(Part 1 ကိုအရင်ဖတ်ပေးပါ)
ဘုရားဟောနဲ့ပြန်ဆက်ပါမယ်။
သတ္တဝါတို့သည် ရေပေါ်တွင်ပျံနှံ့နေသည့် မြေဆီကို စတင်စားသုံးကြ၏။ အရသာသည် အလွန်နှစ်သက်ဖွယ်ဖြစ်သဖြင့် တပ်မက်ခြင်းတဏှာသည် သူတို့သန္တာန်တွင် ဖြစ်ပေါ်လာ၏။ သူတို့စားသုံးသောအတိုင်းအတာပေါ်မူတည်ပြီး သူတို့ခန္ဓာကိုယ်များသည် အစိုင်အခဲဖြစ်လာကြပြီး ပုံသဏ္ဍာန်အမျိုးမျိုး၊ ရုပ်အဆင်းအမျိုးမျိုးကွဲပြားလာကြသည်။ ဤဖြစ်စဉ်သည်ရှည်လျားလှသော ကာလပတ်လုံး ဆက်လက်ဖြစ်ပေါ်နေ၏။

Science ဖက်က ပြောပါဦးမယ်။
Eukaryote တွေပေါင်းမိကြပြီး ရေနေသတ္တဝါတွေဖြစ်လာပါတယ်။
ရေနေသတ္တဝါဆိုလို့ ငါးတို့၊ ရေဘဝဲတို့ကို မမြင်ပါနဲ့။ အဆင့်မြင့်သတ္တဝါတွေ မဖြစ်လာသေးပါဘူး။
ဒီသတ္တဝါလေးတွေဟာ ရေထဲကမြေကြီးတွေ၊ ကုန်းမြေအနီးကမြေကြီးတွေကို အာဟာရအတွက် စားသုံးကြပါတယ်။
တချို့တွေဆို မြေကြီးထဲမှာ ပေါပေါများများရတဲ့ Calcium တွေကို သုံးပြီး သူ့ကိုစားမယ့် အခြားအကောင်တွေရန်က ကာကွယ်ဖို့ ခန္ဓာကိုယ်မှာ အကာအကွယ် အမာတစ်ခုဖြစ်လာပါတယ်။ ဒါက အရိုးတွေဖြစ်လာတာရဲ့အစပါ။

ဒီသတ္တဝါတွေဟာ အာဟာရအတွက် စားသုံးနေကြပြီဆိုတော့ “ငါ စားဖို့ ရှာရဦးမယ်” ဆိုတဲ့စိတ်မျိုးဖြစ်လာပါတယ်။ (တဏှာဆိုတဲ့ သဘောကို မြင်အောင်ပြောတာပါ၊ သူတို့ဟာ တွေးခေါ်တတ်တယ်လို့ ပြောချင်တာမဟုတ်ပါ)
ဒီမတိုင်ခင်ကဖြစ်ခဲ့တဲ့ Cyanobacteria နေရာက ဝင်ကြည့်ကြည့်ပါ။ နေရောင်ရှိရင် အစာဖြစ်တယ်၊ အသက်ရှင်ရပ်တည်ဖို့လုံလောက်တယ်ဆိုတော့ “အစာရှာရမယ်” ဆိုတဲ့ အသိမျိုးရှိမှာမဟုတ်ပါ။ တဏှာဆိုတာ မရှိသေးဘူး။
စားသုံးသောအတိုင်းအတာပေါ်မူတည်ပြီး အစိုင်အခဲဖြစ်လာတယ်ဆိုတာ အစာစားကြတဲ့အတွက် ခန္ဓာကိုယ်ဖွံ့ဖြိုးလာတာကိုပြောချင်တာပါ။
(ကျွန်တော်တို့က ဘုရားစာကိုဖတ်ရင် တန်ခိုးတွေ၊ ပါဝါတွေအနေနဲ့ မြင်နေကြတော့ တခါတခါ လိုတာထက်ပိုပြီး ရှုတ်ထွေးသွားတတ်ပါတယ်)
ဘုရားဟောမှာတော့ အပင်တွေအကြောင်း နည်းနည်းပါပါသေးတယ်။ ဒါပေမယ့် confirm လုပ်လို့မရတာမို့ ကျော်လိုက်ပါပြီ။
အထီး၊ အမ စပြီးကွဲလွဲလာတာကိုလည်း ဟောထားပါတယ်။
မိန်းမများတွင် မိန်းမ၏ထူးခြားထင်ရှားသော အင်္ဂါရပ်များ ထင်ရှားစွာဖြစ်လာသည်။ ယောက်ျားများတွင်လည်း ယောက်ျား၏ထူးခြားထင်ရှားသော အင်္ဂါရပ်များ ထင်ရှားစွာဖြစ်လာသည်။
ထို့နောက် မိန်းမသည်လည်း ယောက်ျားကို တစိန်းစိန်းကြည့်၏။ ယောက်ျားသည်လည်း မိန်းမကို တစိန်းစိန်းကြည့်၏။ ထိုအခါ ပြင်းစွာတပ်မက်ခြင်း “ရာဂ” သည် ထင်ရှားစွာဖြစ်လာသည်။ ရာဂကြောင့်ဖြစ်သော ပူပန်ခြင်းကို ကိုယ်တွင်ဖြစ်၏။ ထို့ကြောင့် မေထုန်အကျင့်ကို မှီဝဲကုန်၏။
ထိုအခါမှစတင်ပြီး မုန်းတီးမှုများနှင့် ရန်မူခြင်းများ ပေါ်ပေါက်လာကုန်၏။

ဒီနေရာမှာ ယောက်ျား၊ မိန်းမဆိုတာ အထီးနဲ့အမသဘောနဲ့ပဲ ကြည့်စေချင်ပါတယ်။
ဒါကို မပြောခင် ဆယ်တန်း Biology က Reproduction အကြောင်းနည်းနည်းပြန်ပြောချင်ပါတယ်။ (တော်တော်များများ မှတ်မိနေကြဦးမယ်ထင်ပါတယ်…)
Reproduction မှာ Asexual နဲ့ Sexual ၂မျိုးရှိတယ်။
Asexual က သူ့ဘာသာ Cell ၂လုံးကွဲပြီး နောက်တစ်ကောင်ဖြစ်သွားတယ်။ မှိုတွေဆိုရင် Budding နည်းနဲ့ တစ်ကောင်ကနေ အများကြီးကွဲနိုင်တယ်။
ဒါက အဆင့်နိမ့်တဲ့ အကောင်တွေမှာ တွေ့ရတယ်။


Sexual Reproduction မှာကျတော့ အထီးရဲ့သုတ် (Sperm) နဲ့ အမရဲ့မျိုးဥ (Ovum) လိုတယ်။
အဆင့်နည်းနည်းမြင့်သွားမှ တွေ့ရတတ်တယ်။
ခုပြောနေတဲ့ အထီး၊ အမကွဲလာတယ်ဆိုတာ Sexual Reproduction နဲ့သွားတဲ့သက်ရှိတွေဖြစ်လာပြီဆိုတာကို ပြောချင်တာပါ။
အဲ့ဒီကနေ တဖြည်းဖြည်းနဲ့လူတွေဖြစ်လာတာပေါ့။

ဒီလိုမေထုန်အမှုပြုတဲ့အချိန်ကနေစပြီး အမုန်းတရားကြောင့် သတ်ကြဖြတ်ကြတာတွေ ဖြစ်လာတယ်လို့ဆိုတယ်။ ဒါက လူကိုတင်ပြောတာမဟုတ်ဘဲ တိရစ္ဆာန်တွေပါ ပါတယ်။
ဒီမတိုင်ခင်ကလည်း သတ်နေဖြတ်နေကြတာပဲ၊ ဒါပေမယ့် မုန်းလို့မဟုတ်ပါဘူး၊ အသက်ရှင်ရပ်တည်ဖို့ အတွက်ပါ။
ခုက စပြီး ဟောတာတွေသည် လူတွေအကြောင်းဖြစ်သွားပါပြီ။
ခိုးမှုစတင်ပေါ်ပေါက်လာသဖြင့် ခိုးမှုကို နှိမ်နင်းရန် တရားဥပဒေသည်လည်း ပေါ်ပေါက်လာ၏။ နောက်ဆုံးတွင် ပြည်သူလူထုထဲမှ ခွန်အားအကြီးဆုံး၊ အခံ့ညားဆုံး၊ အကြည်ညိုထိုက်ဆုံး ပုဂ္ဂိုလ်ကို ရွေးချယ်ပြီး အကြီးအကဲ (သို့) ဥပဒေပြုသူမဖြစ်တင်မြှောက်ကြ၏။
(ဒီနေရာမှာ တချို့စာအုပ်တွေက ဒီလိုမကောင်းမှုတွေကျူးလွန်လို့ လူ့သက်တမ်းက တစ်ဝက်ဆီ လျော့ကျလာတယ်ဆိုပြီး ပြောကြတယ်။ အဲ့ဒါတွေက အဓိပ္ပါယ်မရှိလို့ ထည့်မရေးတော့ပါဘူး။ ကျွန်တော်ဖတ်တဲ့အထဲမှာလည်း အဲ့လိုမရေးထားလို့ပါ။)
ဤတွင် လူတန်းစားအဆင့်အတန်းများ ပေါ်ပေါက်လာ၏။
ခတ္တိယ (အုပ်ချုပ်သူလူတန်းစား)၊ ဗြဟ္မဏ (ဘုန်းတော်ကြီး/ ပုဏ္ဏား)၊ ဝေဿ (ကုန်သည်များ)၊ သုဒ္ဒ (သေးနုပ်သော အလုပ်လုပ်ကိုင်သူ) စသဖြင့် ဖြစ်လာသည်။ (စာရှည်မှာ ကြောက်လို့ အတိုပဲရေးတော့တာပါ)
ဒါလည်း Science က လူတွေ အစုအဖွဲ့နဲ့ ဘယ်လိုဖြစ်လာသလဲ လက်ခံထားတာနဲ့ သွားတူနေပါတယ်။
အင်ပါယာတွေ ဖြစ်လာတာဟာ ဒီနည်းနဲ့ပါပဲ။ အမြင်သာဆုံးကတော့ အီဂျစ်က ဖာရိုဘုရင်တွေပါပဲ။ ဒီကာလတွေမှာ လူတွေဟာ သူ့ အလုပ်အကိုင်နဲ့သူဖြစ်နေကြပြီမို့ လူတန်းစားတွေလည်း ကွဲကုန်ပါတယ်။
အပေါ်မှာ ပြောခဲ့တဲ့ လူတန်းစားခွဲခြားတဲ့ ဇာတ်စနစ်ကို ဟိန္ဒူဘာသာဝင်တွေမှာ အစောပိုင်းကာလတွေ ကတည်းက တွေ့ရပါတယ်။ ဒါပေမယ့် ဒါတွေဟာ ဘုရားရဲ့ခေတ်ကာလ နားမှာမို့ ဟောနိုင်တာ သိပ်မထူးဆန်းဘူးလို့ ပြောချင်ပါတယ်။

Part 1 နဲ့ 2 ပေါင်းပြီး အနှစ်ချုပ်ရရင် ဘုရားဟောခဲ့တဲ့ သက်ရှိတွေဘယ်လိုစဖြစ်လာသလဲဆိုတာ မှန်ကန်နေပါတယ်။ ကမ္ဘာကြီး အစမှာ ဖြစ်ပျက်ခဲ့တာတွေလည်း တူနေပါတယ်။
သိပ္ပံမှာတော့ ခု ကျွန်တော် ရေးထားတာထက် ပိုပြီးအတိအကျပြောထားပါတယ်။
ဘုရားကတော့ လူတွေ သံသရာကလွတ်မြောက်ကြောင်း လိုအပ်တဲ့တရား မဟုတ်ရင် မဟောဘူးလို့ဆိုပါတယ်။
ဒီလောက်ဟောတာ တူနေရုံနဲ့ မှန်တယ်လို့ ယူဆခြင်း၊ မယူဆခြင်းကတော့ စာဖတ်သူအပေါ်မှာပဲ မူတည်ပါတယ်။
SAGAN
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။