သင်ဟာ တကယ်ပဲ သူများနဲ့မတူဘူးလား?

Facebook ပေါ်မှာ တစ်ခါက “တို့က သူများနဲ့မတူဘူး” ဆိုတာကို ဝိုင်း Share ကြ၊ Comment မှာလည်း ထောက်ခံကြဆိုတော့ Unique ဖြစ်တဲ့လူတွေ တော်တော်များပါလားလို့ ထင်လိုက်မိတယ်။
Biology အရပြောမယ်ဆို လူတွေရဲ့ DNA က 99.9% တူတူပဲလို့ဆိုတယ်။ ကျန်ခဲ့ 0.1% ကြောင့် လူအမျိုးမျိုး၊ စိတ်အထွေထွေဖြစ်လာကြတာပါ။
ပြီးတော့ လက်ဗွေရာ (Finger Print) ၊ သွား (Dental Record) တွေကလည်း အချင်းချင်း မတူညီဘဲ Unique ဖြစ်တယ်လို့ဆိုပါတယ်။
ဒါဆို မျိုးရိုးဗီဇ (Genetic) အရတော့ လူတစ်ယောက်ချင်းဆီက ထူးခြားတယ်လို့ ဆိုရမှာပေါ့။

စိတ်တွေကရော တစ်ယောက်တစ်မျိုးပဲလား။ တစ်ယောက်နဲ့တစ်ယောက် တကယ်မတူကြဘူးလား။

ဒီအတွက် အကောင်းဆုံး ဥပမာကတော့ Apple ကွန်ပြူတာတွေ စျေးကွက်ထဲစရောက်ခါစက IBM ကို မယှဉ်နိုင်ဘူး။ ဒါနဲ့ Marketing Campaign တစ်ခုလုပ်လိုက်တယ်။
Edison, Eistein, Gandhi တို့ပုံတွေသုံးပြီး “Think Different” လို့ ကြော်ငြာလိုက်တာပဲ။
လူတွေက Apple Product တွေပြေးဝယ်ကြတာပေါ့။ ခုခေတ်မှာတော့ ကျွန်တော်တို့ဆီမှာ အပါအဝင် လူတော်တော်များများက Apple မှ Apple ဖြစ်နေကြပါပြီ။
လူတိုင်းသာ သူတို့ကြော်ငြာထဲကလို “Think Different” ဖြစ်ရင် Apple ဒီလောက်အောင်မြင်လာစရာကို မရှိပါဘူး။

ကျွန်တော်တို့တွေ သူများနဲ့မတူချင်ကြပေမယ့် သူများတွေဘာတွေးနေလဲ၊ ဘာလုပ်နေလဲဆိုတာတော့ စိတ်ဝင်စားကြတယ်။ ဒါကြောင့်ပဲ Peer Pressure ဆိုတာ ရှိနေတာပေါ့။
ဥပမာ ကိုယ့်ပတ်ဝန်းကျင်မှာ အများစုက ဒီသီချင်းကိုနားထောင်နေကြရင် ကိုယ်လဲနားထောင်မှ လူရာဝင်မယ်ဆိုတဲ့ စိတ်မျိုးရှိတတ်ကြတယ်။
လူတော်တော်များများက ဒီပစ္စည်းကိုသုံးနေရင် ကိုယ်လည်းသုံးရမယ်ဆိုတဲ့ အတွေးမျိုးဝင်နေတတ်တယ်။ (ဒါကတော့ သူဌေးတွေအတွက်ပြောတာပါ…)

ရုပ်ရှင်တွေထဲက ဇာတ်ကောင်တွေရဲ့လုပ်ရပ်တွေ၊ ဟန်ပန်တွေက လူတွေအပေါ်မှာ လွှမ်းမိုးမှုရှိတယ်။
ဥပမာ ကျော်ဟိန်းက ဇာတ်လမ်းတစ်ခုထဲမှာ (နာမည်မေ့နေ) ဆေးလိပ်သောက်ပြတော့ လူငယ်တွေကြားထဲမှာ ဆေးလိပ်သောက်တာ ခေတ်စားလာတာမျိုးပေါ့။
အဆိုတော်တွေကိုလည်း ဒီလိုပါပဲ။ Nirvana က Kurt Cobain ရဲ့ပုံစံမျိုးကို လူငယ်တွေ သဘောကျကြတော့ သူ့ပုံစံလိုက်နေကြသလိုပေါ့။ (Suicide လုပ်တာကလွဲလို့…)

သူများတွေဘာလုပ်လဲ လိုက်ကြည့်နေပြီး ကိုယ့်ကိုယ်ကို Unique ဖြစ်တယ်ပြောကြတာက ဆန့်ကျင်ဘက် ၂ခုလိုဖြစ်နေတယ်။

အဲ့ဒါကို Psychologists တွေက စမ်းသပ်ထားပါတယ်။
စမ်းသပ်ခံမယ့် Volunteer တွေကို တစ်မနက်လုံး ဘာမှမစားခိုင်းဘဲ Lab မှာကျွေးမယ်ဆိုပြီး ခေါ်လိုက်တယ်။ အငတ်ငတ်အပြတ်ပြတ် ဗိုက်ဟောင်းလောင်းနဲ့ရောက်လာကြတာပေါ့။
သူတို့ကို အစားအစာ အမျိုး ၈၀ လောက်ကို Rate လုပ်ခိုင်းလိုက်တယ်။ စမ်းသပ်မှုပြီးရင် ဒီ အမျိုး ၈၀ ထဲက ကိုယ်ကြိုက်တာ ၁မျိုးကို ကျွေးမယ်လို့ ပြောထားတယ်။

ဒါပေမယ့် သူတို့ မရွေးခင် ရှေ့လူတွေဘာရွေးသွားလဲဆိုတာ ပြလိုက်တယ်။ (တကယ်တော့ လိမ်တာပါ၊ သူမကြိုက်ဖူးလို့ ဖြေခဲ့တဲ့အထဲက စားစရာတစ်ခုကို ရွေးပြီးပြတာ)
အကုန်ပြီးသွားတဲ့အခါကျတော့ ရှေ့လူတွေရဲ့ရွေးချယ်မှုက သူ့ရဲ့ရွေးချယ်မှုအပေါ် သက်ရောက်မှုရှိလားဆိုတာ တည့်ပဲ မေးလိုက်တယ်။
တော်တော်များများက မရှိဘူး၊ ကိုယ်ကြိုက်တာကိုယ်ရွေးစားတာပဲ လို့ဖြေတာပေါ့။
ဒါပေမယ့် ၅ပုံ၁ပုံလောက်ကတော့ သူတို့လုံးဝမကြိုက်ဘူးလို့ ပြောထားတဲ့ အစာကို ရွေးသွားကြတယ်။
ဒီလိုစမ်းသပ်တာက ကြိုက်ခြင်း၊ မကြိုက်ခြင်း Personal Preference နဲ့ဆိုင်နေတယ်ဆိုတော့ ၅ပုံ၄ပုံကို လှည့်စားလို့မရခဲ့ဘူး။

Illustration and Painting

ဒါနဲ့နောက်တစ်မျိုးစမ်းကြတာပေါ့။
ဒီတစ်ခါတော့ Volunteer တွေကို ဝမ်းနည်းစရာကောင်းတဲ့ Documentary တစ်ခုပြတာပါ။
ပြီးသွားတဲ့အခါ Documentary ထဲမှာပါတဲ့အကြောင်းတွေကို အသေးစိတ် Quiz ပြန်မေးတာပေါ့။ (ဥပမာ အင်္ကျီအရောင်၊ လူအရေအတွက်)

ရက်နည်းနည်းကြာတော့ နောက်တစ်ခါထပ်ခေါ်ပြီး Quiz ကိုဖြေခိုင်းပြန်တယ်။
ဒီတစ်ခါမှာတော့ မဖြေခင် တခြားလူတွေဘာဖြေသွားလဲဆိုတာကို ပြထားတယ်။ (အဖြေတွေကို လိမ်ထားတာပါပဲ)
သူပထမတစ်ခေါက် ဖြေသွားတဲ့အဖြေနဲ့ ဆန့်ကျင်ဘက်ကို အကုန်လုံးကဖြေထားကြောင်း ပြတဲ့အခါ ၇၀% လောက်က သူတို့အဖြေကို ပြင်လိုက်ကြပါတယ်။
မေးခွန်းအကုန်ဖြေပြီးတဲ့အခါမှာ စမ်းသပ်တဲ့သူက အဖြေတွေက လိမ်ထားတာပါ၊ သူ့ရဲ့အဖြေတွေမှာ ဒီအဖြေတုတွေရဲ့ လွှမ်းမိုးမှုရှိနေလားလို့ မေးတယ်။
တစ်ဝက်လောက်က မရှိဘူးလို့ ယတိပြတ်ငြင်းကြတယ်။

ကျွန်တော် အရင်တစ်ခါက ရေးထားတဲ့ “ယုံကြည်ခြင်းများကိုချေဖျက်ခြင်း” ဖတ်ဖူးတဲ့သူဆိုရင်တော့ လူတွေက ကိုယ်ယုံချင်တာကိုပဲဆက်ပြီး ယုံကြတာမဟုတ်ဘူးလားလို့ ထောက်စရာရှိပါတယ်။

https://ouo.io/4t5Tt5 (ဖတ်ချင်ရင် ဖတ်နိုင်အောင် link ပေးလိုက်ပါတယ်)

ဟုတ်ပါတယ်… ဒါပေမယ့် ခုဖြစ်နေတာက လူအကုန်လုံးက ကိုယ့်အဖြေနဲ့ဆန့်ကျင်ဘက်ကို ဖြေထားလို့ပါ။ ဒီထဲက တစ်ယောက်ယောက်ကများ ကိုယ်နဂိုသိတဲ့အဖြေနဲ့ တူအောင်ဖြေထားရင် အခြားလူတွေ ဘာဖြေထားဖြေထား ဂရုမစိုက်ကြတော့ပါဘူး

ဒီတော့… လူတွေက ထူးခြားတယ်၊ တခြားသူနဲ့မတူဘူးလို့ ဆိုနေကြပေမယ့် ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကိုခံနေရတာပဲ။
လွှမ်းမိုးခံရမှာပေါ့၊ ဒါက အသက်ရှင်ဖို့အတွက် အရေးပါတာကို လို့ပြောရမှာပါ။

ပင်ကွင်းတွေနဲ့ ဥပမာပြပြီး နိဂုံးချုပ်လိုက်ချင်ပါတယ်။ ရေထဲကို ငါးရှာဖို့ သွားချင်ပေမယ့် သူတို့ကိုစားမယ့် ပင်လယ်ဖျံတွေကို ကြောက်ရပါတယ်။ ဒီတော့ ဒိုင်ဗင်ထိုးမဆင်းခင် အုပ်စုလိုက် အငူလေးပေါ်မှာ တိုင်ပတ်နေတတ်တယ်။

အဲ့ဒီအခါမှာ သူရဲကောင်းတစ်ယောက်က ဒိုင်ပင်ထိုးဆင်းသွားတယ်ဆိုရင် အကုန်လုံးက အခြေအနေအကဲခတ်ခွင့်ရသွားပြီ။ ဒီကောင်သေရင် အန္တရာယ်ရှိတယ်ပေါ့။ ဒီကောင်မသေတာသေချာမှ အကုန်လုံး ဒိုင်ဗင်ထိုးဆင်းကြတော့တယ်။
တစ်ခါတစ်ခါလည်း သူရဲကောင်းက အစမ်းသပ်ခံအဖြစ် တွန်းချခြင်းခံရပါတယ်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started