ဘယ်သူတွေက Covid စည်းကမ်းတွေကို ပိုချိုးဖောက်တတ်ပါသလဲ?

ဒီမေးခွန်းက စိတ်ဝင်စားစရာပါ။ မကြာသေးခင်က British ကျန်းမာရေးဝန်ကြီးဟာ Covid စည်းကမ်းတွေကို ချိုးဖောက်လို့ ရာထူးက နှုတ်ထွက်သွားခဲ့ပါတယ်။ ဒါကြောင့် Covid စည်းကမ်း ချိုးဖောက်မှုဟာ ကိုယ်ရည်ကိုယ်သွေးနဲ့ ဆိုင်နေသလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာပါတော့တယ်။

လေ့လာမှုတွေအရ ရှေးရိုးဆန်သူတွေက Covid စည်းကမ်းကို ချိုးဖောက်တတ်ပါသတဲ့။ ရှေးရိုးဆန်ပြီး ပျင်းရိနေတတ်တဲ့သူတွေက ပိုချိုးဖောက်ပါသတဲ့။

ပျင်းတယ်ဆိုတာ Lazy ကို ပြောတာ မဟုတ်ဘဲ Boredom ကို ပြောချင်တာပါ။ ငြီးငွေ့တယ်လို့ ဘာသာပြန်ရင်လည်း နည်းနည်းတော့ လွဲနေမလားလို့ပါ။

Boredom ကို သိပ္ပံပညာရှင်တွေက လူတစ်ယောက်ရဲ့ သူရဲ့လုပ်ငန်းကိုင်ငန်းတွေ ပြန်လုပ်ချင်လာတဲ့ အခြေအနေတစ်ခုလို့ သတ်မှတ်ကြပါတယ်။ ဥပမာ – စာကျက်နေရင်း ပျင်းလာတယ်ဆိုတာဟာ စာကျက်ရမှာ Lazy ဖြစ်တာမျိုးမဟုတ်ဘဲ ကိုယ့်အတွက် လုပ်ရတာ ပျော်ရွှင်စေတဲ့၊ အဓိပ္ပာယ်ရှိစေတဲ့ K-drama ကြည့်တာမျိုး၊ ဂိမ်းဆော့တာမျိုး လုပ်ချင်လာတာကို ဆိုလိုပါတယ်။

လေ့လာမှုတွေအရ ရှေးရိုးဆန်၊ ပျင်းရိငြီးငွေ့တတ်တဲ့သူတွေက Covid အစပိုင်းမှာ Mask တပ်၊ ခပ်ခွာခွာနေဆိုတဲ့ စည်းကမ်းတွေကို မလိုက်နာဘဲ ရှိတတ်ကြပါသတဲ့။

အဲ့လိုလူတွေကို လေ့လာကြည့်ရင်လည်း တခြား ပြည်သူ့ကျန်းမာရေး စည်းကမ်းတွေ (လမ်းမပေါ် ကွမ်းတံတွေး ထွေးတာ၊ လူကြားထဲ လေလုံခန်းထဲ ဆေးလိပ်သောက်တာ) ကိုလည်း ချိုးဖောက်ကြပါသတဲ့။ သူတို့တွေရဲ့ နိုင်ငံရေးခံယူချက်ဟာလည်း ရှေးရိုးဆန် Conservative ဖြစ်နေပါသတဲ့

ပျင်းရိငြီးငွေ့ခြင်းက အဆိုပါလူတွေကို ဘဝမှာ အဓိပ္ပာယ်မရှိတော့ဘူးဆိုပြီး ခံစားရစေပါတယ်။ အဲ့တာကြောင့် သူတို့ဘာလုပ်လုပ် အဓိပ္ပာယ် မရှိတော့ဘူး၊ သူတို့ကို ဘယ်သူမှ ဂရုစိုက် အဖက်လုပ်မနေဘူး၊ သူတို့က ဘာလုပ်လုပ် ဘယ်သူ့ကိုမှ ဘာမှမဖြစ်လောက်ပါဘူးဆိုတဲ့ အခြေခံ အတွေး mindset ကနေ သူတို့တွေက စည်းကမ်းကို အလေးမထားကြတော့တာပါ။

တကယ်တော့ ဘဝရဲ့ အရေးပါမှုနဲ့ ဖြစ်တည်မှု အဓိပ္ပာယ်က လူတစ်ယောက်ရဲ့ နေ့စဥ်လုပ်ကိုင်သွားလာမှုနဲ့ နိုင်ငံရေး ခံယူချက်အထိပါ သက်ရောက်မှု ရှိနေတာပါ။

Mask တပ်၊ ခပ်ခွာခွာနေ၊ Vaccine ထိုးဆိုတာတွေက အခုအချိန်မှာ နိုင်ငံရေးလှုပ်ရှားမှု တစ်ခုလို ဖြစ်လာနေပါတယ်။ ထရန့်ကလည်း သူ့လက်ထက်မှာ ကာကွယ်ဆေးတွေ Licence ချပေးခဲ့တယ် ကြွေးကြော်ခဲ့သလို ဘိုင်ဒင်ကလည်း ပထမ ၃လမှာ လူသန်း ၁၀၀ ပြည့်အောင် ကာကွယ်ဆေးထိုးမယ်လို့ ကြွေးကြော်ပြီး ရွေးကောက်ပွဲ မဲဆွယ်ခဲ့တာပါပဲ။

ဒါကြောင့် လွယ်လွယ် ပျင်းရိငြီးငွေ့တတ်သူတွေက ဒီစည်းကမ်းတွေကိုကြည့်ပြီး အဓိပ္ပာယ်မရှိသလို ဖြစ်လာပါတယ်။ ဒါကြောင့် အဲ့စည်းကမ်းတွေကို မသိမသာ ချိုးဖောက်နေခြင်းအားဖြင့် သူတို့ရဲ့ ဘဝအဓိပ္ပာယ်နဲ့ ဖြစ်တည်မှုကို ပြန်ရလာတယ်လို့ ခံစားရပါတယ်။

ရှင်းအောင် ပြောပြရရင် Mask တပ်ခိုင်းတယ် “မတပ်ဖူးကွာ ဘာလုပ်လို့ရမှာလဲ” ဆိုပြီး ဘုတောတာတွေက ဒီ boredom ကြောင့် ဖြစ်လာတာပါ။ အနည်းဆုံးတော့ ဒီကောင်တွေ ငါမတပ်လည်း ဘာမှ မလုပ်နိုင်ပါလားဆိုတဲ့ “ငါ ဖြစ်တည်မှု” က ပြန်လည်နိုးကြားလာပါတယ်။

Boredom မှာလည်း ၂မျိုးရှိပါသတဲ့။ လူကိုယ်တိုင်ကိုက bored ဖြစ်တတ်တဲ့သူ (Trait boredom) နဲ့ ပြင်ပလှုံ့ဆော်မှု တစ်ခုကြောင့် bored ဖြစ်လာသူ (State Boredom) ဆိုပြီး ၂မျိုး ရှိသတဲ့။ ပင်ကိုယ်ပျင်း နဲ့ အလုပ်ပျင်း ပေါ့။

သိပ္ပံပညာရှင်တွေက boredom ဆိုတာ လူတွေ ကိုယ့်အတွက် အဓိပ္ပာယ်ရှိစေတဲ့ အလုပ်ကို ရွေးချယ်လုပ်ကိုင်စေတဲ့ mechanism တစ်ခုလို့တောင် ပြောကြပါသေးတယ်။ စာကျက်ရမှာ ပျင်းတဲ့သူက Language မှာ ပျော်ပိုက်ပြီး Translator ကောင်း တစ်ယောက် ဖြစ်လာနိုင်သလိုပေါ့။

ဒီ Boredom ကို သိလာခြင်းအားဖြင့် သိပ္ပံပညာရှင်တွေက လူထုကို Covid စည်းကမ်းတွေနဲ့ ပတ်သက်ပြီး လုပ်နိုင်တာကိုပဲ အလေးထားပြီး နှိုးဆော်သင့်တယ်လို့ ပြောဆိုကြပါတယ်။ မလုပ်နိုင်တာကို ဇောင််းပေးပြောတာက လူတွေရဲ့ စိတ်ထဲမှာ လုပ်နိုင်စွမ်းအသိ (sense of agency) ပျောက်ဆုံးပြီး Boredom ဖြစ်လာစေတယ်လို့ ပြောကြပါတယ်။

လက်ကိုခဏခဏဆေးပါ။
Mask တပ်ပါ . . . စတာတွေက

လူချင်း ခပ်ခွာခွာနေပါ။
ဖျားနာလာရင် သီးခြားခွဲနေထိုင်ပါ . . . ဆိုတာတွေထက် လိုက်နာမှုများတာကို တွေ့ရမှာပါ။

အရှင်းဆုံးပြောရရင် ဆန္ဒပြတာတောင်မှ လူချင်း ခပ်ခွာခွာ မပြကြပေမယ့် Mask တော့ တပ်ပြီး ရင်ဘောင်တန်း ချီတက်ခဲ့ကြတယ် မဟုတ်ပါလား။

Lucifer

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started