ကျွန်တော်တို့ ငယ်ငယ်ကတည်းက Vitamin ဆိုတာဘာမှန်းမသိဘဲနဲ့ သကြားလုံးလို ဆေးခဲမျိုးတွေကို သောက်ခဲ့ကြတယ်။
လူကြီးတွေကလည်း ကလေးဉာဏ်ပိုကောင်းမယ်၊ အရပ်ပိုရှည်မယ်ဆိုပြီး တိုက်ကြတယ်၊ ကလေးတွေကလည်း ချိုလည်းချို၊ မွှေးလည်းမွှေးဆိုတော့ ကြိုက်ကြတယ်။
Vitamin တွေကို အမြဲသောက်ပေးနေဖို့လိုအပ်လားဆိုတာ ပြောပြချင်ပါတယ်။
Vitamin ဆိုတာ Micronutrient ထဲမှာ ပါပါတယ်။
ခန္ဓာကိုယ်အတွက် တစ်နေ့ကို နည်းနည်းပဲလိုတာလို့ ပြောချင်တာပါ။
ကျွန်တော်တို့ သိတဲ့ ကစီဓာတ်၊ အစားဓာတ်နဲ့ အဆီဓာတ်တွေကိုတော့ Macronutrient လို့ခေါ်ပါတယ်။ တစ်နေ့ကို များများလိုအပ်လို့ပါ။
တစ်နေ့တစ်နေ့စားသောက်တဲ့အခါမှာ စွမ်းအင် (Calories) ရစေတာက Macronutrients တွေပါ။ Vitamin တွေက စွမ်းအင်ရစေတဲ့အထဲမှာမပါပါဘူး။
ဒါဆို အသက်ရှင်ဖို့ Vitamin ကို မလိုအပ်ဘူးလားလို့ မေးစရာရှိတယ်။
Vitamin ကို ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့၊ ဉာဏ်ရည်ဖွံ့ဖြိုးဖို့ မရှိမဖြစ်လိုအပ်ပါတယ်။
Vitamin တွေကို ၂မျိုးခွဲခြားထားပါတယ်။
ရေမှာပျော်ဝင်တဲ့ (Water-soluble) Vitamin နဲဲ့ ဆီမှာပျော်ဝင်တဲ့ (Fat-soluble) Vitamin ဆိုပြီး ၂မျိုးရှိပါတယ်။
ဒါက ဘာကိုပြောချင်တာလဲဆိုတော့ ရေမှာပျော်ဝင်တယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ပိုလျှံလာတဲ့အခါ ဆီးထဲကနေပါသွားနိုင်တယ်။ အန္တရာယ်မရှိဘူးဆိုပါတော့။
ပြီးတော့ သူတို့ကို ခန္ဓာကိုယ်က အဖက်လုပ်ပြီး သိမ်းမထားဘူး။ အဲ့ဒီတော့ ရေမှာပျော်ဝင်တဲ့ Vitamin တွေပါတဲ့ အစားအသောက်တွေကို နေ့စဉ်ထည့်စား ပေးဖို့လိုအပ်တယ်။
ဆီမှာပျော်ဝင်တဲ့ကောင်တွေကျတော့ ဆီးထဲကနေ မပါသွားနိုင်ဘူး။ အဲ့ဒီတော့ ပိုလျှံတဲ့အခါ ခန္ဓာကိုယ်မှာ ဒုက္ခပေးတယ်။
ပြီးတော့ သူတို့ကို အူကနေစုပ်ယူဖို့ အဆီလိုအပ်တယ်။
ခန္ဓာကိုယ်က သူတို့ကို အဆီဆဲလ် (Fat cells) ထဲမှာပဲ သွားသိမ်းထားတယ်။
Water-soluble Vitamin က Vitamin B နဲ့ C ဆိုပြီး ၂မျိုးရှိတယ်။
Fat-soluble Vitamin ကတော့ Vitamin A, D, E, K ဆိုပြီး ၄မျိုးရှိတယ်။
Vitamin B အကြောင်းအရင် စပြောရရင် သူ့မှာ အမျိုးကွဲ ၈ မျိုးရှိတယ်။
(တစ်ခုချင်းစီက သူ့နေရာနဲ့သူ အရေးပါတာမို့ သေချာပြန်ရေးပါဦးမယ်)
ဒီ ၈ မျိုးလုံး ဘာလုပ်သလဲဆိုတာ ခြုံငုံကြည့်လိုက်ရင် Macronutrients ၃ မျိုးကို စားလိုက်တဲ့အခါ Energy (Calories) ဖြစ်အောင် သူတို့က ကူပြီး ပြောင်းလဲပေးတာပါ။
ရှင်းအောင်ပြောရရင် Vitamin B complex က လမ်းခင်းဖို့အတွက် ကျောက်တုံးကြီး (Macronutrients) တွေကို ကျောက်တုံးလေးတွေ (Calories) ဖြစ်အောင် ထုခွဲပေးတဲ့ အလုပ်သမားတွေလိုပါပဲ။
နောက်ပြီးတော့ သူတို့ကို သွေးနီဥ ပြုလုပ်တဲ့နေရာမှာလည်း လိုပါသေးတယ်။
သူတို့ကို ဘယ်ကရသလဲခြုံပြောရမယ်ဆိုရင်…
ဆန်လုံးညို (ဖြူစွတ်နေအောင် မဖွတ်ထားတဲ့ဆန်) ၊ အနီရောင်အသား၊ ငါး၊ ဥ၊ နို့နှင့်နို့ထွက်ပစ္စည်း၊ အစေ့အဆံ၊ အစိမ်းရင့်ရောင် အသီးအရွက်တွေမှာ တွေ့ရပါတယ်။ ဘာစားစားရနေသလိုပါပဲ။
သားသတ်လွတ်သမားတွေမှာတော့ B12 ချို့တဲ့တတ်ပါတယ်။
သူတို့တစ်ခုချင်းစီ နည်းသွားရင် ရောဂါတွေရတတ်ပါတယ်။
ဥပမာ Vitamin B12 နည်းသွားရင် သွေးအားနည်းရောဂါ (Anaemia) ရတတ်ပါတယ်။ (အရပ်ထဲမှာတော့ သွေးအားနည်းတယ်ဆိုရင် သံဓာတ်အားနည်းလို့ဆိုပြီးပဲ သိကြပါတယ်၊ B12 နည်းနေရင်လည်း ဖြစ်တတ်တယ်ဆိုတာ သိသင့်ပါတယ်)
B1, B6, B12 တစ်ခုခုနည်းသွားရင်လည်း ခြေလက်တွေမှာ ထုံတာကျဉ်တာမျိုး (Peripheral Neuropathy) တွေဖြစ်လာတတ်ပါတယ်။
(အကျယ်ရေးမှ အသေးစိတ်ပြောပါတော့မယ်)
Vitamin C အကြောင်းဆက်ပါမယ်။
သူ့ရဲ့အဓိက အလုပ်ကတော့ ကိုယ်ခံအားကောင်းအောင် လုပ်ပေးတာပါ။ ခန္ဖာကိုယ်တစ်ရှုးတွေ ပျက်စီးရင်လည်း သူကပြင်ပေးနိုင်ပါတယ်။
Vitamin C ကို ချဉ်တဲ့အသီးတွေမှာ ပါတယ်လို့ လူတွေက သိကြပေမယ့် မာလကာသီး၊ သင်္ဘောသီးတို့မှာ ပိုပါတယ်ဆိုတာ သိပ်မသိကြပါဘူး။ ဟင်းသီးဟင်းရွက်မှာဆို ပန်းပွင့်စိမ်း (Broccoli) နဲ့ ငရုတ်ပွသီး (Peppers) မှာ အများဆုံးပါဝင်ပါတယ်။
ခန္ဓာကိုယ်မှာ Vitamin C နည်းနေတဲ့အခါ Scurvy လို့ခေါ်တဲ့ရောဂါဖြစ်တတ်ပါတယ်။
အရင်ခေတ်က ပင်လယ်ထဲရွက်လွှင့်တဲ့ သင်္ဘောသားတွေမှာ ဖြစ်တတ်တယ်။ ဘာလို့လဲဆို အခြောက်အခြမ်းတွေပဲစားရပြီး အသီးအနှံတွေမစားကြရဘူး။
ဒီရောဂါကြောင့် ရေစီးကမ်းပြိုလိုက်တာတို့၊ သွားဖုံးကနေသွေးထွက်တာတို့၊ သွားတွေမခိုင်တာတို့ ဖြစ်တတ်တယ်။ အရမ်းဆိုးလာရင် သေနိုင်တယ်။
Vitamin C နည်းတဲ့အခါ ခဏခဏဖျားတတ်တယ်လို့လဲ ဆိုတယ်။
မြန်မာပြည်မှာ Covid-19 positive ဖြစ်တဲ့ လူနာတွေရဲ့ Treatment ကိုကြည့်လိုက်တဲ့အခါမှာ Vitamin C 500mg ကိုလည်း တစ်ခုအပါအဝင်တွေ့ရတယ်။
စာတွေမှာလည်း အာဂန္ဓုဖျားနာတဲ့အခါ Vitamin C သောက်ရင် အဖျားပျောက်တာမြန်တယ်လို့လည်း ရေးကြတယ်။
Vitamin A အကြောင်းဆက်တာပေါ့။
သူ့ရဲ့အဓိက အလုပ်က အမြင်အာရုံအတွက်ပါပဲ။ အလင်းကိုလက်ခံနိုင်တဲ့ ဆဲလ်လေးတွေအတွက် သူက လိုအပ်ပါတယ်။
ဘယ်မှာအများဆုံးပါသလဲဆို အနီရောင်အသား၊ ငါး၊ ဥအမျိုးမျိုးကနေ ရနိုင်သလို အစိမ်းရောင်အရွက်၊ အဝါရောင်၊ လိမ္မော်ရောင်ရှိတဲ့ အသီးအနှံတွေကနေ ရနိုင်ပါတယ်။
ဒါတွေမှတ်ရတာအလုပ်ရှုပ်တယ်ဆိုရင် မုန်လာဥနီနဲ့ ဟင်းနုနွယ်ရွက်သာများများစားပေးပါ။
သူ ခန္ဓာကိုယ်မှာ နည်းနေတာ ဖြစ်တောင့်ဖြစ်ခဲပါပဲ။ ဘာလို့လဲဆို အစားအစာတိုင်းမှာ Vitamin A က နည်းနည်းစီပါနေလို့ပါ။
သူနည်းရင်တော့ ကြက်မျက်သင့်ရောဂါဖြစ်တတ်ပါတယ်။ ညဘက်မှာ မမြင်ရတာပါ။ (ညဘက်မှာ မီးထွန်းထားရင်တော့ မြင်ရတာပေါ့၊ မှောင်ရင် မမြင်ရတာကိုပြောတာပါ)
Vitamin D အကြောင်းဆက်ပြောပါမယ်။
သူရဲ့ အဓိက Source ကတော့ နေရောင်ခြည်ပါပဲ။ အရေပြားနဲ့နေရောင်ခြည်ထိရင် Vitamin D အလိုလိုရနေတာပါ။
နေပူစာလှုံတဲ့အခါ မနက်စောစောဖြစ်သင့်ပါတယ်။ မနက် ၁၀ နာရီနောက်ပိုင်း နေရောင်ခြည်နဲ့ အရေပြားနဲ့ တိုက်ရိုက်မထိတွေ့သင့်ပါဘူး။
အစားအသောက်တွေ (အသား၊ ငါး၊ Vitamin D ဖြည့်ထားတဲ့နို့) မှာလည်း နည်းနည်းတော့ပါတတ်ပါတယ်။
သူ့ကိုတော့ အရိုးတွေကျန်းမာနေဖို့ လိုအပ်ပါတယ်။ အရိုးမှာ Calcium ပါတာတော့ သိကြမှာပါ။
ဒီ Calcium ကို စုပ်ယူနိုင်ဖို့အတွက် Vitamin D ကိုလိုအပ်ပါတယ်။
Vitamin D နည်းနေရင် အရိုးပျော့ရောဂါဖြစ်နိုင်ပါတယ်။
Vitamin E နဲ့ K အကြောင်းပြောတာ တွေ့ရခဲပါတယ်။
Vitamin E က အရေပြားပေါ် UV Rays တွေထိတဲ့အခါ ပျက်စီးသွားတဲ့ဆဲလ်တွေကို ပြုပြင်ပေးနိုင်ပါတယ်။
သူ့ကို အလှအပရေးရာ Product တွေမှာ အတွေ့များပါတယ်။
Vitamin K ကတော့ သွေးခဲဖို့အတွက်လိုအပ်တဲ့ ပစ္စည်းတွေကို ထုတ်ပေးနိုင်အောင် လုပ်ပေးပါတယ်။
သူနည်းနေတဲ့အခါ သွေးမတိတ်တာမျိုးတွေဖြစ်တတ်ပါတယ်။
သာမန်လူတစ်ယောက်အနေနဲ့ Vitamin တွေကို နေ့စဉ်သောက်သုံးဖို့ လိုအပ်သလားဆိုတာ မေးစရာရှိပါတယ်။
အစာအုပ်စု ၃စုလုံး စုံစုံလင်လင်စားနိုင်ရင် Vitamin တွေသောက်ဖို့ မလိုပါဘူး။
Facebook မှာ ရေးနေကြသလိုမျိုး Vitamin D တွေကို နေ့စဉ်သောက်ဖို့လိုတယ်ဆိုတာတွေဟာလည်း သူတို့ဆေးရောင်းရအောင် လိမ်တဲ့ လိမ်လုံးတွေပါပဲ။
Water-soluble vitamin တွေကို နေ့စဉ်သောက်မိနေရင် မလိုတဲ့အခါ ဆီးထဲပါကုန်လို့ ငွေကုန်ကြေးကျများသွားရုံပဲရှိပေမယ့် Fat-soluble vitamin (ဥပမာ Vitamin D) ကို ဆရာဝန်က မပြောဘဲ သောက်မိလို့ကတော့ ခန္ဓာကိုယ်မှာ ဒုက္ခအကြီးအကျယ်ရောက်နိုင်ပါတယ်။
ဒါကြောင့် Vitamin တွေကို ကိုယ့်သဘောနဲ့ကိုယ်မသောက်သင့်ပါဘူး။ အထူးသဖြင့် Fat-soluble vitamin တွေကိုပါ။
သောက်ဖို့လိုတဲ့အခါ စစ်ဆေးပြီး တကယ်နည်းနေမှ ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်သင့်ပါတယ်။
SAGAN
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။















