Part 2 မှာတော့ ကြုံတွေ့ရတတ်တဲ့ ECrisis တွေကို ပြောပြပါဦးမယ်။
အဓိပ္ပာယ်ရှိမှု
ဘဝက အဓိပ္ပာယ်ရှိလို့လား။ ဘာလို့ ဒါတွေ ကြုံနေရတာလဲ။ သူများတွေက ဘာလို့ကြုံရတာလဲ။ မကြုံရတာလဲ။ ငါကျမှ ဘာလို့ မကြုံရတာလဲ။ ကြုံရတာလဲ။ စသဖြင့် မေးခွန်းတွေဟာ ECrisis ထဲက အဓိပ္ပာယ်ရှိမှုကို မေးခွန်းထုတ်နေရပါတယ်။

ဒါပေမယ့် သေချာစဥ်းစားကြည့်ပါ။ ဘဝနဲ့ အဓိပ္ပာယ်ရှိမှုမှာ ဘဝက အရင်လာတာမို့ အဓိပ္ပာယ်ရှိတယ် မရှိဘူးဆိုတာ ဘဝထဲက လူကိုယ်တိုင်ရှာမှာပဲ ရမှာပါ။ ဒါပေမယ့် ရှာဖွေလေ မတွေ့လေကနေ အကြပ်အတည်း ဖြစ်လာတတ်ပါတယ်။
စိတ်ခံစားချက်တွေ
တချို့ကျတော့ ကိုယ်ခံစားရတာကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ရှောင်လွှဲတာ၊ ရင်မဆိုင်တာတွေ ဖြစ်တတ်ပါတယ်။ စိတ်ညစ်နေပေမယ့် သူငယ်ချင်းတွေနဲ့ ရယ်မောနေပြီးမှ ညတစ်ယောက်တည်း ရှိလာရင် ဒါတွေဟာ အဓိပ္ပာယ်မရှိပါလားလို့ တွေးပြီး စိတ်ပျက်နေမိတာမျိုးတွေ ဖြစ်တတ်ပါတယ်။

မှန်ကန်မှု
တချို့လူတွေကတော့ ပတ်ဝန်းကျင်က ပြဌာန်းထားတဲ့လူနဲ့ ကိုယ့်ပင်ကိုဟန်ကြားမှ အကြီးအကျယ် ပွတ်တိုက်မှုတွေ ဖြစ်ပြီး ငါဟာငါမှ ဟုတ်ပါရဲ့လားဆိုပြီး တွေးတတ်ပါတယ်။
ဆရာဝန်ဆိုရင်လည်း လူနာတွေ ရဲဘော်တွေရှေ့မှာ ပြုံးရွှင် ဟန်မပျက်နေပေမယ့် ကိုယ့်ရဲ့ inner self လို့ ခေါ်နိုင်မယ့် ကိုယ့်ကိုယ်ပိုင်ဟန်နဲ့ ပြန်တွေ့ရင် ငါဟန်ဆောင်နေမိတာလား၊ ငါဟာ အတုအယောင်ပါလားဆိုပြီး တွေးနေမိတတ်ပါတယ်။

သေခြင်းတရား
ဒါကတော့ အသက်ကြီးရင့်သူနဲ့ သေစေတဲ့ ရောဂါရနေကြောင်း သိသွားသူတွေမှာ ဖြစ်တတ်ပါတယ်။ ဆံပင်ဖြူလေးတွေ တွေ့ရင်… ငါအိုနေပြီ သေရတော့မှာပါလားဆိုပြီး အကြီးအကျယ် စိတ်ပျက်တာတွေ ကိုယ့်ကိုယ်ကို ပျောက်ဆုံးတာတွေ ဖြစ်တတ်ပါတယ်။ ဘဝမှာ ဘာမှလည်း မရလိုက်ပါလားဆိုပြီး တွေးပြီး စိတ်ဆင်းရဲနေတတ်ပါတယ်။
သေပြီးနောက် ဘာဖြစ်မလဲဆိုတာမျိုးတွေ၊ သဘာဝလွန် ဖြစ်ရပ်တွေကို တွေးပြီးတော့လည်း လက်ရှိဘဝကို ကြောက်လန့်နေတာမျိုးတွေ ရှိပါတယ်။
အထီးကျန်မှု
တစ်ယောက်တည်း ဖြစ်နေခြင်းကြောင့် လူဟာလည်း ECrisis ကြုံရတတ်ပါတယ်။ လူဆိုတာ Social Creature ပါပဲ။ ကိုယ်တိုင်ပြဌာန်းတဲ့ လူပုံစံ (self-making self) ကို လက်မခံတဲ့ အသိုင်းအဝိုင်းမှာ နေခြင်းအားဖြင့် ECrisis ကြုံရတတ်ပါတယ်။

ထို့အတူပဲ ပတ်ဝန်းကျင်အလိုက်ပဲ လိုက်နေရပြန်ရင်လည်း ကိုယ့်ကိုယ်ကို ပျောက်ဆုံးပြီး ECrisis ကြုံရပြန်ပါသေးတယ်။ တန်ဆေး လွန်ဘေးပါ။ Social လည်း ကျရမှာ ဖြစ်သလို Personal Space လည်း လိုပါသေးတယ်။
လွတ်လပ်ခြင်း
လွတ်လပ်ခြင်းဆိုတာ လူတစ်ယောက်ရဲ့ ကိုယ်ပိုင် အခွင့်အရေးပါပဲ။ လွတ်လပ်ခြင်းကြောင့်ပဲ ကိုယ့်ရဲ့ရွေးချယ်မှုတိုင်းကို ကိုယ်က တာဝန်ယူရတဲ့အတွက် မှားများမှားသွားမလားဆိုပြီး ဖိစီးတတ်ပါတယ်။ အမှားတွေ ဆက်မှားနေပြန်ရင်လည်း ငါဟာအမှားကလွဲပြီး အခြားဟာ မလုပ်တတ်တာလားဆိုပြီး ECrisis ဝင်တတ်ပါသေးတယ်။
ECrisis က ဘာတွေနဲ့ ဆက်နွယ်တတ်လဲ?
အသက် ၄၀ or ၅၀ ကျော်လာတာ
မြတ်နိုးရသူကို ဆုံးရှုံးတာ
စိတ်ဒဏ်ရာရစေမယ့် ကိစ္စတစ်ခု ကြုံတွေ့ရတာ
လမ်းခွဲပြတ်စဲတာ စသဖြင့်…
ECrisis ကို ဘယ်လိုကျော်ဖြတ်မလဲ?
ECrisis ကြုံရတိုင်း လူတွေက ကိုယ့်ဘာသာ ECrisis ကြုံနေရပြီဆိုတာကို သိပြီး လက်ခံရပါမယ်။ ကျော်လွှားချင်စိတ် ရှိရပါမယ်။
ဘယ်အကြောင်းအရာက ကိုယ့်ကို အသေအချာ မေးခွန်းထုတ်စေတာလဲ သေချာပြန်တွေးပြီး ရှာရပါမယ်။ တစ်ချက်ချင်း စဥ်းစားရင်း ဒီမေးခွန်းတွေ မေးဖို့ တကယ်လိုသလား စဥ်းစားရပါမယ်။

အကောင်းမြင်စိတ်နဲ့ ဖြစ်သမျှကို အရှိအတိုင်း လက်ခံနိုင်စိတ်ကလည်း အရေးကြီးပါတယ်။ အတိတ်က ကိစ္စတွေက ပြန်ပြင်လို့လည်း မရတော့တာမို့ အနာဂတ်မှာ ဘာဆက်လုပ်မလဲကိုပဲ အာရုံထားရင် ECrisis က ပျောက်တတ်ပါတယ်။
မိသားစု သူငယ်ချင်း ယုံကြည်ရသူတွေနဲ့ အပြန်အလှန် စကားပြောပါ၊ ဆွေးနွေးပါ။ ခံစားနေရတာတွေကို ဖွင့်ဟပါ။
ငြင်းခုန်တာက ပိုပြီး မသက်သာစေရပါဘူး။ ဖြစ်နိုင်သလောက် ကြိုးစားပြီး အရာရာကို မျှတွေးပေးဖို့ လိုပါတယ်။ နောက်ပြီးတော့ ကိစ္စတစ်ခုကို စေ့ငု သုံးသပ်တဲ့အခါ စိတ်ခံစားချက်တွေကို ဖယ်ထားဖို့လည်း လိုပါတယ်။ ဒါမှလည်း ကိုယ့်ရဲ့ဖြစ်တည်မှုထိ မေးခွန်းထုတ်နိုင်ဖို့ မဖြစ်မှာ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ Mental Health Counselling ယူဖို့ အကြံပေးလိုပါတယ်။ ဘယ်သူမှ မွေးကတည်းက စိတ်ဓာတ်ခိုင်မာပြီး မွေးဖွားလာတာ မဟုတ်တဲ့အတွက် လိုအပ်ရင် အကူအညီ ယူတာ ကောင်းပါတယ်။
ဖတ်ပေးကြလို့ ကျေးဇူးပါ။
Lucifer
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။


