COVID-19 မြန်မာပြည်မှာဖြစ်တဲ့အခါ Lockdown ချဖို့သတင်းသဲ့သဲ့ကြားတော့ လူတွေ Market တွေကိုသွားပြီး ပစ္စည်းတွေရသလောက် ပြေးဝယ်ကြတာမှတ်မိဦးမှာပါ။
City Mart ထဲဝင်ဖို့ လူတန်းရှည်ကြီးစောင့်ရတာ ကျွန်တော့အနေနဲ့ ဘဝမှာ ပထမဆုံးကြုံဖူးတာပဲ။
အဲ့ဒီလို မဝယ်ဖို့တားလည်း မရပါဘူး။ Facebook ပေါ်မှာ အကြောက်တရားက အရမ်းကြီးသွားပြီကို…။

၁၉၈၃ ခုနှစ်တုန်းက ပါလစ္စတိုင်းကောင်မလေးတစ်ယောက် စာသင်ခန်းထဲမှာ ချောင်းတွေဆိုး၊ အသက်ရှုတွေကြပ်ဖြစ်လာတယ်။
အတန်းထဲကလူတွေလည်း သိပ်မကြာဘူး၊ သူ့လိုရောဂါလက္ခဏာတွေပြလာတယ်။
စုစုပေါင်း လူ ၉၀၀ ကျော် ဒီလိုလက္ခဏာတွေပြလာခဲ့တယ်။ အဲ့ဒီအထဲမှာ အစ္စရေးစစ်သားတွေလည်းပါလာတယ်။
ဒီလိုနဲ့ ပါလစ္စတိုင်းတွေက အစ္စရေးတွေကို Chemical လက်နက်သုံးတယ်လို့ စွတ်စွဲတယ်၊ အစ္စရေးကလည်း လံကြုတ်တွေဆိုပြီး ပြန်ပြောတယ်။
တကယ်လည်း စစ်ဆေးကြည့်လိုက်ရော ဘာရောဂါမှ ရှိမနေကြဘူး။
လက္ခဏာတွေက Psychosomatic လို့ဆိုတယ်။ စိတ်ကြောင့် ဖြစ်လာတာပေါ့။ ဒါကို Mass Hysteria လို့လည်း ခေါ်ကြတယ်။

ဒီလိုဖြစ်ဖို့ ရေခံမြေခံတွေကလည်း ရှိနေတာကိုး။
အစ္စရေးနဲ့ပါလစ္စတိုင်းက အချင်းချင်းယုံကြည်မှုမရှိကြတော့ တစ်ခုခုဖြစ်ပြီဆိုတာနဲ့ တစ်ဖက်ဖက်ကို လက်ညှိုးစထိုးကြတော့တာပဲ။
စိတ်ဝင်စားစရာကောင်းတာက ကောင်မလေးတစ်ယောက် ချောင်းဆိုးပြလိုက်ရုံနဲ့ လူ ၉၀၀ လောက် ချောင်းလိုက်ဆိုးတယ်ဆိုတာပဲ။
Facebook ပေါ်မှာရော ချောင်းဆိုးပြတဲ့ကောင်မလေးတစ်ယောက်ကြောင့် ဘယ်နှယောက်များ ဒုက္ခရောက်ပြီးပြီလဲ?
ဒါကို အကြောက်တရားနဲ့ ဆက်စပ်ပြီး ရှင်းနိုင်ပါတယ်။
ကြောက်ရင်ဘယ်လိုတွေ တုံ့ပြန်လဲဆိုတာ အရင်ကတစ်ခါရေးဖူးပါတယ်။
ပုံမှန် response ကတော့ Fight or flight ပေါ့။
ပြန်ချရင်ချ၊ မချနိုင်ရင်ပြေး…။ ဘာမှသိပ်စဉ်းစားနေစရာမလိုဘူး။

ကြောက်တဲ့အခါမှာ မကောင်းတဲ့သတင်းတွေကို ပိုနားဝင်လွယ်ပါတယ်။ (ဥပမာ COVID ကိုအရမ်းကြောက်ခဲ့ကြတဲ့ကာလတစ်ခုတုန်းက တစ်ယောက် Positive တွေ့ရင်ကိုပဲ ဘယ်သူမှ အပြင်မထွက်ရဲတော့ဘဲ အိမ်ထဲမှာ ဝပ်နေခဲ့ကြသလိုပေါ့)
ဒီနေရာမှာ Media တွေရဲ့ Role က တော်တော်အရေးပါပါတယ်။
ဘာမှမဟုတ်တာ တစ်ခုကို ပုံကြီးချဲ့ပြီး လူတွေကြောက်အောင်လုပ်တဲ့အခါ နောက်ဆက်တွဲဆိုးကျိုးတွေအများကြီး ဖြစ်လာတာပေါ့။
မကောင်းတဲ့သတင်းတွေချည်း တစ်ရက်လုံးကြားနေရတဲ့အခါ တစ်လောကလုံး မကောင်းတော့ဘူးဆိုတဲ့ အသိမျိုးကို ဖြစ်သွားစေပါတယ်။
အထူးသဖြင့် Facebook ပေါ်မှာ အချိန်ကုန်ကြတဲ့ လူတန်းစားတွေပေါ့။
ဒီတော့ Facebook ပေါ်မှာ လူတွေရဲ့စိတ်ခံစားချက်ကို ကြိုးကိုင်ဖို့ (Manipulate) အတွက် တော်တော်လွယ်ကူနေပါတယ်။

အဲ့လိုအလုပ်ခံရတော့ ဘာဖြစ်သလဲ၊ တစ်ရက်ကြောက်သွားပြီး နောက်ရက်ကြရင် ပုံမှန်ပြန်ဖြစ်သွားတာပဲလေလို့ ပြောချင်မှာပေါ့။
ကြောက်သွားတဲ့အခါ၊ စိုးရိမ်သွားတဲ့အခါ လူတွေက Risk သိပ်မယူရဲတော့ဘူး။ ထိန်းထိန်းသိမ်းသိမ်းပဲ လုပ်ကြတော့တယ်။
ဥပမာ ကိုယ့်မှာစုထားတဲ့ငွေနဲ့ ကားတစ်စီးကိုဝယ်မယ်ဆိုပါစို့။
ကားကိုကြိုက်တယ်၊ စျေးလည်းသင့်တယ်၊ ဒါပေမယ့် ပွဲစားကို သိပ်မယုံဘူး။
အဲ့ဒီအချိန်မှာ ဒီကားက ပတ်တီးရိုက်ထားတာကြီး၊ ကီလိုတွေလည်း လျှော့ထားတယ် လို့ သတင်းသဲ့သဲ့ကြားတဲ့အခါ ကားကိုဝယ်ဖို့ တွန့်ဆုတ်သွားတတ်တယ်။
ဖြစ်သင့်တာကတော့ အဲ့ဒီလိုဟုတ်၊ မဟုတ် ကိုယ့်ဘာသာ လိုက်စုံစမ်းသင့်တာပေါ့။ ဒါပေမယ့် သေချာတာတစ်ခုက ကားကို ချက်ချင်းဝယ်ဖြစ်မှာ မဟုတ်တော့ဘူး။

ကြောက်အောင်လုပ်တဲ့အခါ လူတိုင်းက ဒီလိုတုံ့ပြန်တာတော့ မဟုတ်ဘူး။
တချို့တွေက Risk ယူပြီး လုပ်စရာရှိတာကို ဆက်လုပ်သွားကြတယ်။
ဘောလုံးပွဲကြည့်ရင် ဒါကို တွေ့ရတတ်ပါတယ်။
အသင်းငယ်နည်းပြတွေအနေနဲ့ အသင်းကြီးတွေနဲ့ကန်ရင် ရှုံးဖို့ Chance များတယ်ဆိုတာ သိကြတယ်။
ဒီတော့ နိုင်အောင် Risk ယူပြီးကစားမလား၊ ထိန်းထိန်းသိမ်းသိမ်းပဲ သရေကျအောင် ကစားမလား ရွေးရတယ်။
Risk ယူပြီး မထင်ထားတဲ့ကစားကွက်နဲ့ နိုင်သွားတဲ့သာဓကတွေလည်း ရှိပါတယ်။ (ခွက်ခွက်လန်အောင် ရှုံးတာတွေလည်း ရှိတာပေါ့)

ဒီတော့ Stress တစ်ခုအပေါ် လူတွေရဲ့ တုံ့ပြန်ပုံခြင်းမတူကြဘူး။
ဒါဟာ ဘာလို့လဲဆိုတာ Psychologist တွေစမ်းသပ်ထားပါတယ်။
အရမ်းပြိုင်ဆိုင်မှုပြင်းထန်တဲ့တက္ကသိုလ်တစ်ခုက ကျောင်းသားတွေကို Volunteer ခေါ်လိုက်တယ်။
စမ်းသပ်မှုမလုပ်ခင် သူတို့ရဲ့ IQ ကိုစစ်လိုက်တယ်။ အကြမ်းဖျင်း IQ 120 လောက်ရှိကြတယ်။ (IQ 100 က ပုံမှန်ပါ)
ဒီလိုနဲ့နောက်တစ်ခါ သူတို့ကို ထပ်ခေါ်ပြီး IQ Test ထပ်ဖြေခိုင်းပြန်တယ်။ ဒီတစ်ခါမှာတော့ သူတို့ ဖြေနေတုန်းမှာပဲ သူတို့ရဲ့အဆင့်ကို Real time ပြလိုက်တယ်။ (ကွန်ပြူတာနဲ့ဖြေခိုင်းပြီး တစ်ခါတည်းပြတာပါ…)
ပြောချင်တာက ကိုယ် ၁ပုဒ်ဖြေလိုက်လို့ မှန်သွားရင် အဆင့်တက်သွားပြီး မှားရင်တော့ အဆင့်တစ်ခု ချက်ချင်းကြသွားသလိုပေါ့။
အစပိုင်းမှာတော့ လူတိုင်းရဲ့ Score တွေ ပြုတ်ကျကုန်တာပေါ့။ Stress က အရမ်းများတာကိုး။
ဒါပေမယ့် တချို့ကတာ့ တဖြည်းဖြည်းနဲ့ အဖြေတွေမှန်လာပြီး Final score က ပထမဖြေခဲ့တုန်းကထက်တောင် မျာသွားတယ်။
အကြောက်လွန်သွားတဲ့လူတွေကတော့ အမှတ်တွေထိုးကျကုန်တာပေါ့။
အဲ့လိုဖြေနေတဲ့အချိန်မှာ သူတို့ဦးနှောက်တွေကို scan လုပ်နေတာပါ။
အဆင့်တွေကိုစပြီး ပြလိုက်တဲ့အချိန်မှာ အကုန်လုံးရဲ့ Amygdala တွေ စပြီးလှုပ်ရှားလာပါတယ်။ (ဦးနှောက်ရဲ့ကြောက်စေတဲ့အစိတ်အပိုင်းလို့ အလွယ်ပြောလို့ရပါတယ်၊ ဆိုလိုချင်တာက သူတို့ ကြောက်နေကြပြီ)
အဖြေမှန်လာတဲ့သူတွေမှာကျတော့ Amygdala လှုပ်ရှားမှုက တဖြည်းဖြည်းနဲ့ပြန်လျော့သွားပြီး Frontal Lobes လှုပ်ရှားမှုက ပိုများလာပါတယ်။ (ဦးနှောက်မှာရှိတဲ့ စိတ်ကိုထိန်းချုပ်နိုင်တဲ့နေရာလို့ ခပ်လွယ်လွယ်မှတ်နိုင်ပါတယ်)

ဒါကိုကြည့်ရင် အဖြေမှန်လာတဲ့သူတွေသည် သူတို့ရဲ့ကြောက်စိတ်ကို ထိန်းချုပ်နိုင်လိုက်ကြတယ်။
အစပိုင်းမှာခြောက်လို့ကြောက်ခဲ့ပေမယ့် ကိုယ်လုပ်သင့်တာကို ဆက်လုပ်သွားနိုင်ကြတယ်။
လူနဲ့ တိရစ္ဆာန်တွေ မတူတာလည်း ဒီအချက်ပါပဲ။ လူက အကြောက်တရားရဲ့သားကောင် မဖြစ်အောင် Logic ကျကျတွေးတောနိုင်တယ်။
တိရစ္တာန်တွေကတော့ ပြေးမလား၊ ပြန်ချမလားထဲကပဲ ရွေးတတ်ကြတယ်။

လူတွေက ကိုယ်ကံကောင်းနေတယ်ထင်ရင် Risk ယူတတ်ကြတယ်။
ထီဆိုတာ ပေါက်ဖို့အင်မတန်ခဲယဉ်းတယ်ဆိုတာ လူတိုင်းသိကြပေမယ့် ထိုးနေကြတာပါပဲ။
ညကအိပ်မက်ကောင်းလို့၊ ဒီနေ့ မိုးရွာမယ်ထင်ပေမယ့် နေသာလို့၊ ကားသွားတဲ့လမ်းတလျောက် မီးနီမမိလို့ စသဖြင့် ကိုယ်ကံကောင်းနေတယ်လို့ ထင်တဲ့အခါ ကံစမ်းတတ်ကြတယ်။
ဒီစာကိုရေးရတဲ့ရည်ရွယ်ချက်က ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေအပေါ်မှာ ပတ်ဝန်းကျင်အခြေအနေတွေက အများကြီး အကျိုးသက်ရောက်မှုရှိနေတယ်ဆိုတာ တွေးမိသွားစေချင်တာပါ။
SAGAN
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။