လူတစ်ယောက်ဟာ သူ့ကိုယ်သူ ငါဘာလဲ ပတ်ဝန်းကျင်က ဘာလဲ သိလာရင် ဘဝစပြီလို့ ပြောလို့ရပါတယ်။ ဖေဖေ မေမေ ဘိုးဘိုး ဘွားဘွား ထမင်း မုန့် ရေ ဟီးဟီး ဗြဲ စတဲ့ ပတ်ဝန်းကျင်နဲ့ ပြင်ပ သက်ရောက်မှုတွေဟာ ဘဝရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ လူတစ်ယောက် ရှင်သန်ကြီးထွား ဖွံ့ဖြိုးတိုးတက်လာတာနဲ့ သူ့ရဲ့ ပတ်ဝန်းကျင်အပေါ် သိတဲ့သိစိတ်ကနေ ဘဝဆိုတာ ရုပ်လုံးပေါ်လာပါတယ်။
တည်ရှိမှု ဆိုတာ ဖြစ်တည်မှုနဲ့ တူသလား?
ဒါက မြန်မာ or ဗမာစကားလုံး ဝေါဟာရ အဓိပ္ပာယ် ဖွင့်ဆိုမှုပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် တူချင်မှ တူလိမ့်မယ်။ ဒါပေမယ့် တစ်ယောက်ချင်းစီရဲ့ နက်နဲတဲ့ ဖွင့်ဆိုရှင်းပြမှုတွေကို သေချာလေ့လာ မေးကြည့်ရင် သိပ်ကွာမှာ မဟုတ်ဘူး။ အောက်မှာ လွယ်လွယ် နားလည်အောင် ရှင်းပြပါ့မယ်။
အခန်းရှိမယ်။ စားပွဲရှိမယ်။ ပန်းသီးတစ်လုံး တင်ထားမယ်။ ဒါတွေအားလုံးဟာ ရှိနေကြတာပါ။ ပိုင်ဆိုင်တဲ့ ရှိခြင်းမဟုတ်ဘဲ အခန်းထဲမှာ တည်ရှိနေကြတာ ဖြစ်ပါတယ်။
အခန်းက သူ့ဘာသာ ရှိတယ်။ အခန်းထဲမှာ စားပွဲရှိနေတာကို အခန်းက တုန့်ပြန်မှု မလုပ်ပါဘူး။ ထို့အတူ ပန်းသီးရှိနေတာကိုလည်း အခန်းနဲ့ စားပွဲက တုန့်ပြန်တာ မလုပ်ပြန်ပါဘူး။ အဲ့တာဟာ သူ့ဘာသာ ဒီအတိုင်း သဘာဝအရ အခန်း စားပွဲ ပန်းသီးဟာ တည်ရှိနေကြပါတယ်။ ဒါကို Being လို့ ယူဆပါမယ်။
ဒါပေမယ့် လူတစ်ယောက်ကို အခန်းထဲ ထည့်လိုက်ပြီ ဆိုပါစို့။ သူက အခန်းထဲ ဝင်ပါမယ်။ အကျဥ်းအကျယ် သိမယ်၊ အရောင်တွေ သိမယ်၊ စားပွဲကို မြင်မယ်၊ ကျွန်းစားပွဲလား၊ ကော်စားပွဲလား၊ ပန်းသီးကို မြင်မယ်၊ စားလို့ရမလား၊ ပုပ်နေမလား၊ တွေးခေါ်မှုတွေ ဆက်တိုက်လုပ်ပါမယ်။
ဒါဟာ လူတစ်ယောက်ရဲ့သဘာဝအရ တည်ရှိမှုလို့ ပြောချင်လည်း ရပေမယ့် စားပွဲ၊ ပန်းသီးတွေရဲ့ တည်ရှိမှုတွေနဲ့ မတူပါဘူး။ လူဟာ အခြားတည်ရှိမှုကို ထည့်သွင်းစဥ်းစားရင်းနဲ့ မိမိဘဝအပေါ် ဖြစ်လာမယ့် အကျိုးသက်ရောက်မှုတွေကို ဆက်တိုက် စဥ်းစားပါတော့တယ်။ အဲ့တာကို လူရဲ့ ဖြစ်တည်မှု (Existence) လို့ ခေါ်ပါမယ်။

အဲ့အခါမှာ လူဟာ တည်ရှိနေရာကနေ (From Being) ဖြစ်တည်လာရပါတယ် (into existence)။ ဒါဟာ လူတွေရဲ့ ထူးခြားမှု တစ်ခု ဖြစ်လာတယ်။

ခုနက အခန်းထဲမှာကို လူ ၂ယောက် ထည့်လိုက်ရင် လူဟာ အချင်းချင်း ဆက်သွယ်ပါပြီ။ သူ့ရဲ့ ဘဝဟာ သူမဟုတ်တော့ဘဲ သူဟာ ပတ်ဝန်းကျင်ရဲ့သူ နှင့် သူ့နဂိုသူ ဖြစ်သွားပါတော့တယ်။ (I am what others think Vs I am what I think)

ဒါဟာ ဒီစာထဲမှာ ပါတဲ့ တည်ရှိမှုနဲ့ ဖြစ်တည်မှုရဲ့ ကွာခြားချက်ပဲ ဖြစ်ပါတယ်။ လူဟာ တည်ရှိရုံသက်သက် မရပါဘူး။ ပတ်ဝန်းကျင်နဲ့ အပြန်အလှန် ဖြစ်တည်နေရတဲ့အတွက် (ပတ်ဝန်းကျင်က ပြဌာန်းတဲ့အတိုင်း) “ဖြစ်”နေရသလို (ကိုယ့်သဘာဝ၊ ကိုယ့်ပင်ကိုယ်ဟန်အတိုင်း) “တည်ရှိ”လာရပါတယ်။ အဲ့အချက်ကြောင့်ပဲ လူနဲ့ ပတ်ဝန်းကျင်ရဲ့ သဟဇာတ ဖြစ်မှု၊ လူနဲ့ ပြင်ပရဲ့ တုန့်ပြန်ဆက်သွယ်မှုတွေဟာ ဘဝကို အဓိက မောင်းနှင်လာရတာ ဖြစ်ပါတယ်။
အပေါ်က ဥပမာမှာဆိုရင် အခန်းထဲရောက်လာတဲ့လူဟာ သူ့ရဲ့”ကိုယ်ပိုင်ဟန်လူ”နဲ့ “ပန်းသီးရှိတဲ့ အခန်းထဲကလူ” ဆိုပြီး ၂မျိုးကွဲထွက်သွားပါတယ်။ အဲ့လိုဖြစ်လာတာကြောင့် လူဟာ သူ့ရဲ့ ကိုယ်ပိုင်ဟန် နဲ့ ပတ်ဝန်းကျင်က သတ်မှတ်ပေးတဲ့ character ကြားမှာ အပြင်းအထန် တိုက်ပွဲ ဝင်ရပါတယ်။
ကျောင်းတက်ရတယ်။ စာကြိုးစားရတယ်။
လိမ္မာရတယ်။ နာခံရတယ်။ ရိုသေရတယ်။
ကောင်းမွန်ရတယ်။ ကိုယ်ချင်းစာရတယ်။

အဲ့လို ပတ်ဝန်းကျင်က သတ်မှတ်ပေးတဲ့ လက္ခဏာတွေကြောင့် လူမှာ တန်ဖိုးတွေ ရှိလာတယ်။ တန်ဖိုးရှိတယ်ဆိုတာ တန်ဖိုး ဂဏန်းတစ်ခု ရှိလာတာမဟုတ်ဘဲ စံသတ်မှတ်ထားတဲ့ တန်ဖိုးတွေ ရလာတာ ဖြစ်ပါတော့တယ်။
ဥပမာ ကျောင်းသားဆိုရင် စာကြိုးစားရမယ်။ တစ်နှစ်တစ်ခါ အတန်းတက်ရမယ်။ တစ်နေ့စာ တစ်နေ့မှန်မှန် ကျက်ရမယ် စသဖြင့်ပေါ့။
ဒီအကြောင်းတွေ ဘာလို့ရေးနေလဲ။
Existential Crisis ကို ရှင်းပြချင်လို့ပါပဲ။ Existence ကို နားမလည်ရင် Crisis ကို နားမလည်မှာမို့လို့ Existence ဆိုတာ လူတွေ သိထားသလို ခပ်လွယ်လွယ် ဖြစ်လာတာ မဟုတ်ဘူးဆိုတာကို ရေးပြရခြင်း ဖြစ်ပါတယ်။

Part 2 မှာ တည်ရှိမှုနဲ့ ဖြစ်တည်မှုတွေက ဘဝကို ဘယ်လိုရိုက်ခတ်နေလဲဆိုတာကို ရေးပါဦးမယ်။ အဲ့တာတွေပြီးမှ Existential Crisis ကို ရေးပါမယ်။
Lucifer
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

