ကြို့ထိုးတာကို Burping reflex hypothesis နဲ့ ရှင်းကြတာ ပထမအပိုင်းမှာရေးပြီးပြီမို့ နောက်ထပ် နာမည်ကြီး hypothesis တခုအကြောင်းသွားရအောင်။
Evolution အရ ရေထဲကအကောင်တွေက ကုန်းပေါ်ကိုတက်လာရင်း ကုန်းနေရေနေသတ္တဝါ (Amphibians) တွေဖြစ်လာရပါတယ်။
အဲ့ဒီ Amphibians တွေမှာ ငါးတွေလိုပဲ gills လို့ခေါ်တဲ့ ပါးဟက်တွေပါပါတယ်။
Amphibians တွေက လေကိုရှူတဲ့အခါ အဲ့ဒီ ပါးဟက်နဲ့ ရှိုက်ရှိုက်ပြီး ရှူတဲ့အလေ့အထက လူသားတွေဖြစ်လာတဲ့အခါ ပါလာပြီး Hiccup ဖြစ်လာတာလို့ ယူဆကြပါတယ်။
Amphibians တွေပါးဟက်နဲ့ လေရှူတဲ့အခါ လေထုထဲမှာ Oxygen များများရှိရင် ပိုရှူပြီး လေထဲမှာ Carbon dioxide များလာရင်ရှူတာနည်းသွားတာကိုတွေ့ရပါတယ်။
တကယ်လဲ လူတွေကြို့ထိုးတာကို သက်သာအောင်လုပ်ချင်ရင် Carbon dioxide (5%) ရှူပေးရင်သက်သာတာတွေ့ရပါတယ်။
ဒီလို Amphibians တွေကနေ evolution ဖြစ်လာတဲ့ ယူဆချက်ကိုတော့ Phylogenetic hypothesis လို့ခေါ်ပါတယ်။
ဘယ်ယူဆချက်ကမှတော့ ပြီးပြည့်စုံတာမရှိပေမယ့်
ကျနော်ပြောပြခဲ့တဲ့ ယူဆချက် ၂ခုကတော့ ပေါင်းစပ်စဥ်းစားလိုက်ရင် အတော်လေး သဘာဝကျတာတွေ့ရပါတယ်။
နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာက ရာဇဝင်ထဲက ကြို့ထိုးသူတွေအကြောင်းပါ။
ပုံမှန်လူတယောက် ကြို့ထိုးရင် မိနစ်ပိုင်းလောက်ကြာနိုင်တယ်။
ပိုကြာလဲ နာရီပိုင်းလောက်ပေါ့။
တမိနစ်ကို ၄ကြိမ်ကနေ အကြိမ်၆၀ လောက်အထိ ကြို့ထိုးတတ်တယ်။
တယောက်နဲ့ တယောက် ကြို့ထိုးတာ မြန်တာ နှေးတာမတူသလို အသံအတိုးအကျယ်လဲမတူကြပါဘူး။
အများအားဖြင့် ကြို့ထိုးတာက သူ့အလိုလိုပြန်ပျောက်သွားပြီး ဘာမှ ဒုက္ခမပေးတတ်ပါဘူး။
ဆေးပညာအရ ၄၈ နာရီ (၂ ရက်)ကျော်ကြာတဲ့အထိ မပျောက်ဘဲ ဆက်တိုက် ထိုးနေရင် Persistent (or) Protracted Hiccup လို့သတ်မှတ်ပါတယ်။
၁လ ကျော်အထိကြာရင်တော့ Intractable Hiccup လို့ခေါ်ပြီး ရောဂါတခုခုရှိလို့ ဒီလိုဆက်တိုက်အကြာကြီး ကြို့ထိုးနေတာ ဖြစ်သွားပါပြီ။
ထူးထူးဆန်းဆန်း ကမ္ဘာဂရင်းနစ်စံချိန်တင်
ကြို့ထိုးအကြာဆုံးလူသားကတော့
Charles Osborne ဆိုသူဖြစ်ပြီး နှစ်ပေါင်း ၆၈ နှစ်ကြာအောင် မရပ်မနား ကြို့ထိုးခဲ့သူပါ။
နောက်ထပ် ကြို့ထိုးကြသူတွေထဲမှာ ထင်ရှားသူကတော့ ၂၇ လ ကြာအောင် ကြို့ထိုးခဲ့တဲ့ Christopher Sands ဆိုသူဖြစ်ပြီး ထမင်းစားမရ အိပ်မရလောက်အောင် ဆိုးရွားစွာ ကြို့ထိုးခဲ့ပါတယ်။
ဆေးပညာအရ ရောဂါရှာဖွေလိုက်တဲ့အခါ Brain tumor (ဦးနှောက်အကြိတ်) က အာရုံကြောတွေကို ဖိထားလို့ ဖြစ်တာကို တွေ့ရှိရပြီး အဲ့အကြိတ်ကို ခွဲစိတ်ဖယ်ရှားလိုက်တဲ့အခါ ကြို့ထိုးတာပါ တခါထဲသက်သာသွားတာကိုတွေ့ရပါတယ်။
တချို့မိရိုးဖလာ ယုံတမ်းစကားတွေအရတော့ ကြို့ထိုးနေပြီဆို တယောက်ယောက်က သင့်အကြောင်း အတင်းတုတ်နေပြီလို့ ဆိုကြပြန်ပါတယ်။
တခါတခါ ကြို့ထိုးတာက အကြောင်းရင်းမရှိဘဲ psychogenic စိတ်ကြောင့် ထိုးနေတာပါ။
အဲ့တော့ Hiccup ကိုသက်သာအောင် ဘယ်လိုလုပ်ကြမလဲ။
အများအားဖြင့် ဆေးဝါးအကူအညီမလိုဘဲ သက်သာသွားတတ်ပြီး တခါတခါ ရက်အကြာကြီးဖြစ်လာရင်တော့ ဆရာဝန်ဆီသွားပြကာ ဆေးဝါးနဲ့ကုသရတတ်ပါတယ်။
ဥပမာ စိတ်ငြိမ်ဆေးတွေ ၊ အတက်ကျဆေးတွေနဲ့ ကုသတာမျိုးရှိပါတယ်။
ကျနော်ကတော့
လူအများလိုက်စမ်းကြည့်လို့လွယ်မယ့်
လိုက်လုပ်လို့အဆင်ပြေလောက်မယ့်
(non-pharmacological methods)
ဆေးဝါးသောက်ဖို့မလိုတဲ့နည်းလေးတွေ ဝေမျှပေးချင်ပါတယ်။
Hiccup မှာ hiccup reflex ဆိုတဲ့ လမ်းကြောင်းရှိပြီး အဲ့ လမ်းကြောင်းတလျှောက် တနေရာရာမှာတားနိုင်ရင် Hiccup သက်သာပါတယ်။
အောက်ကပုံမှာ Hiccup reflex ကိုပြထားပါတယ်။
ပထမဆုံးလုပ်လို့ရတဲ့နည်းလမ်းက
အသက်မြန်မြန် ရှူသွင်း ရှူထုတ်လုပ်ကြည့်တာပါ။
(Hyperventilation)
ဒီလိုလုပ်တဲ့အခါ ဒီအတိုင်း အသက်ကိုမြန်မြန်ရှုသွင်းရှူထုတ်မလုပ်သင့်ဘဲ
စက္ကူအိတ် (သို့) ကြွပ်ကြွပိအိတ်တလုံးထဲကို လေမှုတ်ထုတ် ၊ အဲ့အိတ်ထဲကလေကိုပဲ ပြန်ရှူ အဲ့လိုမျိုးခပ်မြန်မြန်လုပ်လို့ရပါတယ်။
ရည်ရွယ်ချက်ကတော့ Diaphragm ကိုအလုပ်များများခိုင်းထားပြီး အလုပ်ရှုပ်အောင်ထားတဲ့သဘောပါ။
နောက်ပြီး အိတ်ထဲကလေကိုရှူလိုက်ထုတ်လိုက်လုပ်တဲ့အခါ carbon dioxide တွေများလာလို့ ကြို့ထိုးတာသက်သာမှာပါ။ (အပေါ်က Phylogenetic hypothesis မှာ ရှင်းပြထားသလိုပေါ့)
အဲ့တာမှမရရင် အသက်ကိုအားနဲ့ ရှူထုတ်ပြီး အဆုံးမှာ ခဏအောင့်ထားပါ။ (Valsalva maneuver)
ဒါမှမဟုတ် အသက်ကို အဝရှူပြီး အောင့်ထားပါ။ (Breath holding)
ဒါတွေက အသက်ရှူတာနဲ့ပတ်သက်ပြီး လုပ်ကြည့်လို့ရတဲ့ နည်းလမ်းတွေပါ။
နောက်ထပ်လုပ်လို့ရတာက ဒူးနှစ်ဖက်ကိုထောင်လိုက်ပြီး ရင်ဘတ်နဲ့ကပ်အောင် လက်နဲ့ဆွဲဖက်ထားကာ ရှေ့ကို ကိုင်းထားလိုက်ရင်လဲ သက်သာတယ်လို့ဆိုပါတယ်။
အစာအိမ်ထဲကလေခိုနိုင်တဲ့နေရာတွေကို နေရာကျုံ့သွားအောင်လုပ်လိုက်တဲ့သဘောဖြစ်နိုင်ပါတယ်။
အောက်ကပုံမှာလုပ်နည်းကြည့်ကြည့်ပါ။
တခြား နည်းလမ်းတွေကတော့ လည်ပင်းအနောက်ဂုတ်ပိုးကို လက်နဲ့ပွတ်တာ (သို့) tap လုပ်တာ (သို့) ရေအေးကပ်တာလဲလုပ်လို့ရတယ် လို့ဆိုပါတယ်။
(C3 to 5 dermatome ကို stimulate လုပ်တဲ့သဘောပါ။)
ရေခဲရေနဲ့ အာခေါင်အနောက်ပိုင်းကို gargle လုပ်တာ (အာလုတ်ကျင်းတာ)၊ သကြားရည်နဲ့ gargle လုပ်တာ စတာတွေလဲ စမ်းကြည့်လို့ရပါတယ်။
ရေသောက်ပြီး မျိုချတာကလဲ တခါတခါသက်သာပေမယ့် တခါတခါလဲ ဗိုက်သာတင်းသွားတယ်…
မသက်သာတတ်ပါဘူး။
ကြို့ထိုးတာကို အာရုံထားနေရင် ပိုဆိုးတတ်လို့ movie ကြည့်တာ စာအုပ်ဖတ်တာလုပ်ရင်း အာရုံလွဲလိုက်တာ ၊ တရားထိုင်တာ ၊ ဘုရားဝတ်ပြုတာ စတာတွေလဲလုပ်ပေးလို့ရပါတယ်တဲ့။
မကြာသေးခင်ကတော့ သိပ္ပံပညာရှင်တချို့က ကြို့ထိုးပျောက်စေတဲ့ ပိုက်ကလေးကို တီထွင်ထားပါသေးတယ်။
အဲ့ဒီ ပိုက်အဝမှာ အဆို့ရှင်လေး (pressure valve) ပါလို့ စုပ်ယူရတာ အားစိုက်ရပြီး forced inhalation ပုံစံဖြစ်အောင် design ထွင်ထားတာပါ။
ရေကိုစုပ်ယူတဲ့အခါ forced inhalation နဲ့ diaphragm အလုပ်လုပ်ရပြီး ရေကိုမျိုချတဲ့အခါလဲ vagus nerve ကို stimulate လုပ်လို့ Hiccup ကိုပိုသက်သာစေပါတယ်။
လက်တွေ့သုတေသနလုပ်ထားတာအရလဲ တကယ်အလုပ်ဖြစ်တာကိုတွေ့ရပါတယ်။
သို့သော် စျေးကလဲမသေးလှပါဘူး။ ပိုက်တချောင်းကို ၁၄ ဒေါ်လာလောက်ရှိတာမို့ မနှိပ်လှပါဘူး။
ဒီလောက်ဆို ကြို့ထိုးတဲ့အကြောင်း တော်တော်လေးစုံစိလှပြီမို့ ဒီနေရာမှာပဲ အဆုံးသတ်ပါရစေ…။
Thanks for your time!
လင်းမူ
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။







