(Part 1 အရင်ဖတ်ပေးပါ)
ဟုတ်ပြီ။ ဘဝကြီးဟာ တည်ရှိနေတာ မဟုတ်ဘူး။ ဖြစ်တည်နေတယ်ပဲ ထားပါတော့။ ဘာလုပ်ရမှာလဲလို့ မေးတဲ့သူတွေ ရှိလာပါလိမ့်မယ်။
ဒါဆိုရင် စာရေးသူက ရိုးရိုးရှင်းရှင်းပဲ အဖြေပြန်ပေးရပါလိမ့်မယ်။ ဘဝဟာ ဖြစ်တည်နေတယ်ဆိုရင် လုပ်လို့ရတာတွေ အများကြီးပါ။

လူတွေဟာ ဟိုးသမိုင်း မတင်မီ ခေတ်ကတည်းက လူသားရဲ့ တည်ရှိမှု၊ လူသားရဲ့ ဖြစ်တည်မှုကို နည်းမျိုးစုံနဲ့ ရှင်းပြနေကြတာပါ။ လူဆိုတာ အာဒံ ဧဝကနေ ဘုရားသခင် ဖန်ဆင်းမှုမှ တစ်ဆင့် တည်ရှိလာတယ်။ ဗြဟ္မာကြီး ၄ဦးက မြေဆီမြေနှစ်တွေ စားသုံးပြီး ဖြစ်လာတယ်။ ဟော မျောက်က ဆင်းသက်လာတယ်။ မျောက်နဲ့ တူတဲ့ လူမျိုးစုကနေ ဖြစ်လာတယ် စသဖြင့် လူရဲ့ တည်ရှိမှုကို မျိုးစုံ အဖြေရှာကြပါတယ်။
လူရဲ့ဖြစ်တည်မှုကိုရော?
သမိုင်းမှာ Philosophy နည်းနဲ့ ရှာဖွေခဲ့ကြပါတယ်။ ဒါပေမယ့် ဒါဟာ လူတစ်ယောက်ကို လူကိုယ်တိုင်က လူနေရာမှာ ဝင်ပြီး ရှာဖွေတာ မဟုတ်ပဲနဲ့ အခြားသူနေရာကနေပြီး ရှာဖွေတာ ဖြစ်နေခဲ့ပါတယ်။

ဆိုလိုချင်တာ သမိုင်းတစ်လျှောက်မှာ လူတွေက လူတွေကိုပဲ အခန်းအမျိုးမျိုးထဲ ထည့်သွင်းပြီး စမ်းသပ်ခဲ့ကြတာပါ။ တချို့ဆို မစမ်းသပ်ဘဲ အလိုလို သိတာပါဆိုပြီး ပြောကြပါတယ်။ တချို့ကျတော့လည်း ဒီလိုတော့ ဖြစ်သင့်ပါတယ်ဆိုပြီး လူရဲ့ဖြစ်တည်မှုကို မျိုးစုံ ရှာဖွေ အဖြေပေးကြပါတယ်။ အဲ့ကနေပဲ လူတွေဆီမှာ ကြိုတင်သတ်မှတ် မျှော်မှန်းချက်ဆိုတာ ဖြစ်လာရပါတယ်။
ဆရာဝန်ဆိုရင် ဆေးကုရမယ်။ ဘာမလုပ်ရဘူး၊ ညာမလုပ်ရဘူး။
ယောက်ျားဆိုရင် ဘာမလုပ်ရဘူး၊ ဘာတော့ လုပ်ရမယ်။
မိန်းကလေးဆိုရင် ဗိုင်းကောင်းကျောက်ဖိ၊ အိမ်ထောင်နိုင်နင်းရမယ် စသဖြင့် လူတစ်ယောက်ရဲ့ ဖြစ်တည်မှုကို လူကိုယ်တိုင်က ပြဌာန်းခွင့် မရှိတော့တဲ့အထိ ဖြစ်လာပါတယ်။ လူတွေကပဲ ပြဌာန်းနေတာကိုတော့ ကျေးဇူးတင်ရမလိုပါပဲ။

ဒါပေမယ့် ရောမအင်ပါယာ ပျက်သုဥ်းပြီး နတ်ဘုရားဝါဒ ကျဆုံးတယ်။ ကမ္ဘာစစ် ၂ကြိမ်အပြီးမှာ လူတွေဟာ ပထမဆုံးအကြိမ် ကိုယ့်ကိုကိုယ် အသေအချာ ပြန်လည်ပြဌာန်းဖို့ ကြိုးစားကြပါတော့တယ်။ လူရဲ့အတွင်းစိတ်က ပင်ကိုယ်ဟန်ကို ပြန်လည်ရှာဖွေခြင်းဖြင့် လူသားတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ဟာ နိုးကြားလာရသလို လူအချင်းချင်း ပြဌာန်းနေတာတွေကိုလည်း ရတဲ့နည်းနဲ့ တွန်းဖယ်လာကြတာကို တွေ့ရပါတယ်။
အနီးစပ်ဆုံး ဥပမာပေးရရင်
(ဒီဥပမာဟာ နည်းနည်း sensitive ဖြစ်ပါတယ်၊ ကျေးဇူးပြုပြီး ဖတ်တဲ့အခါ ရှိရင်းစွဲ အစွဲတွေ အယူတွေ အကုန်လုံးကို ဘေးခဏချပြီး ဖတ်ပါလို့)
ရှေးယခင်က Marriage ကို လူကြီးတွေက စီစဥ်ကြတာပါ။ ဘယ်လိုလူမျိုး၊ ဘယ်အတန်းအစားဘယ်လိုကြွယ်ဝမှ ဖြစ်မယ် ဆိုတာတွေအထိ ရှိခဲ့ပါတယ်။
နောက်တော့ လူကြီးတွေက မစီစဥ်ပေမယ့် သဘောမတူရင် မရပါဘူး။
နောင်တော့ လူငယ်တွေ ကိုယ်အဆင်ပြေရာ ယူကြပေမယ့် Sex before Marriage ကို အကြီးအကျယ် တားမြစ် ရှုံ့ချကြပါတယ်။
နောင်များမှာတော့ Living Together ဟာ မထူးဆန်းတော့ပါ။
LT အပြီးမှာတော့ အချို့သော LT တွေရဲ့ sex video တွေ Leak ဖြစ်လာတာမို့ LT တော့နေပါ၊ Video Record မလုပ်သင့်ဘူးဆိုတာ ဖြစ်လာပါတယ်။
နောင်တော့ Video Record လုပ်ရင်လုပ်၊ data security ကို ဂရုစိုက်၊ လိုင်းပေါ် လျှောက်မတင်သင့်ဘူးဆိုတဲ့ အထိ ဖြစ်လာပါတယ်။

ဒီလိုမျိုး ဥပမာတွေ အများကြီးပါပဲ။ ပတ်ဝန်းကျင်မှာ လူတွေအပေါ် သတ်မှတ်ထားတဲ့ ဖြစ်တည်မှု စည်းကမ်းတွေက ဘယ်လိုတွေပြောင်းလာပြီး တစ်သီးပုဂ္ဂလ ဖြစ်တည်မှုကို ဦးတည်လာလဲဆိုတာ မြင်တွေ့ရမှာပါ။
ဒါကြောင့် လူသားတွေဟာ လူတစ်ယောက်ရဲ့ ဖြစ်တည်မှုကို သေချာသုံးသပ်မိသေးတာ နှစ် ၁၀၀ တောင် မရှိသေးဘူး ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီလိုမျိုး လူတစ်ယောက်ရဲ့ ဖြစ်တည်မှုတွေဟာ အချို့သော ကြွယ်ဝတဲ့ ပိတ်ပင်တားဆီးမှုတွေအောက်မှာ အကြပ်အတည်း ကြုံလာရပါတယ်။
ကြွယ်ဝတဲ့ ပိတ်ပင်တားဆီးမှု ဆိုတာကတော့ လူတစ်ယောက်ရဲ့ basic need ဖြစ်တဲ့ စား၊ ဝတ်၊ နေရေးကို မထိခိုက်စေပဲ ကျန်တဲ့ ဖြစ်တည်မှုတွေကို ပိတ်ပင်လိုက်တာမျိုးပါ။ ကြွယ်ကြွယ်ဝဝ ရှိနေပေမယ့် ပိတ်ပင်မှုတွေ ရှိတဲ့အတွက် လူဟာ သူ့ရဲ့ ဖြစ်တည်မှုမှာ အကြပ်အတည်းတွေ ဖြစ်လာပါတော့တယ်။

အဲ့တာကို Existential Crisis ဖြစ်တည်မှု အကြပ်အတည်းလို့ ဘာသာပြန်ပါမယ်။ နောက်အပိုင်းမှာ Existential Crisis ကို သေချာ ရေးသားပါမယ်။ မငြီးငွေ့သေးရင် ဖတ်ရှုပေးကြပါဦး။
Lucifer
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

