ဆယ်တန်းစာမေးပွဲကို အိပ်မက်မက်ကြခြင်းအပါအဝင် အိပ်မက်နှင့် psychology အယူအဆများ (Part 2)

ပထမပိုင်းက အိပ်မက် ၁၀မျိုးကို အခု တခုစီ အဖြေရှာကြည့်ကြရအောင်။

အောက်မှာပြောပြမယ့် အိပ်မက်တွေရဲ့ message တွေက အများလက်ခံယူဆထားတဲ့ အယူအဆ (Freud theory) ပေါ်မူတည်ပြီး ဖွင့်ဆိုထားတာဖြစ်ပါတယ်။ သိပ္ပံနည်းကျ 100% မှန်ကန်မည်လို့တော့ အာမ မခံနိုင်ပါခင်ဗျ။

၁။ အဆင်သင့်မဖြစ်သေးတဲ့ စာမေးပွဲတွေဖြေရတယ်လို့ မက်တတ်ကြပါတယ်။

လူတိုင်းလိုလို အဲ့လို အိပ်မက်တွေမက်ဖူးကြပြီး တယောက်နဲ့တယောက် စာမေးပွဲအမျိုးအစားမတူကြပါဘူးတဲ့။

ဥပမာ ဆယ်တန်းစာမေးပွဲဖြေဖူးတဲ့သူက ဆယ်တန်းကိုပြန်စွဲပြီး မက်ကြတယ်။

သရုပ်ဆောင်မင်းသားမင်းသမီးတွေဆို သရုပ်ဆောင်လူရွေးပွဲကိုမက်လေ့ရှိတယ်။

ဝန်ထမ်းတွေဆို အလုပ်ဝင်စာမေးပွဲ interview စတာတွေကိုမက်တတ်ပါတယ်။

မက်လိုက်တိုင်း အေးအေးဆေးဆေး စာမေးပွဲကိုမဖြေရတတ်ဘဲ စာတွေမေ့ကုန်တာ ၊ အချိန်မမှီတော့တာ ၊ interview ဆိုရင် ပြောရမယ့်စကားတွေမေ့ကုန်တာ ထစ်ကုန်တာ စတဲ့ အလွဲအချော်တွေပဲမက်လေ့ရှိပါတယ်။

ဒီလို အိပ်မက်တွေရဲ့ latent content ကတော့ သူများတွေရဲ့ အဆုံးဖြတ်ပေးတာခံရတယ်။ judge အလုပ်ခံရတယ်လို့ ခံစားရတဲ့အခါ မက်တတ်ပါတယ်တဲ့။
သူများပြောတဲ့စကားတွေက ကိုယ့်ကို မလုံဖြစ်စေတယ်၊ ကိုယ့်ကိုစောင်းပြောနေတာများလားဆိုပြီး စိတ်ခုစေတဲ့အခါမှာလဲ မက်တတ်တယ်လို့ဆိုပါတယ်။

၂။ လူကြားထဲ ကိုယ်လုံးတီးဖြစ်သွားတယ်လို့ မက်တတ်ကြပါတယ်။

ဒီလိုအိပ်မက်မျိုးက အရှက်တကွဲ တခုခုဖြစ်ရတဲ့အခါ ၊ စိတ်မလုံခြုံတဲ့အခါ မက်တတ်တယ်လို့ဆိုပါတယ်။

၃။ တစုံတယောက် လိုက်လို့ ထွက်ပြေးရတယ်။ အကောင်တကောင်ကောင် လိုက်ကိုက်လို့ ပြေးရတယ်ဆိုပြီးလဲ မက်တတ်ပါတယ်။

ဒီလိုမက်တဲ့သူတွေက ကလေးသူငယ်တွေဖြစ်လေ့ရှိပြီး physically အားနည်းသူ၊ ကြောက်ရွံ့တတ်သူတွေမှာ ပိုတွေ့ရတတ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ မကြံ့ခိုင်သူတွေ ၊ ကိုယ့်ကိုယ်ကို အရွယ်အစားသေးတယ်လို့ မြင်နေသူတွေမှာ မက်တာမျိုးဖြစ်ပြီး

အရွယ်ရောက်ပြီးသား လူကြီးတွေမှာ မက်ရင်တော့ စိတ်ပင်ပန်းမှု (stress)အလွန်ပိနေတဲ့ လက္ခဏာတခုပါပဲ။

၄။ အမြင့်တနေရာက ပြုတ်ကျတယ်လို့ မက်တတ်တယ်။

ဒီလိုမက်တယ်ဆိုရင် လက်ရှိအခြေအနေက သင့်ကိုအတော်လေး လွှမ်းမိုးချုပ်ကိုင်ထားတာကိုပြပြီး
သင်ကဘာကိုမှ ထိန်းကြောင်းလုပ်ကိုင်လို့မရနေတာ၊ သင့်စိတ်ကြိုက်လုပ်ခွင့်မရတာကိုပြနေပါတယ်တဲ့။

၅။ တနေရာသွားနေရင်း လမ်းပျောက်သွားတာလဲမက်တတ်ပါတယ်။

အဲ့လိုမက်ရခြင်းက တကယ့်လက်တွေ့ဘဝမှာလဲ သင်ကဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့ အခြေနေကိုရောက်နေတာဖြစ်နိုင်ပြီး ဘဝမှာ လမ်းပျောက်နေတဲ့ကာလ (သို့) လိုချင်တာမရနိုင်တဲ့ကာလ ဖြစ်နေတတ်ပါတယ်တဲ့။ (so sad but true , Right? :’) )

၆။ သွားတွေကျိုးကုန်တယ်လို့ မက်တာ

ဒီအိပ်မက်မျိုးကိုမက်တဲ့အခါ မိမိခံစားချက်တွေကို လျစ်လျူရှုခံထားရတယ်လို့ ခံစားနေရမယ်။

ရန်လိုနေတဲ့ စိတ်ဆက်နေတဲ့ ခံစားချက်တွေရှိနေမယ်လိုဆိုပါတယ်။

၇။ သဘာဝဘေးရန်တခုခုနဲ့ ကြုံရတယ်လို့
မက်ရင်တော့ မိမိခံစားချက်တွေကို လက်ရှိကြုံနေရတဲ့ မိမိ ပြဿနာတွေက လွှမ်းမိုးထားပြီး ပြဿနာတွေရော ခံစားချက်တွေရော ဖြေရှင်းလို့မရဘဲ တစတစ ကြီးထွားပေါက်ကွဲကုန်တတ်တယ်လို့ ဆိုလိုပါတယ်။

၈။ လေထဲမှာ ပျံနေတယ်လို့ အိပ်မက်မက်ရင်တော့
အခြေနေတခုခုကနေ ထွက်ပေါက်အဖြစ် ပြေးထွက်လိုက်ချင်တဲ့ခံစားချက် ၊ ပြဿနာတွေကနေ လွန်မြောက်ချင်တဲ့ စိတ်ကို ပြသနေပါတယ်တဲ့။

၉။ သေကောင်းပေါင်းလဲ ဒဏ်ရာရနေတာ သေလုဆဲဆဲဖြစ်နေတာလို့ အိပ်မက်ရင်တော့ တကယ့်လက်တွေ့ဘဝမှာလဲ သေချင်နေတယ်လို့ ပြောလို့မရပါ။
ဖြစ်နိုင်တာကတော့ လက်တွေ့ဘဝမှာ တခုခုက ဆက်လက်ရှင်သန်ဖို့မဖြစ်နိုင်တော့ဘဲ တစတစပျောက်ကွယ် ထွက်ပြေးသွားတာကိုဆိုလိုပါတယ်တဲ့။

ဥပမာ ချစ်သူနဲ့ ရှေ့ဆက်ဖို့မဖြစ်နိုင်တော့တာ ၊ အသက်မွေးဝမ်းကြောင်းတခုကို ဆက်လက်လုပ်ဖို့မဖြစ်နိုင်တော့တာ ၊ ကိုယ့်ရဲ့ ကျွမ်းကျင်မှုတခုကို ဆက်အသုံးချလို့ မရတော့တဲ့အခါမျိုးမှာ မက်တတ်ပါတယ်။

၁၀။ ကားမောင်းရင်း ကားကိုထိန်းလို့မရတော့တာလဲ မက်တတ်ကြပြီး

နေ့စဥ်ဘဝမှာ stress တွေများနေတာ ၊ကြောက်ရွံ့စိတ်တွေပြည့်နေတာ ၊ မိမိစိတ်နဲ့မိမိ ဘာကိုမှထိန်းချုပ်ခွင့်မရှိတာတွေကို ပြသနေပါတယ်တဲ့။

ဒီလောက်ဆိုရင် အိပ်မက်တွေအကြောင်းနဲ့ အယူအဆတွေကို နားလည်လောက်ပြီမို့ ဒီမှာပဲ အဆုံးသတ်ပါရစေ။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

2 thoughts on “ဆယ်တန်းစာမေးပွဲကို အိပ်မက်မက်ကြခြင်းအပါအဝင် အိပ်မက်နှင့် psychology အယူအဆများ (Part 2)

  1. Page ကိုရော telegram channel ကိုရော စထောင်ကတည်းက သိခဲ့တာပါ။ အခုမှရေးဖြစ်တော့တယ်။ ဘာမှတော့မဟုတ်ပါဘူး။ နားထားတဲ့ အတောအတွင်းလည်း မဖတ်ရသေးတာတွေကို ရှာဖတ်ဖြစ်ကြောင်း၊ စာပြန်ရေး ကြမယ့်အချိန်ကို စောင့်နေကြောင်းပြော ချင်လို့၊ ရေးတဲ့စာတွေ အတော်လေးကောင်းမွန်ကြောင်းကို ပြောဖို့ မလောက်ပေမယ့် အတော်လေးသဘောကျမိပါတယ်။ psychology အကြောင်းတွေကို အကြိုက်ဆုံးပါပဲ။ ဖတ်ရင်းလှူလို့ရတဲ့ channelတွေအများကြီးထဲကမှ science nuts ကို အရင်ဆုံး ပြေးဖတ်ရတဲ့အထိ သဘောကျတာ။ အပိုပြောတာလို့တော့ မထင်လိုက်လေနဲ့ဗျာ။ ဒီလောက်ပါပဲ admin တွေ ကျန်းမာရေးဂရုစိုက်ပါလို့ပြောရင်း စာလည်း မြန်မြန်ပြန်ရေးနိုင်ကြပါစေဗျာ။

    Like

Leave a comment

Design a site like this with WordPress.com
Get started