ဒီခေါင်းစဉ်ကို ရေးရတာ ကြောက်တော့ ကြောက်ပါတယ်။ ဒါပေမယ့် ကြောက်ကြောက်နဲ့ပဲ ရေးလိုက်ပါတယ်။
ကျွန်တော်တို့တွေ တော်တော်များများကတော့ တစ်ဝမ်းကွဲအချင်းချင်းလက်ထပ်တာကို ဒါမျိုး မိမိလက်မခံ လို့ သတ်မှတ်ထားကြပါတယ်။

ဘာလို့လက်မခံရသလဲလို့ မေးလိုက်ရင် ကလေး ဂေါက်သီးလေးမွေးလာတတ်တယ်၊ ကလေးမှာ ရောဂါထူမယ် စသဖြင့် Science နဲ့ကိုင်ပေါက်ကြတဲ့လူရှိသလို အမျိုးချင်းယူရအောင် ခွေးတွေမို့လို့လား၊ ယူရမယ့်သူ အဲ့လောက်တောင်ရှားနေလား ဆိုပြီး Culture နဲ့ကိုင်ပေါက်ကြတာလည်း ရှိပါတယ်။
ဒီတော့ Culture သမားကို ခဏမေ့ထားလိုက်ပါမယ်။ (တိကျတဲ့ အချက်အလက်တွေ မပါဘဲ ပြောရတာ အဆင်မပြေလို့ပါ)
Science နဲ့ ကိုင်ပေါက်တဲ့သူရဲ့ အကြောင်းပြချက်တွေက မှန်နေလားဆိုတာ Science နဲ့ပဲ ပြန်ချိန်ကိုက်ကြည့်ရအောင်…။
ရာဇဝင်ထဲမှာတော့ ဒီလိုလက်ထပ်ကြတာ မဆန်းပါဘူး။
ဗုဒ္ဓတောင်မှ လူဝတ်ကြောင်ဘဝမှာ ဝမ်းကွဲနှမကို လက်ထပ်ခဲ့တာပဲ၊ ရာဟုလာလေး ရူးမသွားပါဘူး။ (ဒီလို လွယ်လွယ်နဲ့ ပြောလို့မရမှန်း သိပါတယ်၊ နောက်မှာ Science နဲ့ဆက်ပြောမှာပါ)
Western History မှာလည်း နာမည်ကြီးတွေထဲကဆိုရင် Einstein နဲ့ Darwin တို့ဟာ ဝမ်းကွဲတွေနဲ့လက်ထပ်ထားကြတာပါ။
တကယ်ဆိုရင် Evolution အကြောင်းကို စပြောခဲ့တဲ့ Darwin ဟာ ဒီလိုလက်ထပ်တာမျိုးကို ပိုပြီး ကြောက်ရွံ့သင့်တာပေါ့။ ဒါရဲ့ဆိုးကျိုးတွေ သူသိမှာပဲလေ။

DNA ဆိုတာ နှစ်ပင်လိမ်လှေကားကြီးမှန်း လူတိုင်းမြင်ဖူးကြမှာပါ။ DNA ထဲမှာ ကျွန်တော်တို့ရဲ့ မျိုးရိုးဗီဇ (Gene) တွေကို သိမ်းထားတာပါ။
DNA ၂ပင်လိမ်မှာ ၁ပင်ဆီကို မိဘနှစ်ပါးဆီက ရတာပါ။
ဒီတော့ ကိုယ်နဲ့ ကိုယ့်မိဘနဲ့ဆို DNA 50% တူပါတယ်။ ကိုယ့်ရဲ့ ညီကိုမောင်နှမ အရင်းတွေလည်း DNA 50% တူကြပါတယ်။
တစ်ဝမ်းကွဲတွေဟာ DNA 12.5% တူညီကြတယ်။
အဲ့ဒီတော့ ဗီဇတွေလည်း အချင်းချင်း 12.5% share ထားကြတာပေါ့။

ဆက်မပြောခင် မျိုးရိုးဗီဇလိုက်တဲ့ရောဂါတွေ ဘယ်လိုဖြစ်လဲဆိုတာ အကြမ်းဖျင်းသိထားသင့်ပါတယ်။
ဥပမာပြလို့ကောင်းတာက Autosomal Recessive ရောဂါတွေပါ။
ဒီရောဂါတွေကို ဖြစ်ဖို့ မကောင်းတဲ့ Gene နှစ်ခုလိုပါတယ်။ ဆိုလိုချင်တာက အဖေဆီက တစ်ခု၊ အမေဆီက တစ်ခုရမှ ဒီရောဂါဖြစ်မှာပါ။
တစ်ယောက်ဆီကပဲ ရတယ်ဆို သယ်ဆောင်သူ (Carrier) အဖြစ်နဲ့ပဲ ရောဂါလက္ခဏာမပြဘဲ နေလို့ရပါတယ်။
သူစိမ်းအချင်းချင်းယူလည်း ကလေးမှာ ဒီရောဂါတွေ ဖြစ်တတ်တာပါပဲ။ ဒါကတော့ “ကံ” လို့ပဲဆိုရမှာပါ။
ဒါပေမယ့် မိသားစုထဲမှာ မကောင်းတဲ့ Gene တစ်ခု ပါနေပြီဆိုရင် ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ် ဆိုတဲ့ လူတွေအတွက်တော့ ကလေးမှာ မကောင်းတဲ့ Gene ၂ခုပါသွားပြီး ရောဂါဖြစ်ပါတယ်။
ဒါပေမယ့် ဒါက 100% ဖြစ်သွားတာမဟုတ်ပါဘူး။ ဒီလို Gene ၂ခုလုံး ပါဖို့ 25% chance ရှိပါတယ်။ ဒါက Permutation သဘောပါပဲ။
မြင်အောင်ပြောရရင် အနာ ၂လုံးပါတဲ့ ပန်းသီး ၄လုံးရှိတယ်လို့ မြင်ကြည့်ပါ။
ပန်းသီးအကောင်းတစ်လုံးနဲ့ အနာတစ်လုံးကို တစ်ဖွဲ့ဖွဲ့လိုက်တယ်။ စုစုပေါင်း ၂ဖွဲ့ပေါ့။
အဲ့ဒီအထဲကမှ အနာ ၂လုံးလုံး ကိုယ်ရမယ့် ဖြစ်တန်စွမ်းဆိုရင် 25% ပဲရှိမှာပေါ့။
(ကံအဆိုးဆုံးလူသား ဖြစ်ဖို့ 25% chance ရှိတယ်)

ဒါပေမယ့် ဒီလောက်မရိုးရှင်းပါဘူး။ ဝမ်းကွဲမောင်နှမ ၂ယောက်လုံးမှာ မကောင်းတဲ့ Gene ရှိ၊ မရှိသေချာမသိလို့ပါ။
သူတို့ရဲ့ အဘိုးနဲ့အဘွားမှာ ဒီလို Gene တွေရှိနေလားဆိုတာလည်း ပြန်ကြည့်ရပါသေးတယ်။
အဲ့ဒီတော့ Data တွေ ပေါင်းပြီး တွက်လိုက်တဲ့အခါမှာ ဝမ်းကွဲတွေလက်ထပ်ရင် ကလေးမှာ ရောဂါရဖို့ Chance က 4-7% ရှိပါတယ်။
သာမန်လူတွေလက်ထပ်ရင်ရော…? 3-4% ရှိပါတယ်။
ဒါဆိုသိပ်မကွာဘူးပဲလို့ ထင်မိရင်တော့ အထင်မစောပါနဲ့ဦးလို့ အရင်ပြောပါရစေ။
ဒီ Data က ရောဂါတစ်မျိုးအတွက်ပဲ ပြောချင်တာပါ။
Autosomal Recessive ရောဂါတွေ အများကြီး ရှိပါတယ်။ ကိုယ့်ရဲ့အမျိုးထဲမှာ ကိုယ်မသိဘဲ ပုန်းအောင်းနေတဲ့ (Carrier ဖြစ်နေတဲ့) ရောဂါဘယ်နှမျိုးရှိလဲ ကိုယ်မသိနိုင်ပါဘူး။
ဒါ့အပြင် ကိုယ့် Family က Generation အလိုက် ဝမ်းကွဲအချင်းချင်းပတ်ယူနေကြတယ်ဆိုလည်း ကလေးမှာ ရောဂါဖြစ်ဖို့ ရာနှုန်းကများသွားပါပြီ။
ဒါကြောင့် သူစိမ်းနဲ့ပဲလက်ထပ် ခိုင်းကြတာပါ။
ဒါက ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်မိသားစုထဲမှာ မကောင်းတဲ့ Gene ရှိနေရင် သူစိမ်းရဲ့ (ကောင်းမယ်လို့ထင်ရတဲ့) Gene တစ်ခုကို ထည့်လိုက်တဲ့အခါ ကိုယ်ကမွေးလာတဲ့ကလေးမှာ ရောဂါဖြစ်ဖို့ Chance က မရှိတော့ပါဘူး။
Carrier တော့ဖြစ်သွားနိုင်ပေမယ့် ဒီကလေးကလည်း သူကြီးလာတဲ့အခါ သူစိမ်းကို လက်ထပ်လိုက်ရင် သူသယ်ထားတဲ့ မကောင်းတဲ့ Gene ကလည်း တဖြည်းဖြည်းနဲ့ပျောက်သွားနိုင်ပါတယ်။
သမိုင်းမှာထင်ရှားတဲ့ ဥပမာကတော့ Emperor Ferdinand I of Austria ပါပဲ။
သူ့ကို ဉာဏ်ရည်မပြည့်သလိုမျိုး စာတွေကတော့ ရေးကြပါတယ်။ သူက အတက်ရောဂါလည်း ငယ်ငယ်ကတည်းက ရှိတယ်။
သူဟာ ဝမ်းကွဲအချင်းချင်းယူတဲ့ မိသားစုကနေ မွေးလာတာပါ။

ဒီတော့ အကြံပေးရရင် တစ်ဝမ်းကွဲချင်းမယူတာ ကောင်းပါတယ်။
ယူချင်စိတ်ရှိရင်လည်း ယူလို့တော့ရပါတယ်။ ဒါပေမယ့် ကိုယ့်မိသားစုထဲမှာ ဒီလို Tradition မျိုး မမွေးမြူမိဖို့ကအဓိကပါပဲ။
တကယ့်တကယ်ခံစားရတာက မွေးလာတဲ့ကလေးတွေ မို့ပါ။
SAGAN
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။