ဒိုင်နိုဆောများကို ပြန်လည်အသက်သွင်းနိုင်မလားနှင့် Cloning နည်းပညာ (Part 1)

သင်သာ Jurassic Park ရုပ်ရှင်ကြည့်ဖူးရင် ဒိုင်နိုဆောတွေ ကမ္ဘာပေါ်ကို ပြန်ရောက်လာပြီး သောင်းကျန်းဒုက္ခပေးကြပုံကို ကောင်းကောင်းသိမှာပါ။

ရုပ်ရှင်ထဲမှာတော့ ပယင်းကျောက်ထဲမှာ ပိတ်မိနေတဲ့ ခြင်ဗိုက်ထဲက ဒိုင်နိုဆောသွေးကနေ DNA ကိုယူပြီး ဒိုင်နိုဆောတွေကို ပြန်အသက်သွင်းခဲ့ပါတယ်။

လက်တွေ့ဘဝမှာရော အဲ့လိုလုပ်လို့ရတဲ့ နည်းပညာရှိနေပြီလား။

ဒီလိုခပ်ဆင်ဆင်တူတဲ့ နည်းပညာကို genetic engineering မှာ Cloning လို့ခေါ်ပြီး တကယ့်သက်ရှိတချိူ့ကို ပုံတူပွား မွေးနိုင်ခဲ့ပါတယ်။

Clone နည်းပညာနဲ့ ပထမဆုံး ပုံတူပွားနိုင်ခဲ့တဲ့ တိရစ္ဆာန်ကတော့ Dolly လို့ခေါ်တဲ့ သိုးမလေးပဲဖြစ်ပါတယ်။

1996 ခုနှစ်မှာ စတင်ပုံတူပွား မွေးဖွားခဲ့တာဖြစ်ပြီး Scotland နိုင်ငံက ဇီဝဗေဒပညာရှင်အဖွဲ့က ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

သူတို့လုပ်ခဲ့တဲ့ ပုံတူပွားနည်းလမ်းကတော့ သိုးမလေးတကောင်ကနေ မျိုးဥကို ယူပြီး သူ့ရဲ့ nucleus ကိုထုတ်လိုက်ပါတယ်။

Nucleus ဆိုတာ cell တိုင်းမှာရှိပြီး မျိုးရိုးဗီဇပစ္စည်းတွေသိမ်းထားတဲ့နေရာပါ။

လူရဲ့ခန္ဓာကိုယ်နေရာတိုင်းက cell တွေထဲမှာ မျိုးရိုးဗီဇက ၁ စုံပါတယ်။ (Diploid) လို့ခေါ်ပါတယ်။

ဒါပေမယ့် မျိုးပွားအင်္ဂါထဲက cell တွေမှာတော့ မျိုးရိုးဗီဇ ၁ ခုပဲပါ ပါတယ်။(Haploid) လို့ခေါ်ပါတယ်။

မျိုးပွားတယ်ဆိုတာ အထီးဆီက မျိုးရိုးဗီဇ တခုနဲ့ အမဆီက မျိုးရိုးဗီဇ တခုပေါင်းကြပြီးမှ Diploid ဆိုတဲ့ သန္ဓေသားဖြစ်ရတာပါ။

အပေါ်က ပုံတူပွားတဲ့နည်းလမ်းကို ပြန်ဆက်ရရင် သိုးမရဲ့ မျိုးဥထဲမှာ မျိုးရိုးဗီဇက Haploid ပဲပါလို့ ထုတ်ပစ်လိုက်ပြီး တခြား သိုးမတကောင်ရဲ့ နို့အုံထဲက nucleus ကိုယူပြီး ပထမသိုးမရဲ့ မျိုးဥထဲပြန်ထည့်လိုက်ပါတယ်။

ဆိုလိုတာက Haploid ကိုဖယ်ပြီး Diploid nucleus ကိုထည့်လိုက်တာပါ။

အဲ့တော့ သိုးထီးဆီက Sperm မလိုဘဲ အလိုလို Diploid cell ဖြစ်သွားပြီး သက်ရှိဆက်ဖြစ်လာနိုင်သွားပါတယ်။

အဲ့နည်းကို Somatic cell nuclear transfer လို့ခေါ်ပြီး ဖန်တီးထားတဲ့ သန္ဓေသားကို electric shock နဲနဲလေး လေးပေးလိုက်ရင် cell တွေစတင်ပွားလာပါတော့တယ်။

အဲ့ သန္ဓေသားကို တတိယသိုးမတစ်ကောင်ရဲ့ သားအိမ်ထဲမှာ ထည့်ပြီး မွေးဖွားခိုင်းလိုက်ပါတယ်။

တကယ်ပဲ သိုးမလေးတကောင်မွေးလာပြီး Dolly လို့နာမည်ပေးခဲ့ကြပါတယ်။

Dolly ကို သိုးမ ၃ကောင်ဆီကိုသုံးပြီး ပုံတူပွားခဲ့တာမို့ အဖေမရှိဘဲ အမေ ၃ ကောင် ရှိနေသလိုဖြစ်သွားပါတော့တယ်။

ဒီလို ပုံတူပွားလို့ရတာတော့ ဟုတ်ပါပြီ။

တကယ်ရော အဲ့ clone ကကျန်းမာစွာရှင်သန်ပါ့မလား။

ပတ်ဝန်းကျင်ဒဏ်ကိုရောခံနိုင်ပါ့မလား။

Dolly ကတော့ အသက် ၆ နှစ်မှာ အဆုတ်ရောဂါ ရပြီးသေသွားခဲ့ပါတယ်။

အရွယ်မတိုင်ခင်မှာ စောပြီး သေသွားတာဖြစ်လို့ သိပ္ပံပညာရှင်တွေက clone တွေဟာ ကြာကြာအသက်မရှင်လောက်ဘူး (premature aging) လို့ ယူဆခဲ့ပေမယ့် နောက်ပိုင်း သိုးတွေထပ်ပြီး ပုံတူပွားကြည့်ခဲ့တဲ့အခါမှာတော့ သက်တန်းစေ့နီးပါး နေနိုင်ကြတာကိုလဲတွေ့ရပါတယ်။

ဒါဆိုရင် ဒီနည်းပညာနဲ့ တခြားလုပ်စရာတွေအများကြီးပေါ်လာပါတော့တယ်။

ဥပမာ – မျိုးတုံးသွားတဲ့ တိရစ္ဆာန်တွေကို သူတို့ DNA တွေရှာပြီး ပြန်အသက်သွင်းကြမလား။

ကမ္ဘာဦးအစက ဒိုင်နိုဆောတွေကိုပြန်တွေ့ရအောင် Clone နည်းနဲ့လုပ်ကြမလား။

မျိုးတုံးနိုင်ခြေရှိတဲ့ အကောင်တွေ မျိုးစိတ်တွေကို ကြိုပြီး ပွားထားကြမလား။

လူတွေကိုရော Clone လုပ်ပြီး Super human တွေမွေးထုတ်ကြမလား။

ရုပ်ရှင်တွေထဲကလို လူတွေကို Clone နဲ့မွေးပြီး တိုက်ပွဲဝင်ဖို့ သီးသန့်လေ့ကျင့်ပေးတဲ့ Agency တွေပေါ်လာမလား?

စတာတွေကို ဒုတိယအပိုင်းမှာ အဖြေရှာကြည့်ကြရအောင်။

ဆက်လက်စောင့်ဖတ်ပေးပါဦး။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started