Evolution ထဲက ကြို့ထိုးခြင်းအနုပညာ (Part 1)

ကြို့ထိုးတာကို လူတိုင်းကြုံဖူးတာမို့ တော်တော်စိတ်ရှုပ်စရာကောင်းမှန်းသိကြမှာပါ။

ဒါပေမယ့် ဘာလို့ ကြို့ထိုးရတာလဲ။

သဘာဝတရားကြီးက ဘာလို့ လူတွေ ကြို့ထိုးအောင်လုပ်ထားတာလဲ။

ကြို့ထိုးခြင်း (Hiccup) ဘာလို့ဖြစ်တာလဲဆိုတော့ Diaphragm လို့ခေါ်တဲ့ ဝမ်းခေါင်းထဲကကြွက်သားက သူ့အလိုလို တချက်တချက်ထထညှစ်တာပါ။

Diaphragm ဆိုတဲ့ကြွက်သားပြားကြီးက အသက်ရှူလို့ရအောင် လုပ်ပေးတဲ့ ကြွက်သားဖြစ်ပြီး ဗိုက်နဲ့ ရင်ခေါင်းကို ခြားထားပေးပါတယ်။

ကျနော်တို့ တခါတခါ မျက်ခွံလေးတွေ တဆက်ဆက်လှုပ်သလိုပဲ ဗိုက်ခေါင်းထဲက diaphragm ကြွက်သားကလဲ
တခါတခါ စိတ်နဲ့ထိန်းလို့မရဘဲ လှုပ်တဲ့အခါ ညှစ်တဲ့အခါ ကြို့ထိုးတယ်ဆိုတာဖြစ်လာတာပါ။

Diaphragm ကြွက်သားက ဘယ်နဲ့ညာဆိုပြီး ၂ခြမ်းရှိပါတယ်။

ကြို့ထိုးရင် အများအားဖြင့် တခြမ်းထဲကပဲ ကျုံ့လေ့ညှစ်လေ့ရှိပါတယ်။

အဲ့လို ကျုံ့လိုက် ညစ်လိုက်တဲ့အခါ ဗိုက်ထဲက လေတွေကအပေါ်ကို ပြန်ကန်တက်လာပြီး အစာပြွန်ထိပ်ကိုရောက်လာတယ်။

(လူတွင် အစာပြွန်က သပ်သပ်၊ လေပြွန်ကသပ်သပ် တချောင်းစီဖြစ်ပါသည်။)

လေပြွန်ထဲကို ဗိုက်ထဲကလေတွေပြန်မဝင်အောင် လေပြွန်အဖုံး (epiglottis) က လှမ်းပိတ်လိုက်တဲ့အခါ ဂစ် (or) ဂေ့ ဆိုပြီးအသံထွက်လာတာကို ကြို့ထိုးတယ်လို့ ခေါ်ကြတာပါ။

ကြို့ထိုးတာက involuntary process မို့လို့ စိတ်နဲ့ထိန်းလို့မရတာ တော်တော်လေး ဂွကျပါတယ်။

ဒါဆို ဘယ်လိုဖြစ်လို့ ကြို့ထိုးသွားတာလဲ စာဖတ်သူတို့သတိထားမိပါသလား။

များသောအားဖြင့်…

အစားကို အမြန်စားလိုက်မိတာ

ရေကို အမြန်သောက်လိုက်မိတာ

တခါတလေ ခွက်ထိုးခွက်လှန် ရယ်မောရင်း လေတွေမျိုချမိတာ

ဗိုက်တင်းနေအောင် အစာစားထားတာ

ဗိုက်ပွပြီးလေတွေပြည့်နေတာ

အဲ့တာတွေကြောင့်ဖြစ်နိုင်သလို ဆေးလိပ်သောက်တာတို့ ၊ ဆေးရွက်ကြီးသုံးတာစတာတွေကြောင့်လဲဖြစ်တာရှိပါတယ်။

ကျနော်လဲ ကြို့ထိုးရတာ တော်တော်မုန်းတာမို့ သဘာဝတရားကြီးက ဘာလို့ ကြို့ထိုးအောင်လုပ်တာလဲလို့ ကြို့ထိုးတိုင်း တွေးမိပါတယ်။

လူတွေကြို့ထိုးနေတာကြည့်ပြီး ဟာသလုပ်နေတာများလားပေါ့။

ဘာမှလဲ အသုံးမကျတဲ့ ဒီကြို့ထိုးတာကို Evolution ကဖျောက်မပေးဘူး ဘာညာ အပြစ်တင်မိပါတယ်။

ဒါပေမယ့် ကြို့ထိုးတာက နည်နည်ရရတော့မဟုတ်ဘူးဗျ။

Evolution နဲ့ချီပြီး ဒီကောင်ရှိခဲ့တာတဲ့။

Hiccup ရဲ့အသက်က လူတွေထက်တောင် အသက်ကြီးလောက်မယ်တဲ့။

ပိုထူးဆန်းတာက အမေ့ဗိုက်ထဲမှာနေခဲ့စဥ်ကတောင် ကလေးဘဝမှာ ကြို့ထိုးခဲ့ကြပါသတဲ့။
(မမွေးခင်ကထဲက လိုက်ဒုက္ခပေးနေတာပဲ)

ထုံးစံအတိုင်း Evolutionist တွေနဲ့ Biologists တွေက ကြို့ထိုးခြင်းနဲ့ ပတ်သက်ပြီး Theory တွေ၊ Hypothesis တွေထုတ်ခဲ့ပါတယ်။

နာမည်အကြီးဆုံး theory ၂ ခုကို ကျနော်သိသလောက် ပြောပြသွားပါမယ်။

ပထမတခုက တိရစ္ဆာန်အငယ်လေးတွေ နို့စို့တာကို ကြည့်ပြီး စသတိထားမိကြတာပါ။

နို့စို့တဲ့အလုပ်က ကြည့်ရင်သာလွယ်တာ။ တကယ်တမ်းကျ ကလေးအတွက် တော်တော် အလုပ်ရှုပ်သဗျ။

နို့ကိုလဲစို့ရတယ်… အသက်ကိုလဲခိုးရှူရတယ်… နို့ကိုလဲမျိုချရသေးတယ်… အဲ့လို ရှုပ်ထွေးတဲ့အလုပ်တခုကိုလုပ်တဲ့အခါ နို့တင်မကပဲ လေတွေပါ မျိုချမိကုန်ပါတယ်။

အဲ့တော့ အစာအိမ်ထဲကို နို့နဲ့ လေတွေရောပြီး ရောက်သွားတော့

နို့ကိုများများမသိမ်းနိုင်တော့ဘဲ အစာအိမ်ထဲမှာ လေတွေခိုနေရော။

ဒီလိုသာ နို့စို့တိုင်း လေတွေများများလာရင် အစာအာဟာရချို့တဲ့လာနိုင်ပါတယ်။

ဒါကို ကာကွယ်တဲ့အနေနဲ့ သဘာဝတရားကြီးက လေတွေစုလာရင် အစာအိမ်ကိုအချက်ပေးပြီး Diaphragm ကို ညှစ်စေပါတယ်။

ဗိုက်ထဲကလေတွေပြန်ထွက်အောင်လုပ်တဲ့သဘောပေါ့။

နို့စို့ပြီး တိရစ္ဆန်ပေါက်ကလေးတွေက လေချဥ်တက် (နို့ချဥ်တက် or နို့သက်) ကြပါတယ်။

အဲ့လိုလေထွက်သွားတော့မှ အစာအိမ်ကပြန်ချောင်သွားပြီး နို့ထပ်စို့လို့ရသွားပါတယ်။

အဲ့လိုဖြစ်တာက တိရစ္ဆာန်တွေမှ မဟုတ်ဘဲ နို့တိုက်သတ္တဝါတွေဖြစ်တဲ့ လူတွေမှာလဲ ကလေးဘဝမှာတွေ့ရပါတယ်။

ဒါကို The Burping Reflex Hypothesis
(နို့ချဥ်တက်ခြင်း ယူဆချက်) လို့ခေါ်ပါတယ်။

ဒီလို ကလေးဘဝမှာဖြစ်တဲ့ ဖြစ်စဥ် reflex က
လူကြီးဘဝမှာ နည်းသွားပေမယ့် ကြို့ထိုးခြင်းအနေနဲ့ တခါတခါ ဆက်ရှိနေတာလို့ ကောက်ချက်ချကြပါတယ်။

ကလေးဘဝမှာ နို့ချဥ်တက်ကြရာကနေ
လူကြီးဘဝကျ အစာတွေအများကြီးစားမိတဲ့အခါ ကြို့ထိုးတာ ဖြစ်လာတာလို့ ယူဆကြတာပါ။

ဒီ Hypothesis က ဖြစ်နိုင်လောက်ပါတယ်။

ဘာလို့လဲဆိုတော့ ကြို့ထိုးတာက Mammals နို့တိုက်သတ္တဝါတွေမှာပဲ တွေ့ရတာပါတဲ့။

လူတွေရဲ့ ကလေးဘဝမှာလဲ နို့စို့တဲ့အခါ လေတက်တဲ့အကျင့်ကရှိပြီး လေတက်လိုက်ရင် နို့ကို 15 – 25% လောက်ပိုစို့နိုင်တာမို့ အာဟာရပိုရပြီး အသက်ပိုရှင်ကြပါတယ်တဲ့။

ဒါကြောင့် ကြို့ထိုးတာက evolution က အလကားတော့ထည့်ပေးထားတာမဟုတ်ဘဲ mammals တွေအတွက် survival value ရှိလို့
ဖြစ်ရမယ်လို့ ယူဆကြပါတယ်။

ဒီတပိုင်းမှာတော့ ဒီလောက်နဲ့ရပ်ထားပြီး
နောက်တပိုင်းကျ ကြို့ထိုးခြင်းရဲ့ နောက်ထပ်ယူဆချက်တွေရယ်… ကြို့ထိုးတာပျောက်အောင် ဘယ်လိုလုပ်လို့ရလဲ ဆိုတဲ့ tips and tricks တွေကို ဆက်ရေးသွားမှာမို့…

Stay tuned ပါဗျ။

Thanks for your time!

လင်းမူ

Leave a comment

Design a site like this with WordPress.com
Get started