ဖြစ်တည်မှု အကြပ်အတည်းဆိုတာ လူတစ်ယောက်က သူ့ဘဝမှာ သူဖြစ်တည်နေရတာ အဓိပ္ပာယ်မှ ရှိပါတော့မလားဆိုတာကို မေးခွန်းစထုတ်ရာကနေ စတော့တာပါပဲ။
အဓိပ္ပာယ်ရှိတယ်လို့ လူက မခံစားရလို့သာ ဒီမေးခွန်းကို စမေးမိတာလည်း ဖြစ်ပါတယ်။ မေးမိတော့ လိုအပ်တဲ့အဖြေကို ရှာရင်း လိုချင်တဲ့အဖြေကို မရပါဘူး။ ဘာအဖြေမှ မရတာလည်း ဖြစ်နိုင်ပါတယ်။ အဲ့တော့ ဘာကြောင့် မရတာလဲကို လိုက်ရှာပါတယ်။ ရှာတော့လည်း မတွေ့ပါဘူး။ ရှာလေ မတွေ့လေ၊ မတွေ့လေ ပိုရှာလေနဲ့ သံသရာလည်ခြင်းကိုပဲ ဖြစ်တည်မှု အကြပ်အတည်း Existential Crisis လို့ ခေါ်ကြပါတယ်။
ECrisis ဖြစ်တာက ပုံမှန်ဖြစ်ပြီး ဘဝရဲ့ အဓိပ္ပာယ်ကို ရှာတာ ကျန်းမာပါသတဲ့။ ဒါပေမယ့် အနုတ်လက္ခဏာ ဆောင်လာမယ်၊ suicidal thoughts တွေ ဝင်လာမယ်ဆိုရင်တော့ ဆရာဝန် အကူအညီကို ယူသင့်ပါတယ်လို့ အကြံပြုထားတာတွေ ရှိပါတယ်။
Ecrisis ဆိုတာ လူတစ်ယောက် ကိုယ့်အကြောင််းကို နက်နက်နဲနဲ မေးခွန်းထုတ်ရာက စတာပဲ။
ငါဘာလို့မွေးလာရတာလဲ။
ငါသေသွားရင် ဘာဆက်ဖြစ်မှာလဲ။
ငါဘာလို့ ဒီလိုတွေ ခံစားနေရတာလဲ။
ငါ့ဘဝရဲ့ ရည်ရွယ်ချက်က ဘာလဲ။
ငါဆိုတာကရော ဘာလဲ စသဖြင့် အဲ့လိုမေးခွန်းတွေ မေးတတ်လာပါတယ်။ ဖြေရတာလည်း အင်မတန် ခက်ပါတယ်။ ဘယ်အဖြေကိုမှလည်း လက်မခံချင်ကြပါဘူး။ အထူးသဖြင့် တစ်ယောက်တည်း ဖြစ်နေချိန်၊ စိတ်ဓာတ်ကျနေချိန်၊ စိုးရိမ်ပူပန်နေချိန်တွေဆို လာပါပြီ။

ECrisis ဆိုတာ Existentialism ဆိုတဲ့ ဒဿနတစ်ခုက လာတာပါ။ ဖြစ်တည်မှုပဓာနဝါဒလို့ မြန်မာစာအုပ်တွေမှု ဖတ်ဖူးကြမှာပါ။
ဒီဝါဒကို ရိုးရိုးရှင်းရှင်းပြောရရင် လူသားတွေဟာ ဖြစ်တည်လာတယ်။ ဒါကြောင့် လူသားတွေမှာပဲ တာဝန်ရှိတယ်။ ဒါကြောင့် လူသားတွေက ဘဝရဲ့ ဖြစ်တည်မှု အဓိပ္ပာယ်ကို လူသားတွေဆီမှာပဲ ရှာရမယ်လို့ နားလည်နိုင်ပါတယ်။ တစ်နည်းအားဖြင့် လူသားဗဟိုပြုဝါဒမှာမ လူတစ်ဦးတစ်ယောက်ချင်းရဲ့ ပုဂ္ဂလဘဝကို အလေးထားတဲ့ ဝါဒတစ်ခုဖြစ်ပါတယ်။

ECrisis အမျိုးအစားတွေ…
ECrisis က အလွန်ကျယ်ပြန့်ပါတယ်။ ECrisis ကို ခံစားရတဲ့လူက အောက်ပါ ပြသနာတစ်ခုခုကို ကြုံတွေ့ရတာတွေ ဖြစ်လာနိုင်ပါတယ်။
အဓိပ္ပာယ်ရှိမှု
စိတ်ခံစားချက်တွေ
မှန်ကန်မှု
သေခြင်းတရား
အထီးကျန်မှု
လွတ်လပ်ခြင်း
စတာတွေပဲ ဖြစ်ပါတယ်။


Part 2 မှာတော့ ECrisis ကို ဘယ်လို ကျော်ဖြတ်ရမလဲ။ ဘယ်လိုတွေ ကာကွယ်နိုင်မလဲကို ရေးသွားပါဦးမယ်။
Lucifer
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

