ကျွန်တော်တို့အားလုံး လောလောလတ်လတ် ဆုံးရှုံးမှုကြီးတခုကြောင့် ဝမ်းနည်းနေကြရမှာပါ။
ဒီလို နောက်ထပ်အသက်တွေထပ်မဆုံးရှုံးရအောင် ကျွန်တော်တို့ ဘာလုပ်ပေးနိုင်မလဲ။
ငှက်ဖျားရောဂါက အခန့်မသင့်ရင် သေစေတတ်တယ်ဆိုတာသိရုံနဲ့ မပြီးပါ။
ဘယ်လို ကာကွယ်ကုသရမလဲဆိုတာ အားလုံးသိရအောင် အခုပဲ ရှင်းပြပေးလိုက်ပါတယ်။
တောထဲတောင်ထဲသွားမယ့်လူတွေက ဒီအချက်တွေ သိကိုသိသင့်ပါတယ်။
အရင်ဆုံး ငှက်ဖျားပေါတဲ့နေရာတွေကို အောက်ကမြေပုံမှာ ကြည့်ပါ။

အနီရင့်ရောင်က ငှက်ဖျားအပေါဆုံးဒေသတွေပါ။ ပြောရရင် မြန်မာနိုင်ငံမှာ ငှက်ဖျားက ရန်ကုန်နဲ့ မန္တလေးကလွဲလို့ နေရာတိုင်းမှာ အချိန်ရာသီမရွေး ရှိနေနိုင်ပါတယ်။
အဆိုးဆုံးက ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းတွေပဲ ဖြစ်တယ်။
ငှက်ဖျားရောဂါသယ်ဆောင်ထားတဲ့ ခြင်က အနော်ဖလိ (Anopheles) ခြင်ပါ။
ခြင်ကိုက်လို့ဖြစ်တဲ့အတွက် ခြင်ကိုက်မခံရအောင် လုံလုံခြုံခြုံဝတ်စားရမယ်။
အထူးသဖြင့် အထူးသဖြင့် နေဝင်ချိန်ကစပြီး နံနက်စောစော အထိကိုက်တတ်တာမို့ အင်္ကျီရှည် ဘောင်းဘီရှည်ကို အချိန်တိုင်းဝတ်ထားရမယ်။
ညအိပ်ရင် ခြင်ထောင်သေချာထောင်အိပ်ရမယ်။
ခြင်မကိုက်ဆေးရည် (mosquito repellent) လိမ်းထားလို့လဲရတယ်။
ဒါက ကာကွယ်တဲ့အပိုင်းပါ။
ဒါပေမယ့် အမြဲတမ်း ခြင်မကိုက်အောင် ဂရုစိုက်နေနိုင်မှာ မဟုတ်တဲ့အတွက် သောက်ရမယ့်ဆေးတွေကိုလည်း သိထားသင့်ပါတယ်။

ငှက်ဖျားပေါတဲ့နေရာသွားရတော့မယ်ဆို ဆေးကြိုသောက်သွားလို့ရပါတယ်။
သွားမယ့်နေရာဒေသနဲ့ ဘယ်လောက်ကြာကြာနေမှာလဲ ပေါ်မူတည်ပြီး 2 မျိုး ခွဲပါမယ်။
ငှက်ဖျားလဲတကယ်ပေါတယ်၊ တောထဲမှာ နေရမှာလဲ အကြာကြီးဆို ကြိုသောက်သွားသင့်ပါတယ်။ ဆေးကြိုသောက်တယ်ဆိုတာ တစ်ခါတည်းနဲ့မပြီးပါဘူး။ ကိုယ်က ငှက်ဖျားရှိတဲ့ဒေသမှာနေသမျှကာလပတ်လုံး သောက်ပေးနေဖို့လိုပါတယ်။ ဒါကို Chemoprophylaxis လို့ခေါ်ပါတယ်။
ဒါပေမယ့် ဒီလိုသောက်နေလို့ ငှက်ဖျား လုံးဝမဖြစ်နိုင်တော့ဘူးလို့ မထင်ပါနဲ့။
ငှက်ဖျားတော့ရှိနိုင်တယ်၊ ဒါပေမယ့် သိပ်မပေါဘူး၊ နေရမှာလဲ ခဏတဖြုတ်ပဲ… ဒါပေမယ့် ဆေးရုံဆေးခန်းနဲ့ဝေးတယ်ဆို ငှက်ဖျားဆေးကို ယူသွားပြီး ဖျားတော့မှ သောက်လို့ရပါတယ်။
ဒါကို Standby Emergency Treatment လို့ခေါ်တယ်။
(ကာကွယ်ဖို့သောက်တဲ့ဆေးနဲ့ ရောဂါဖြစ်မှ သောက်တဲ့ဆေးနဲ့ မတူပါဘူး)
ဆရာဝန်ရှိရင် ဆရာဝန်ဆီကိုပဲ သွားပြပြီး ကုသမှုခံယူသင့်ပြီး ဆရာဝန် မရှိမှသာ မိမိဘာသာ သောက်သုံးရန်ဖြစ်ပါတယ်။
ဘာဆေးသောက်မလဲမရွေးခင် ငှက်ဖျားပိုးက ၄ မျိုးရှိတယ်ဆိုတာ ပြောချင်ပါတယ်။
အဆိုးဆုံးနဲ့ ဦးနှောက်ထဲရောက်နိုင်တဲ့ ပြင်းထန်ငှက်ဖျားပိုးကတော့ Plasmodium falciparum (P.f) ပဲဖြစ်ပါတယ်။
တောထဲတောင်ထဲမှာ ဘာပိုးအမျိုးအစားကူးနေပြီလဲဆိုတာ စစ်လို့မလွယ်နိုင်ပါ။
Rapid Diagnostic test (RDT) တွေရှိရင်တော့ အကောင်အမျိုးအစားကိုပါ သိရပြီး ဆေးရွေးရတာပိုလွယ်ပါတယ်။

ငှက်ဖျားမှန်းဘယ်လိုသိနိုင်မလဲ?
ငှက်ဖျားပိုးက ခြင်အကိုက်ခံရပြီး ၁ပတ်ကျော်မှ ရောဂါလက္ခဏာပြပါတယ်။ ဒါကြောင့် ကိုယ်က နေရာသစ်ကိုရောက်ပြီး ၁ပတ်အတွင်းဖျားရင် ငှက်ဖျားဖြစ်ချင်မှ ဖြစ်နိုင်မှာပါ။
(တခြားသော ခြင်ကြောင့်ဖြစ်တဲ့ သွေးလွန်တုပ်ကွေးနဲ့ ရာသီတုပ်ကွေးများကြောင့် ဖြစ်နိုင်ပါတယ်)
ငှက်ဖျားရောဂါဖြစ်ရင် ဘယ်လို လက္ခဏာတွေပြလဲဆိုတာ လူတိုင်း ရင်းနှီးကြမယ်ထင်ပါတယ်။
အဓိကက ဖျားတာပါ။ အချိန်တစ်ခုရောက်လာရင် ချမ်းတုန်ပြီး တဂတ်ဂတ်နဲ့ဖြစ်နေတတ်ပါတယ်။ ပြီးတော့ ချွေးတွေပြန်ပြီး ခဏသက်သာသွားပြန်ရော…။
ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာ၊ ပျို့တာအန်တာတွေလည်း ဖြစ်နိုင်ပါတယ်။
ဖြစ်ဖူးတဲ့လူတွေကတော့ ကြွက်သားတွေ အရမ်းနာတယ်လို့ ဆိုကြပါတယ်။
တချို့တွေက အသားတွေဝါဖန့်ဖန့်ဖြစ် လာတတ်တယ်။ (သွေးနီဥတွေ ကွဲလို့ပါ)

ဒါတွေအကုန်လုံးမှာ အရေးကြီးဆုံးကတော့ အဖျားပါပဲ။ သူက တခြားရောဂါတွေနဲ့ သိပ်မတူဘဲ ထူးထူးခြားခြားရှိပါတယ်။
တခြားလက္ခဏာတွေမရှိရင်တောင် အဖျားကတော့ လူတော်တော်များများမှာ ရှိတတ်ပါတယ်။
ဖျားလာပြီဆိုရင် (အပူချိန် ≥100°F) ဆရာဝန်ဆီသွားပြတာ အကောင်းဆုံးပါပဲ။ နောက်ဆက်တွဲတွေဝင်လာရင်တော့ ဆေးရုံမှာကုသတာ အကောင်းဆုံးပါပဲ။

ဆရာဝန်နဲ့မပြနိုင်ဘူးဆိုရင် ကိုယ့်ဘာသာဆေးသောက်ရတော့မှာပေါ့။ ပထမဦးဆုံးကတော့ အဖျားကျဖို့အတွက် ပါရာစီတမော (Paracap) သောက်ပါ။
ပြီးရင်တော့ ငှက်ဖျားဆေးသောက်ရပါမယ်။ သူ့ကို ၃ရက်သောက်ရင် အဆင်ပြေသွားပါပြီ။

အဖျားကြီးနေတဲ့အချိန်ငှက်ဖျားဆေးသောက်တဲ့အခါ အန်နိုင်ပါတယ်။
အန်တာက ဆေးသောက်ပြီး နာရီဝက်အတွင်းဆိုရင်တော့ ခန္ဓာကိုယ်က မစုပ်ယူရသေးလို့သတ်မှတ်တဲ့အတွက် ကိုယ်သောက်မယ့် ပမာဏအတိုင်း နောက်တစ်ခါ ထပ်သောက်ဖို့လိုပါလိမ့်မယ်။
ဆေးသောက်ပြီးနာရီဝက်ကျော်ကြာမှ အန်တယ်ဆိုရင်တော့ အနည်းအကျဉ်းစုပ်ယူပြီးသွားပြီလို့ ယူဆတဲ့အတွက် သောက်မယ့် ပမာဏရဲ့ တစ်ဝက်ကိုပဲ ထပ်သောက်ရတော့မှာပါ။
ဆေးသောက်တာ ၃ရက်ပြည့်သွားတဲ့အခါ ငှက်ဖျားကာကွယ်ဖို့အတွက် ဆေးသောက်လက်စရှိတယ်ဆိုရင် (Chemoprophylaxis သောက်နေရင်း ငှက်ဖျားဖြစ်တဲ့သူဆိုရင်) ဆက်ပြီးသောက်လို့ရပါတယ်။
Chemoprophylaxis အတွက်ဘာဆေးကို သောက်ကြမလဲ?
- Atovaquone-Proguinil (Malarone ဆိုပြီး ဝယ်လို့ရတယ်)
မသွားခင် ၂ရက်ကစပြီး တစ်နေ့တစ်လုံးသောက်ပေးရပါတယ်။ ငှက်ဖျားဒေသမှာ နေထိုင်နေသမျှတစ်နေ့တစ်လုံး သောက်ပေးရမှာပါ။ အဲ့ဒီကနေ ပြန်လာရင်တောင် ၁ပတ်တိတိ ဆေးကို ဆက်သောက်ပေးရပါတယ်။ ဆေးသောက်တိုင်း အစာနဲ့တွဲသောက်သင့်ပါတယ်။
(ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ ကျောက်ကပ်မကောင်းသူတွေ မသောက်ရပါ) - Doxycycline 100mg
သူ့ကိုလည်း အပေါ်ကဆေးလိုပဲ သောက်နိုင်ပါတယ်။ မတူတာက ပြန်လာတဲ့အခါ ၄ပတ်တိတိဆေးကို ဆက်သောက်ပေးဖို့လိုပါတယ်။ ဆေးကို ရေများများနဲ့ သောက်ဖို့လိုပြီး သောက်ပြီးတဲ့အခါ ၁နာရီလောက် မအိပ်သေးဘဲမတ်မတ်ထိုင်နေသင့်ပါတယ်။
(ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ ၈နှစ်အောက်ကလေးတွေ မသောက်ရပါ) - Tafenoquine 200mg
မသွားခင် ၃ရက်ကစပြီး တစ်နေ့နှစ်လုံး (100mg/tablet) သောက်ရပါမယ်။ ငှက်ဖျားဒေသမှာနေတဲ့အချိန်မှာတော့ ၁ပတ် ၂လုံးပဲသောက်ရတော့မှာပါ။ အဲ့ဒီကနေပြန်လာတဲ့အခါမှာလည်း နောက်ဆုံး ၂လုံးသောက်လိုက်ရင် ပြီးပါပြီ။
ဒီဆေးက တော်တော် အလုပ်ရှုပ်သက်သာပါတယ်။
(ကိုယ်ဝန်ဆောင်နဲ့ G6PD Deficiency ရောဂါရှိတဲ့ လူတွေမှာ မသောက်ရပါ) - Mefloquine 250mg
မသွားခင် ၁ပတ်၊ ၂ပတ် ကြိုသောက်ဖို့လိုပြီး ငှက်ဖျားဒေမှာရှိတဲ့အချိန်မှာ ၁ပတ်၁ခါ သောက်နေဖို့လိုပါတယ်။ ပြန်လာတဲ့အခါ ၄ ပတ်တိတိဆက်ပြီးသောက်ပေးရမှာပါ။ အစာရှိမှသောက်သင့်ပြီး ဆေးသောက်ပြီးတဲ့အခါ ရေများများနဲ့သောက်ဖို့လိုပါတယ်။
ဒီဆေးကလည်း အလုပ်ရှုပ်သက်သာတာပါပဲ။
(နှလုံးရောဂါ၊ အတက်ရောဂါ၊ စိတ်ရောဂါရှိတဲ့သူတွေ မသောက်ရပါ)

ဆေးသောက်နေရုံနဲ့ 100% မကာကွယ်နိုင်ပါဘူး။ အပေါ်မှာရေးခဲ့တဲ့ ကာကွယ်နည်းတွေကိုပါ လိုက်နာဖို့လိုပါတယ်။
သေချာသိလိုလျှင် အောက်ပါ Link မှာသွားဖတ်ပေးပါ။
www.cdc.gov/malaria/travelers/drugs.html
တကယ်ရောဂါဖြစ်လာရင်ရော ဘယ်ဆေးကိုသောက်မလဲ?
ငှက်ဖျားပိုးလေးမျိုးထဲက ဘယ်ပိုးဝင်လဲဆိုတာ သေချာသိရင်တော့ ဆေးရွေးရတာ အခက်အခဲမရှိပါဘူး။ ဇယားကိုကြည့်ပြီးသောက်နိုင်ပါတယ်။



ဇယားမှာပါတဲ့ ကိုအာတမ်/ လူမာတမ်/ အာတီဖန်ဆိုတာ ပဒုမ္မာကြာကိုပြောတာပါ။
သူ့ရဲ့ Brand Name က Supa Arte ဖြစ်ပါတယ်။ စျေးကလည်း ၅၀၀ အောက်ပဲရှိတာပါ။ ကိုယ့်ရဲ့ ခန္ဓာကိုယ်အလေးချိန်ကို လိုက်ပြီး 1 to 4 ရွေးချယ်သောက်ပေးရမှာပါ။ (ခုချိန်မှာတော့ လွယ်လွယ်နဲ့ဝယ်မရတော့ဘူးလို့ သိရပါတယ်)

RDT မစစ်နိုင်လို့ ဘယ်ပိုးဝင်နေမှန်းမသိရင်၊ ပရိုင်မာကွင်းနဲ့ ကလိုရိုကွင်း မရှိရင် ပဒုမ္မာကြာကိုပဲသောက်ပေးလို့ရပါတယ်။
ခြင်တကောင်ကြောင့် နောက်ထပ်အသက်တွေမဆုံးရှုံးပါရစေနဲ့တော့လို့ ဆုတောင်းပါတယ်။
လင်းမူ, SAGAN
Reference:
https://www.fitfortravel.nhs.uk/destinations/asia-east/myanmar/myanmar-malaria-map
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။
