယ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။
စကားပြောတယ်ဆိုလို့ မျက်နှာချင်းဆိုင်တွေ့တယ်၊ အသံချင်းဆက်သွယ်တယ်လို့တော့ မထင်စေချင်ပါဘူး။
သိပ်မရှည်နေချင်တော့ပါဘူး။ ကျွန်တော်အခုပြောချင်တာက Voyager Spacecraft ပေါ်က လူသားတွေရဲ့ Message တွေအကြောင်းပါ။ (ဒီမတိုင်ခင်ကလည်း အခြား Spacecraft တွေပေါ်မှာ Message တွေထည့်ပြီး ပို့ခဲ့ဖူးပါတယ်)

Message တွေအကြောင်းကိုမပြောခင် ဂြိုလ်သားဆိုတာ ဘာလဲအရင်ပြောမှရမယ်။
ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ Alien ဆိုတာ ခေါင်းတစ်လုံး၊ မျက်စိနှစ်လုံး၊ လက်နှစ်ချောင်း၊ ခြေနှစ်ချောင်းရှိမှာပဲလို့ ထင်တတ်တယ်။
ဒါက လူရဲ့အတွေးကို…။
မြင်းတစ်ကောင်ကတွေးရင်တော့ ဂြိုလ်သားဆိုတာ ခြေလေးချောင်း၊ အမြီးတစ်ချောင်းနဲ့ သန်သန်မာမာရှိတဲ့အကောင်ကြီးလို့မြင်မှာပေါ့။
ကိုယ်နဲ့နှိုင်းပြီးတွေးကြတာကို ပြောချင်တာပါ။

ဂြိုလ်သားတွေဘယ်လိုပုံစံရှိမလဲဆိုတာ မသိနိုင်သလို သူတို့မှာ လူတွေလို အာရုံငါးပါးခံစားနိုင်လားဆိုတာလည်း မသေချာပါဘူး။
အာရုံငါးပါးမက ခံစားချင်ခံစားနေနိုင်မယ်၊ လူတွေမမြင်နိုင်တဲ့ လှိုင်းအလျားတွေကို မြင်ချင်မြင်နေနိုင်မယ်…
ပြောချင်တာက ကိုယ်နဲ့နှိုင်းပြီးတော့ တွေ့တဲ့အခါ “Hello, Mr. Alien” ဆိုပြီး လက်ပြနှုတ်ဆက်လို့ နားမလည်နိုင်ဘူး ဆိုတာပါပဲ။

ဒီလိုအခက်အခဲတွေရှိနေပါလျက်နဲ့ ဂြိုလ်သားတွေနားလည်အောင် Message တစ်ခုကို ရေးလို့ရပါမလား။
ခေတ်အဆက်ဆက်က လူတွေဟာ ဝှက်စာတွေကိုဖော်နိုင်ခဲ့ကြတယ်။ ချိတ်ဆက်မှုတွေကို စဉ်းစားနိုင်ကြတယ်။
အကောင်းဆုံး ဥပမာကတော့ WW2 တုန်းက ဂျာမန်တွေရဲ့ Enigma Machine ဝှက်စာတွေကို မဟာမိတ်တွေက ဖော်နိုင်ခဲ့ခြင်းပဲ။
ဆိုတော့… Intelligent life form (Aliens) တွေသာဆိုရင် လူတွေပြောချင်တဲ့ ဆိုလိုရင်းကို နားလည်လောက်တယ်လို့ တွက်ဆကြတယ်။ (သူတို့မှာ Basic Chemistry နဲ့ Physics အသိပညာတွေတော့ ရှိရမယ်၊ မဟုတ်ရင် သူတို့ တိုးတက်လာစရာမရှိဘူးလို့ တွေးကြတာလည်းပါတယ်)
ပထမဦးဆုံး ပြောချင်တဲ့ Message က တော့ Record တစ်ခုပါပဲ။
Aliens တွေအတွက် သီချင်းတစ်နာရီခွဲစာ (စုစုပေါင်း ၂၇ပုဒ်) ၊ လူတွေ၊ တိရိစ္ဆာန်တွေ၊ ပတ်ဝန်းကျင်တွေရဲ့ ဓာတ်ပုံပေါင်း ၁၁၆ ပုံ၊ ပတ်ဝန်းကျင်က အသံတွေ (ငှက်အော်သံ၊ လေတိုက်သံ) နဲ့ လူတွေရဲ့နှုတ်ဆက်စကားကို ဘာသာပေါင်း ၅၅မျိုးနဲ့ပြောပြီး ထည့်ပေးလိုက်တာပါ။
ကြည့်လိုက်ရင်တော့ ဒါလေးပဲလားလို့ထင်စရာရှိပါတယ်။ ဒါက ၁၉၇၇ ခုနှစ်ကပါ။ ကွန်ပြူတာဆိုတာ အိမ်မှာတောင် မသုံးနိုင်သေးပါဘူး။



ဒီဓာတ်ပြားကြီးကို အာကာသထဲက ဓာတ်ရောင်ခြည်တွေကြောင့် မပျက်စီးအောင် အကာအနေနဲ့ ရွှေနဲ့အလူမီနီယံရောထားတဲ့ အကာတစ်ခုထဲမှာ ထည့်ထားလိုက်ပါတယ်။
ပြီးတော့ ဓာတ်ပြားတို့ရဲ့ ထုံးစံအတိုင်း… ဖွင့်ဖို့အတွက်လည်း စက်တစ်ခုထည့်ပေးလိုက်ပါတယ်။
(ဂြိုလ်သားတွေ ခေါင်းမစားဖို့ Instruction တွေပါထည့်ပေးလိုက်ပါသေးတယ်)


နောက် Message တစ်ခုကတော့ ကမ္ဘာရဲ့တည်နေရာကို ပြောပြတာပါ။
(အတင့်ရဲလိုက်တာ… ဟိုကလာပြီး ဖျက်စီးရင် ဘယ်လိုလုပ်မလဲလို့ မေးခဲ့ကြတဲ့သူတွေရှိပါတယ်၊ ဒါပေမယ့် ကမ္ဘာက နေ့စဉ် TV Channel တွေလွှင့်နေကြတာကို ကမ္ဘာ့အပြင် အလင်းနှစ် တော်တော်များများကနေ ဖမ်းပြီး ကြည့်နိုင်ပါတယ်… ဆိုတော့ မထူးတော့ဘူးလေ)


ဒီ Message ကို ဂြိုလ်သားတွေနားလည်၊ မလည်တော့ မသိပေမယ့် ကျွန်တော့်အနေနဲ့ နားလည်အောင် တော်တော်ဖတ်လိုက်ရပါတယ်။
အဓိကက ဘာသာစကားပါပဲ။ ဘုံတူတဲ့ဘာသာစကားမရှိတဲ့အခါ ဆက်သွယ်ရတာ ခက်ခဲပါတယ်။ ဒါကြောင့် သင်္ချာသုံးပြီး ဆက်သွယ်ကြတယ်။
ဘာလို့လဲဆို Physics, Chemistry နိယာမတွေက စကြဝဠာတစ်ခုလုံးမှာ တူတူပဲလို့ သိကြလို့ပါ။
ဒါပေမယ့် cm, km ဆိုပြီးပြောလို့သိမှာမဟုတ်ပါဘူး။ (ဒါက ကျွန်တော်တို့ဘာသာ တီထွင်ထားတဲ့ unit တွေပါ)
ပထမဦးဆုံး Hydrogen Atom ကိုဦးတည်လိုက်ပါတယ်။ (ဂြိုလ်သားတွေက ဒါကို Hydrogen လို့မသိပေမယ့် &^%%$% ဆိုပြီးတော့ သိမှာပါ)
Hydrogen Atom တစ်ခုက သူ့ရဲ့ Engery အနိမ့်ဆုံးအခြေအနေတစ်ခုကနေ တစ်ခု (Lowest Energy States) ဆီသို့ ပြောင်းဖို့ ကြာတဲ့အချိန်ကို ဂြိုလ်သားတွေလည်း သိမယ်လို့ ယူဆပါတယ်။ (ကျွန်တော်တို့မသိတာက ဂြိုလ်သားမဟုတ်လို့ ဖြစ်မှာပါ…)
ခုလို ဘုံနားလည်တဲ့အခြေအနေတစ်ခုရလာတဲ့အခါ အရာရာကို Hydrogen အချိန် (Hydrogen Time) အနေနဲ့ပဲနှိုင်းယှဉ်ပြောပါတော့တယ်။


ဒီလိုနဲ့ ကမ္ဘာရဲ့တည်နေရာကို ဖော်ပြနိုင်လိုက်ပါတယ်။ (ရှုတ်ထွေးသွားမှာကြောက်လို့ Message ဖော်နည်းကို ဆက်ပြီးမရေးတော့ပါဘူး)
ဒီလိုအလုပ်ရှုပ်ခံပြီး Message ကိုရေးလိုက်ကြပေမယ့် ဂြိုလ်သားတွေ ဒါကို တွေ့နိုင်နှုန်းက အင်မတန့် အင်မတန်ကို နည်းပါတယ်။
(ဂြိုလ်သားတွေ တကယ်ရှိခြင်း၊ မရှိခြင်းကို သင်္ချာနည်းအရတွက်ထုတ်ထားတဲ့အကြောင်း နောက်မှဆက်ရေးပါမယ်)

တွေ့သွားရင်လည်း ဒီအပြားကြီးက အမှိုက်ရှုပ်လိုက်တာကွာဆိုပြီး လွှင့်မပစ်ဖို့လိုပါသေးတယ်။
သူ့တို့ကသာ တကယ်အသိဉာဏ်မြင့်တယ်ဆိုရင်တော့ Message ကိုဖော်နိုင်မှာဖြစ်ပြီး စကြဝဠာကြီးထဲမှာ သူတို့တွေပဲ ရှိနေတာမဟုတ်ဘူးဆိုတာ သေချာသိသွားမှာပါ။
တစ်ချိန်ကျရင် ကျွန်တော်တို့ဆီ လာပြီးနှုတ်မဆက်ဖူးလို့ ဘယ်သူပြောနိုင်မှာလဲ။
SAGAN
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။