ကျွန်တော်တို့လေ့လာနိုင်တဲ့ စကြဝဠာကြီး (Observable Universe) က အလင်းနှစ် ၉၃ billion တောင်ရှိပါတယ်။
ကျွန်တော်တို့ရဲ့ နဂါးငွေ့တန်းဂလက်ဆီ (Milky Way Galaxy) လိုမျိုး ကြယ်စုကြီးတွေသည် စကြဝဠာတစ်ခုလုံးမှာ ၁၀၀ billion လောက်ရှိတယ်လို့ဆိုပါတယ်။
ဒီတော့ ဂြိုလ်တွေလည်း အရမ်းကိုပေါတာပေါ့။ Trillion နဲ့ချီပြီးတော့ကို ရှိတယ်လို့ဆိုပါတယ်။
သက်ရှိတွေသာတကယ်ရှိမယ်ဆိုရင် ခုချိန်မှာ ကျွန်တော်တို့တွေ သူတို့ကို တွေ့မနေရသင့်ဘူးလား။

စကြဝဠာတစ်ခုလုံးကို ပြောဖို့ကခက်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ Milky Way Galaxy ထဲမှာပဲ ပြောကြတာပေါ့။
ဒီထဲမှာ ကြယ်ပေါင်း ၄၀၀ billion လောက်ရှိတယ်လို့ဆိုတယ်။ အဲ့ဒီအထဲမှာမှ ကျွန်တော်တို့ရဲ့နေလိုမျိုး ကြယ်ပေါင်း ၂၀ billion လောက်ရှိတယ်။ ဒီကြယ်တွေရဲ့ ၅ပုံ၁ပုံမှာ ကမ္ဘာအရွယ်အစားရှိတဲ့၊ အသက်ရှင်ဖို့ ဖြစ်ကောင်းဖြစ်နိုင်တဲ့ ဂြိုလ်တွေပတ်လည် ဝိုင်းနေတယ်။
ဒီထဲက 0.1% မှာပဲသက်ရှိတွေ ရှိမယ်ဆိုရင် Milky Way မှာ ဂြိုလ်ပေါင်း ၁သန်းက သက်ရှိတွေကို လက်ခံနိုင်မှာပါ။
(ဂဏန်းတွေနဲ့ထည့်ပြောနေရတာက စကြဝဠာထဲမှာ အခြားသက်ရှိတွေဖြစ်ဖို့ Chance ဘယ်လောက်များလဲဆိုတာ မြင်အောင်လို့ပါ)
ဒါတွေကို Drake’s Equation နဲ့တွက်ချက်ထားတာပါ။
အဲ့ဒီသက်ရှိတွေထဲမှာ မျိုးစိတ်တစ်ခုခုက အာကသထဲကို ခြေမဆန့်နိုင်ကြဘူးလား ဆိုတာ မေးခွန်းထုတ်စရာပါပဲ။

ဒီအတွက် Kardashev Scale ကို ပြောရမှာပါ။ Type ၃မျိုးခွဲထားပါတယ်။

Type 1 civilization တွေက သူတို့ရဲ့ဂြိုလ်ပေါ်မှာရှိတဲ့ စွမ်းအင်ရနိုင်တဲ့နေရာမှန်သမျှကနေ စွမ်းအင်ကို ရအောင်ထုတ်ယူနိုင်ပါတယ်။
ဥပမာ ကျွန်တော်တို့ ရေအားလျှပ်စစ်၊ လေအားလျှပ်စစ် နဲ့ Solar energy တွေကို ရအောင်သုံးနိုင်သလိုပေါ့။
ဒီအတွက် အသုံးပြုရမယ့် Energy Value တစ်ခုရှိပါတယ်။ လူတွေက Type 1 civilization ရဲ့ criteria ထဲကို မဝင်သေးပါဘူး။
နောက်နှစ်ပေါင်း ၂၀၀ လောက်ဆိုဝင်လောက်တယ်လို့ ဆိုပါတယ်။

Type 2 civilization တွေက သူတို့ရဲ့မိခင်ကြယ်ရဲ့ စွမ်းအင်တွေကို အကုန်ယူသုံးနိုင်ပါတယ်။ (ကမ္ဘာအနေနဲ့ ပြောမယ်ဆို နေက စက္ကန့်အမျှ ထွက်နေတဲ့ စွမ်းအင်တွေအကုန်လုံးကို ယူသုံးနိုင်တာပါ၊ ခုချိန်မှာ ကမ္ဘာကို ရောက်တာ နေစွမ်းအင်ရဲ့ ၁ billion ပုံမှ ၁ပုံပဲရှိပါတယ်)
ဘယ်လိုယူသုံးကြမလဲဆိုတာအထိ ပညာရှင်တွေက တွေးဆထားပါတယ်။
နေရဲ့အဝန်းအဝိုင်းတစ်ခုလုံးကို ကာမိတဲ့ Dyson Sphere ကြီးနဲ့ Energy ကိုအကုန်ယူမယ်လို့ဆိုပါတယ်။

Type 3 civilization ကတော့ သူတို့ရဲ့ Galaxy တစ်ခုလုံးကို ထိန်းချုပ်နိုင်ပါပြီ။ အဲ့ဒီမှာရှိသမျှ စွမ်းအင်တွေကိုလည်း ထုတ်ယူသုံးစွဲနိုင်ပါတယ်။
ဒီလောက်ထိ အဆင့်မြင့်သွားရင်တော့ ကျွန်တော်တို့နဲ့ နည်းပညာကွာခြားလွန်းသွားပြီမို့ သူတို့ကို တန်ခိုးရှင်တွေလို့ ထင်မိကြမှာပါ။

ဒီတော့ ဂြိုလ်သားတွေတကယ်ရှိရင် ဒီ ၃မျိုးထဲက အဆင့်တစ်မျိုးမျိုးမှာတော့ ရှိနေမှာပါ။
ဒါပေမယ့် ခုချိန်ထိ သက်ရှိတွေကို မတွေ့ရသေးပါဘူး။
ဘာလို့မတွေ့ရသလဲဆိုတာကို Fermi Paradox နဲ့ ရှင်းပြလို့ရပါတယ်။
Physicist Enrico Fermi ကတော့ “Where is everybody?” ဆိုပြီး မေးခဲ့ဖူးပါတယ်။
သက်ရှိတွေဖြစ်လာဖို့ အတားအဆီးတွေ (Filters) အများကြီးကို ဖြတ်ကျော်ရတယ်လို့ သူကဆိုပါတယ်။
ပထမတစ်ချက်ဖြစ်နိုင်တာက ဒီအတားအဆီးတွေကို လူသားတွေက ဖြတ်ကျော်ခဲ့ပြီးပြီ၊ ဒါပေမယ့် အခြားဂြိုလ်ပေါ်က သက်ရှိတွေက ဒီအဆင့်ကို မကျော်နိုင်ခဲ့ကြဘူး။
(လူသားတွေ တော်တော်ကံကောင်းပါလားဆိုတဲ့ အကောင်းမြင်တဲ့ အမြင်ပေါ့)
ဒုတိယအချက်ဖြစ်နိုင်တာက အတားအဆီးတွေ (Filters) က နည်းပညာတိုးတက်လာတာနဲ့အမျှ ရှိလာမှာပဲ။
နည်းပညာအရမ်းတိုးတက်လာတဲ့ တစ်ချိန်မှာ အဲ့ဒီနည်းပညာကြောင့်ပဲ သက်ရှိတွေမျိုးသုဉ်းသွားနိုင်တယ်။
ဥပမာ Nuclear War ဖြစ်ရင် လူတွေမျိုးသုဉ်းသွားနိုင်သလိုပေါ့။
တစ်ချိန်ချိန်မှာ မလွဲမသွေ ကမ္ဘာကြီးပျက်ပြီး သတ္တဝါတွေအကုန်သေသွားနိုင်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ဖို့ကျန်သေးတယ်လို့ ဆိုတယ်။ ဒါကတော့ အဆိုးမြင်စိတ်နဲ့ ကြည့်လိုက်တာပေါ့။

နောက်တစ်ချက်ဖြစ်နိုင်တာက Type 3 civilization တစ်ခုက သူပိုင်တဲ့ Galaxy မှာ ဖြစ်ပျက်သမျှကို စောင့်ကြည့်နေပြီး တိုးတက်မယ့်အရိပ်အရောင်ပြရင် လာပြီးဖျက်စီးပစ်တာပါ။
(ဒီအချက်ကိုတော့ Cixin Liu ရဲ့ Death’s End မှာ ရေးထားတာဖတ်ဖူးပါတယ်)

နောက်ဆုံးတစ်ခုဖြစ်နိုင်တာကတော့ စကြဝဠာထဲမှာ ကျွန်တော်တို့ဟာ တကယ်ပဲ အထီးကျန်နေတာပါ။

ဒီထဲမှာ စိတ်ဝင်စားဖို့ကောင်းတာက Type 3 civilization တစ်ခုက ကျွန်တော်တို့ဆီလာပြီး ဖျက်ဆီးတာပါ။ (Hypothetical situation အနေနဲ့ စိတ်ဝင်စားစရာကောင်းတာကို ပြောချင်တာပါ…)
ခေါင်းစဉ်အတိုင်းသာဆို အပေါ်က အထိပဲ ရေးဖို့လိုတာပါ။ ဒါပေမယ့် ထည့်ရေးလိုက်ချင်ပါတယ်။
လူတွေ အနေနဲ့တွေးကြည့်ရင်တော့ ဘာလို့များ သူများရဲ့ဂြိုလ်ကို ဖျက်ဆီးမလဲပေါ့။
ဒါပေမယ့် မြင်အောင်ပြောရရင် ကျွန်တော်တို့လည်း အိမ်မှာသူ့ဘာသာ နေနေနဲ့ ပင့်ကူအိမ်တွေကို ရှင်းနေတာပါပဲ။
ငါဒီလိုလုပ်လိုက်လို့ ပင့်ကူတော့ စိတ်ညစ်သွားမှာပဲဆိုပြီး တွေးကြလို့လား။
Type 3 civilization တွေလည်း ဒီလိုပဲပေါ့။ သူတို့လိုချင်တာတစ်ခုရအောင် ကမ္ဘာတစ်ခုလုံးကို မီးလောင်တိုက်သွင်းရင်လည်း သွင်းမှာပေါ့။
ပညာရှင်တွေက ကမ္ဘာကြီးကို လွယ်လွယ်ကူကူနဲ့ ဖျက်ဆီးလို့ရမယ့် နည်းလမ်းကိုလည်း ရှာထားပါသေးတယ်။ (လူတွေသာ Type 3 civilization ဖြစ်သွားရင်တော့ အခြားဂြိုလ်တွေ မလွယ်ကြောပါပဲ…)
Nano technology နဲ့လုပ်ထားတဲ့ Probe တစ်ခုပဲလိုပါတယ်။
ဒီ Probe က သူ့ရှေ့မှာရှိသမျှ အရာအကုန်လုံးကို Molecule တွေဖြစ်အောင် ဖျက်ဆီးနိုင်ပြီး ကိုယ်လိုချင်တဲ့အရာဖြစ်အောင် ပြန်တည်ဆောက်နိုင်ကြပါတယ်။
ပြီးတော့ သူ့ဘာသာလည်း နောက်တစ်ခုဖြစ်အောင် “ပွား” နိုင်ပါတယ်။
(ဒီနည်းကို Arthur C. Clark ရဲ့ 2010 Space Odyssey မှာရေးထားတာဖတ်ဖူးပါတယ်)

ဒါပေမယ့် Type 3 civilization တွေက ခုလိုမျိုး ရန်လိုချင်မှလည်း လိုမယ်လို့ ပြောကြပြန်တယ်။
ကြယ်တစ်ခုရဲ့ Energy ကို Matrioshka Brain (Dyson Sphere တွေပေါင်းထားတဲ့ Structure) နဲ့ အကုန်ရအောင်ယူလိုက်ရင် မျိုးစိတ်တစ်ခုလုံးက သူတို့ရဲ့သိစိတ်ကို Computer ပေါ်မှာ Upload လုပ်ပြီး Simulation တွေထဲမှာပဲ နေသွားလို့ရတယ်။


ဒါဆိုရင် သေတယ်ဆိုတာလည်း မရှိတော့ဘူး၊ စိတ်ညစ်တယ်ဆိုတာလည်း မရှိတော့ဘူး၊ ကွန်ပြူတာထဲမှာပဲ ကိုယ်လုပ်ချင်တာလုပ်ပြီး ပျော်သလောက်နေသွားနိုင်ပြီပေါ့။
SAGAN
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။
A bit complicated, but cool.
LikeLike
Thanks. Keep reading!
LikeLike
Could you please write more about the last part ;uploading one’s mind/ spirit on computer or chip and become immortal? I am interested in that theory. I once found that theory in season 6 of “the 100” Netflix series.
LikeLike
ရေးပေးပါမယ်။ ဒီလိုအကြောင်းတွေ ရေးရင် ဖတ်တဲ့သူနည်းလို့ သိပ်မရေးဖြစ်တာပါ။
LikeLike