ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဒုက္ခပေးမယ့် drone ရှိတယ်ဆိုပါစို့၊ ဒီလိုအခြေအနေမျိုးမှာပေါ့။ ကျွန်တော်တို့ ဘယ်လိုလုပ်နိုင်ပါသလဲ။ ဒါတွေကို မပြောခင် တော်တော်များများ ပြောလေ့မေးလေ့ရှိတာတွေကို ဖြေပါမယ်။
မေး။ ။ Drone ကို ဖုန်းက Bluetooth ဖွင့်ပြီး ဖျက်လို့မရဘူးလား။
ဖြေ။ ။ မရပါဘူး။ Smart phone တွေကပေးနိုင်တဲ့ bluetooth က range လည်းတိုသလို drone နဲ့ controller ကြားထဲက ချိတ်ဆက်မှုကို ပြတ်တောက်သွားနိုင်လောက်အောင် အားမကောင်းပါဘူး။
မေး။ ။ ဒါဆို ဖုန်းတွေအားလုံး bluetooth ဝိုင်းဖွင့်မယ်လေ။ အဲ့တာဆို wave ကြီးကြီး range ကျယ်ကျယ်ရပြီး drone ကို ဖျက်ချလို့ရပြီပေါ့။
ဖြေ။ ။ ပြောရမှာတော့ အားနာပေမယ့် ဒီနည်းလမ်းက ကလေးအတွေးလို့ပဲ ပြောပါရစေ။ radio wave တွေက အဲ့လို အလုပ်လုပ်တာမဟုတ်ပါဘူး။ ရေတွေလို ရေနည်းနည်းစီပေါင်းပြီး ကြီးမားတဲ့ ရေလှိုင်းတွေ ဖြစ်လာတာမျိုးမဟုတ်ဘဲနဲ့ amplifier လို့ခေါ်တဲ့ ချဲ့စက်ကြီးတွေကို အသုံးပြုရတာပဲ ဖြစ်ပါတယ်။ အဲ့တာကလည်း နည်းပညာ အကူအညီတွေလိုအပ်ပါတယ်။
မေး။ ။ Laser pointer နဲ့ထိုးပြီး sensor ပျက်အောင်လုပ်လို့မရဘူးလား။
ဖြေ ။ ။ ရကောင်းရနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အများစုမှာ ရှိမယ့် ကလေးကစားစရာ ဘောပင်သာသာ pointer တွေနဲ့တော့ အလုပ်မဖြစ်နိုင်ပါဘူး။ အားကောင်းပြီး ထိရောက်မယ့် pointer လိုပါတယ်။ သာမန်စျေးကွက်ထဲမှာတော့ ရှာရခက်ပါတယ်။
Drone တွေကို နှောင့်ယှက်ဖျက်ဆီးလို့ရတဲ့နည်းတွေရှိပါတယ်။
(၁) Radio frequency/GPS jammer
ဒါကတော့ တော်တော်များများ ကြားဖူးကြမယ့် ပစ္စည်းဖြစ်ပါတယ်။ Jammer ဆိုရာဝယ် size အမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ ရှိကြပါတယ်။ drone signal တွေကိုနှောင့်ယှက်ပြီး drone တွေကိုဖြုတ်ချဖို့ အတွက် သီးသန့်လုပ်ထားတဲ့ jammer gun တွေရှိပါတယ်။
အဲဒီ့ jammer gun တွေဟာ အကွာအဝေးတော်တော်လှမ်းလှမ်းကိုလည်းပစ်နိုင်သလို radio signal တွေဟာလည်း တော်တော်အားကောင်းတဲ့အတွက် ဖြုတ်ချနိုင်စွမ်းရှိပါတယ်။ ဒီ gun တွေကတော့ လုံခြုံရေးအဖွဲ့ဝင်ကိုပဲ တရားဝင်ပေးလေ့ရှိပါတယ်။
နာမည်ကြီး Droneshield gun ဆိုရင် 0.62 မိုင် အကွာအဝေးအထိပစ်လို့ရပါတယ်။ ကိုယ်တိုင်လုပ်ကြည့်ချင်တယ်ဆိုရင်တော့ youtube မှာ ရှာကြည့်လို့ရနိုင်ပါတယ်။ GPS signal တွေကို ဖြတ်တောက်ရင်လည်း ထိုနည်းလည်းကောင်းပါပဲ။ အဓိက ရည်ရွယ်ချက်ကတော့ drone ကို သူ့ controller ဆီ လှည့်ပြန်လို့မရအောင်လို့ပါ။
(၂) Hacking
Drone signal တွေကို hacking လုပ်ပြီး ကိုယ်တိုင် ထိန်းချုပ်လို့ရအောင် ဖန်တီးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါကျတော့ သူ့ drone ကို ကိုယ့် drone ဖြစ်အောင်လုပ်တာဖြစ်တဲ့အတွက် တကယ်လုပ်တတ်တယ် လုပ်နိုင်တယ်ဆိုရင် အကျိုးရှိပါတယ်။
(၃) High-powered laser or microwave system
ဒါကတော့ ရုပ်ရှင်ဇာတ်ကားတွေမှာပါသလို ပြင်းအားမြင့် laser အားကောင်းကောင်းနဲ့ ပစ်ချတာဖြစ်ပါတယ်။ တစ်နေရာတည်းကို ထိထိမိမိနဲ့ ပစ်ချလို့ရပါတယ်။ တချို့နေရာတွေမှာလည်း တကယ်သုံးပါတယ်။
(၄) Drone ကို drone နဲ့ပြန်တိုက်ခြင်း
မျက်စိလည်သွားမလား။
ဟုတ်ပါတယ်။ Drone ကို နောက်ထပ် drone တစ်ခုနဲ့ တိုက်ချပြီးဖျက်ဆီးတာပဲ ဖြစ်ပါတယ်။ Kamikaze ဆိုတဲ့ အသေခံ drone တွေကို ဖောက်ခွဲပစ္စည်းတွေနဲ့အတူထည့်ပေးပြီး ဖျက်ဆီးစေတာပဲဖြစ်ပါတယ်။
အပေါ်က အချက်တွေကတော့ နည်းပညာမြင့်မားပြီး ကျွမ်းကျင်တဲ့သူတွေလိုအပ်ပါတယ်။ ဒီလို ပစ္စည်းကိရိယာနဲ့ ကျွမ်းကျင်သူတွေဟာ နေရာတိုင်းမှာတော့ ရှိနိုင်မှာမဟုတ်ပါဘူး။ အဲ့တာဆို ကျွန်တော်တို့ ဘယ်လိုလုပ်နိုင်ပါသလဲ။
ရှင်းပါတယ်။ drone ကို ပစ်ခတ်ပြီး ဖျက်ချပစ်ဖို့ပါပဲ။
Drone တွေဟာ လူတွေ အိမ်တွေ တိုက်တွေနဲ့ တော်တော်လေးလှမ်းတဲ့ နေရာက နေလေ့ရှိတဲ့အတွက် ဝေးဝေးပစ်နိုင်တဲ့ လက်နက်တွေလိုပါတယ်။ ဥပမာ Rifle သေနတ်လိုမျိုးပေါ့။
တချို့တွေကတော့ drone ကိုဖမ်းဖို့အတွက် ပိုက်ကွန်သေနတ်တွေလုပ်ကြပါတယ်။ အဆင်ပြေနိုင်တယ်လို့ထင်ပါတယ်။ အဓိကကတော့ ဝေးဝေးပစ်နိုင်ဖို့ပါပဲ။ ကိုယ့်ကို ဒုက္ခပေးနိုင်တဲ့ drone တွေရှိလာနိုင်တယ်ဆိုရင် ပြင်ဆင်ထားသင့်ပါတယ်။
တခြားနည်းလမ်းတွေအနေနဲ့ကတော့ drone တွေကို ပစ်ချလို့မရပေမယ့် နှောင့်ယှက်လို့ရနိုင်မယ့်အရာတွေရှိပါတယ်။ မီးခိုးတွေ ထူထပ်နေအောင်လုပ်ပြီး drone ရဲ့ မြင်ကွင်းတွေ ဝေဝါးအောင်လုပ်လို့ရသလို drone သွားရာကို ကြည့်ပြီး controller ရဲ့တည်နေရာကို အကဲခတ်လို့ရနိုင်ပါတယ်။
ဘာလို့လဲဆိုတော့ drone တွေအများစုက သိပ်ကြာကြာမပျံနိုင်တဲ့အတွက် လောင်စာကုန်ရင် ပိုင်ရှင် controller ဆီကိုလှည့်ပြန်လာတတ်လို့ပဲ ဖြစ်ပါတယ်။ အခင်းဖြစ်ပွားရာနေရာတွေမှာ drone တွေရှိမရှိဆိုတာကို မျက်စိရှင်ရှင်ထားပြီးစောင့်ကြည့်ဖို့၊ လိုအပ်လာရင် ဖျက်ချဖို့လိုပါတယ်။
အခုလောက်ဆိုရင်တော့ drone တွေကို ဘယ်လိုကိုင်တွယ်လို့ရနိုင်သလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိသွားကြမယ်လို့ယုံကြည်ပါတယ်။ Part 3 အထိ စိတ်ရှည်ရှည်နဲ့ဖတ်ပေးကြလို့လည်း ကျေးဇူးတင်ပါတယ်။
Dr. Jason
Ref: dronedj.com
atomdrones.com
techtarget.com


