Vampire လို့ခေါ်တဲ့ သွေးစုပ်ဖုတ်ကောင်တွေက ရုပ်ရှင်တွေထဲမှာရော စာအုပ်တွေထဲမှာပါ အတော်လေးရေပန်းစားခဲ့ပါတယ်။
နိုင်ငံခြားရုပ်ရှင်တွေ series တွေမှာလဲ Vampire အကြောင်းကို ခမ်းခမ်းနားနား ရိုက်ပြကြတာ၊ ဇာတ်လမ်းတွေချဲ့ထွင်ပြီး လူစိတ်ဝင်စားအောင်ရိုက်ပြကြတာ မနည်းမနောပါပဲ။
ဒီ Vampire တွေက တကယ်ပဲရှိနိုင်သလား။
သာမန်လူကနေ ဒီလိုဘဝကိုပြောင်းသွားတာလား။
ဆေးပညာမှာရော သွေးစုပ်ဖုတ်ကောင်ပြောင်းသွားနိုင်တဲ့ရောဂါ ရှိသလား။
ဟုတ်ကဲ့…Vampire နဲ့အတော်လေးဆင်တူတဲ့ရောဂါတွေ ဆေးပညာမှာရှိပါတယ်။
Vampire ရဲ့ လူသိများတဲ့ အချက်တွေက
၁။ လူတွေရဲ့ သွေးကိုစုပ်တယ်။
၂။ လူမရှိရင် တိရစ္ဆာန်တွေကိုရှာပြီး သွေးစုပ်ကြတယ်။
၃။ လူတွေနဲ့ ဝေးရာအရပ်မှာနေပြီး လင်းနို့တွေနဲ့ အနေနီးတယ်။
၄။ နေရောင်ကို အလွန်ကြောက်ပြီး နေရောင်ထိရင် အရေပြားတွေလောင်ကုန်တယ်။
၅။ ကြောက်စရာရုပ်သွင်ပြင်ရှိပြီး အစွယ်တွေထွက်နေတယ်။
၆။ ကြက်သွန်ဖြူကိုကြောက်တယ်။
၇။ Vampire အနောက်ကလိုက်ရင် သဲလက်ဆုပ်ဖြစ်ဖြစ် ဆန်လက်တဆုပ်ဖြစ်ဖြစ် ကျဲလိုက်ရင် ဆက်မလိုက်တော့ဘဲ အဲ့သဲတွေ ဆန်တွေကို တစေ့ချင်းရေတွက်နေလေ့ရှိတယ်။
၈။ Vampire အကိုက်ခံရရင် မကြာခင် Vampire ဘဝကိုပြောင်းသွားတယ်။
ဒီအချက်တွေက လူသိများတဲ့ Vampire အကြောင်းတွေပဲဖြစ်ပါတယ်။
ဒီထဲက တချို့အချက်တွေက ဆေးပညာထဲက ရောဂါတွေနဲ့ ဆင်တူနေလို့ Vampire ဆိုတာ တကယ်တမ်းတော့ ရောဂါဝေဒနာခံစားနေရတဲ့ သာမန်လူနာတွေလို့ ယူဆလာကြပါတယ်။
တကယ့်လူနာတွေမဟုတ်ရင်တောင် ဒီလိုလက္ခဏာရှိတဲ့လူနာတွေကို စာရေးဆရာတွေက မြင်ပြီး သူတို့စိတ်ကူးနဲ့ ပေါင်းစပ်ကာ ကြောက်စရာကောင်းတဲ့ Vampire အဖြစ်တီထွင်ရေးသားလိုက်ကြတာလဲဖြစ်နိုင်ပါသေးတယ်။
ဒါဆို အဲ့ရောဂါတွေကို စပြီး ဖတ်ကြည့်လိုက်ရအောင်။
ပထမဆုံး ဖြစ်နိုင်တဲ့ရောဂါကတော့ Porphyria လို့ခေါ်တဲ့ ရောဂါပါ။
Porphyria ဆိုတာ body ထဲမှာ Porphyrin ဓာတ်တွေစုပုံနေတဲ့ရောဂါပါ။
Porphyrin ဓာတ်က Heme ဆိုတဲ့ ရောင်ခြယ်ပစ္စည်းထုတ်တဲ့နေရာမှာသုံးတဲ့အရာဖြစ်ပါတယ်။
သွေးတွေနီနေရတာ Heme ဆိုတဲ့အနီရောင်ပါလို့ဖြစ်ပြီး Heme ဖြစ်ဖို့ porphyrin ကကုန်ကြမ်းပစ္စည်းဖြစ်ပါတယ်။
ခန္ဓာကိုယ်မှာ Heme ထုတ်လုပ်တဲ့ enzyme တခုခုချို့ယွင်းသွားရင် ကုန်ချော Heme မထွက်တော့ဘဲ ကုန်ကြမ်းဖြစ်တဲ့ Porphyrin တွေစုပုံလာပါတယ်။
စုပုံလာတဲ့ Porphyrin တွေက အရေပြားမှာ
သွားပြီးအနည်ကျတဲ့အခါ ဒီလိုလူနာတွေက နေရာင်နဲ့ထိလို့မရပါဘူး။
နေရာင်ခံလိုက်တာနဲ့ Porphyrin တွေက နေရောင်ကိုစုပ်ယူပြီး ဓာတ်ပြုတဲ့အတွက် အရေပြားမှာ လောင်ကျွမ်းသလိုဖြစ်ကာ အရေကြည်ဖုတွေထလာပါတယ်။
အရေပြားတွေက မီးလောင်သလိုဖြစ်ပြီး ခံရလဲခက် အရေကြည်ဖုတွေနဲ့ ရုပ်ဆိုးလာပါတယ်။
တိတိကျကျပြောရရင် PTC လို့ခေါ်ပါတယ်။ (Porphyria Cutanea Tarda)
ဒါ့အပြင် များပြားစုပုံနေတဲ့ Porphyrin တွေက ဆီးထဲမှာလဲ ပါလာတတ်ပြီး ဆီးအရောင်နီကြင့်ကြင့်ကြီးတွေဖြစ်လာပါတော့တယ်။
ဒီရောဂါသမားတွေက နေရောင်ကိုလဲကြောက်တယ်….ဆီးကလဲ သွေးရောင်လို အနီရင့်တွေ ပေါက်တဲ့အခါ Vampire နဲ့တော်တော်လေးဆင်တူပါတယ်။
ဒါ့အပြင် ထူးခြားတာတခုက သွေးသောက်ရင် သူတို့လက္ခဏာတွေက ပိုသက်သာတတ်ပါတယ်တဲ့။
အကြောင်းရင်းကို နဲနဲချုံ့ပြီးရှင်းပြရရင်
Heme ကိုထုတ်တဲ့ enzyme တွေထဲမှာ rate limiting enzyme တခုဖြစ်တဲ့ delta ALA synthase ဆိုတဲ့ကောင်ကို final product ဖြစ်တဲ့ Heme ကပြန်ပိတ်နိုင်လို့ပါပဲ။ (Feedback inhibition by heme)
ဒါကြောင့်
သွေးကိုသောက်ရင် သွေးထဲက Heme ကိုပြန်ရလို့ Vampire တွေ ခံစားရတာ သက်သာသွားတယ်လို့ ဆိုပါတယ်။
နားရှုပ်သွားရင် အလွယ်ပဲပြန်မှတ်ရအောင်။
သွေးသောက်ရင် သူတို့ခံစားနေရတဲ့ ဝေဒနာ သက်သာနိုင်တယ်လို့ သိလာတဲ့အတွက် သွေးကိုအငမ်းမရ လိုက်ရှာသောက်တတ်ကြပါသတဲ့။
နေရောင်ထိတဲ့အခါ ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး ကြောက်ဖို့ကောင်းလာတယ်။
ဒါကြောင့် ဒီလိုရောဂါရှင်တွေက အရင်ခေတ်က
ဘာဖြစ်မှန်းမသိကြဘဲ ရုပ်ဆိုးလာလို့ ရှက်ပြီး လူတွေနဲ့ဝေးဝေးနေရာကနေ ရွာပြင်ကတောအုပ်ထဲမှာ သွေးစုပ်ဖုတ်ကောင်တွေရှိတယ်ဆိုပြီး သတင်းတွေထွက်လာတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
တချို့အခြေနေအရမ်းဆိုးတဲ့ extreme case တွေဆိုရင် သွားဖုံး (Gum atrophy) တွေပါပျက်စီးကုန်လို့ သွားတွေကပိုထင်ရှား ပြူထွက်လာတာကို အစွယ်တွေရှိတယ်လို့ ထင်မှတ်မှားကြတာဖြစ်နိုင်ပါတယ်။
လူတွေက ဒီလိုရောဂါသည်တွေကို Vampire လက္ခဏာတွေနဲ့ တူလို့ သွေးစုပ်ဖုပ်ကောင်လို့ သမုတ်ကြရင်း နာမည်ကြီးလာတာဖြစ်နိုင်ပါတယ်။
Porphyria ရောဂါက အမျိုးကွဲပေါင်း ၈ မျိုးလောက်ရှိပြီး တချို့က မွေးရာပါ မျိုးရိုးအရဖြစ်တာဖြစ်၍ တချို့က သူ့ဘာသာအလိုလိုဖြစ်ကြတာပါ။
Vampire နဲ့အတူဆုံး Porphyria ရောဂါအမျိုးအစားကတော့ PTC လို့ခေါ်တဲ့ Porphyria Cutanea Tarda ဖြစ်ပါတယ်။
စကားချပ်။
ဒီရောဂါက vampire နဲ့ဆင်တယ်လို့ ဟိုးအရင်က ယူဆခဲ့ကြတာဖြစ်ပြီး နောက်ပိုင်း ဆေးပညာမှာ ဒီအယူအဆက မဖြစ်နိုင်ဘူးလို့ ပြန်လည်ချေပထားတာတွေ ရှိပါတယ်။
စာရေးသူအနေနဲ့လဲ ဒီလိုမဖြစ်နိုင်တဲ့အချက်တွေကိုပါ ဆက်လက်တင်ပြသွားပါမယ်။
(ဒီစာကိုရေးရခြင်းမှာ Porphyria ဝေဒနာရှင်များကို စော်ကားလိုခြင်း မဟုတ်ရဘဲ စိတ်ဝင်စားစရာကောင်းသော ဆက်နွယ်မှုတခုကို ဗဟုသုတအနေနဲ့ တင်ပြခြင်းဖြစ်ကြောင်း နားလည်ပေးစေလိုပါသည်။)
အပိုင်း ၂ ကိုဆက်လက် ဖတ်ရူပေးပါဦးဗျ။
Thanks for your time!
လင်းမူ
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။








