လူတွေ အသိအမြင်အသစ်တစ်ခုကို သိလိုက်ရတဲ့အခါ “အော်… ငါ အရင်က ထင်ခဲ့တာ လွဲခဲ့လေခြင်း” ဆိုပြီး မဖြစ်သွားကြဘူးလို့ဆိုတယ်။
အဲ့ဒီလိုဖြစ်မယ့်အစား
“ငါထင်သားပဲ၊ ဒီလိုဖြစ်တော့မယ်ဆိုတာ…”
“ငါထင်တယ်၊ မန်ယူ ရှုံးတော့မယ်ဆိုတာ…”
“ငါထင်တယ်၊ ဒီမင်းသားနဲ့ ဒီမင်းသမီး ကြိုက်နေကြတယ်ဆိုတာ…”
“ငါထင်တယ်၊ ဒီနေ့ မိုးရွာတော့မယ်ဆိုတာ…” မျိုးတွေ ပြောကြတာများတယ်။

အရင်က တကယ်သိခဲ့တာလည်း မဟုတ်ဘဲ Outcome တစ်ခုခုကို သိမှ “ငါသိတာပေါ့…” ဆိုပြီး တကယ်သိသလိုလိုနဲ့ လုပ်တတ်ကြတယ်။
(လိမ်တာလို့ ပြောချင်တာမဟုတ်ပါ၊ ဦးနှောက်က အဲ့ဒီလိုပဲ အလုပ်လုပ်တာပါ)
အထူးသဖြင့် ဖြစ်တန်စွမ်း ဆတူရှိနေတဲ့ ကိစ္စတွေမှာပေါ့။ (လုံးဝမဖြစ်နိုင်ဘူးထင်ထားတဲ့ ကိစ္စတစ်ခုက ဖြစ်သွားတယ်ဆိုရင်တော့ ငါထင်ပါတယ်… မပြောကြပါဘူး)
အောက်က စမ်းသပ်ချက်ကို ဖတ်ကြည့်ပြီး ကိုယ်သိပြီးသားလား၊ မသိရသေးဘူးလား စည်းစားကြည့်ပါ။
အသက်ကြီးတဲ့သူတွေက College မှာပညာသင်ကြတဲ့အခါ ၁၈ နှစ်အရွယ်လူငယ်တွေထက် စာပိုလိုက်နိုင်တယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ အသိဉာဏ်တွေက တစ်ဘဝစာ ရှိနေတယ်၊ ပေါင်းသင်းဆက်ဆံရေး ပိုကောင်းတယ်၊ ပိုက်ဆံအတွက်လည်း မပူရဘူး။

ဒါဟုတ်တာပေါ့။ အသက်အရွယ်နဲ့ သင်ယူနိုင်စွမ်းက ဘာမှမှမဆိုင်တာ…။ အသက်ကြီးလည်း ပညာဆိုတာ ဆက်သင်နေရတာပဲလေ။
“Learning is a lifelong process” ဆိုတာတောင် ရှိသေးတာပဲ။
ဒီစမ်းသပ်ချက်က မှန်တာပေါ့။ ဒီအချက်ကို သိပြီးသားပါ။ ဟုတ်တယ်မလား။
ဆိုပေမယ့်… “ခွေးကိုအသက်ကြီးမှ လက်ပေးသင်လို့မရဘူး” လို့ ဆိုတာလည်း ရှိနေတယ်။
ဒါဆို အပေါ်က Study ကို အဘိုးကြီးတွေ College တက်လည်း နည်းပညာအခက်အခဲတွေကြောင့် ဘာမှသင်မရဘူးဆိုပြီး ပြောင်းလိုက်ရင်ရော…
မှန်တယ်ပဲ ထင်နေကြဦးမှာပဲလေ။

သေချင်တဲ့ကျား တောပြောင်းဆိုရင်လည်း မှန်တာပဲ၊ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုလည်း မှန်တာပဲ။
လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်လို့မရဘူး လို့ဆိုရင် မှန်တာပေါ့။
ဒါပေမယ့် ဘဲပုံစံရှိတယ်၊ ဘဲလိုပဲရေကူးတယ်၊ ဘဲလိုအော်တယ် ဆိုရင် ဒါဟာဘဲပဲလို့ အပေါ်ယံနဲ့ ဆုံးဖြတ်လို့ရနိုင်တာလည်း မှန်နေတယ်။
ဆရာဝန်တွေကိုလည်း “Common things are common”
“When you see hoof prints, think horses, not zebras” လို့သင်ပေးထားတယ်။
ခွာရာတွေ့ရင် မြင်းလို့ပဲစဉ်းစားပါ၊ မြင်းကျားဆိုပြီး မစဉ်းစားပါနဲ့လို့ ဆိုလိုချင်တာပါ။ (ပြောချင်တာက ဒီရောဂါ လက္ခဏာနဲ့လာရင် တွေ့နေကြရောဂါထဲကပဲ စဉ်းစားဖို့၊ ရှားပါးတဲ့ရောဂါတွေကို လျောက်မစဉ်းစားဖို့ သင်ပေးတာပါ)
ဆိုတော့… လူတွေကို ဟိုမရောက်၊ ဒီမရောက် စကားတွေနဲ့ ကြားချပြီး ခြံစည်းရိုးခွထိုင်လို့ ရနေတယ်။
အထူးသဖြင့် ၂ဖက်မျှမတွေးတတ်တဲ့သူတွေ၊ ဒါဆိုဒါပဲမြင်တတ်တဲ့ သူတွေကို ပိုပြီး လှည့်စားလို့ရတယ်။

ဒါကြောင့် Facebook ပေါ်မှာတွေ့ရတဲ့ ဗေဒင်တွေဆိုရင် လက်ရှိဖြစ်ပျက်နေတဲ့ကိစ္စတွေနဲ့ ဆိုင်တဲ့ဟောချက်မျိုးတွေပဲ အများအားဖြင့် တွေ့ရတယ်။
ခုကာလဆို လူတွေနေ့တိုင်းသေနေကြတာပဲ၊ ဒါဆိုနောက်ရက်အတွက် ဟောချက်ထုတ်တဲ့အခါမှာ လူတွေသေနိုင်တယ်၊ ဂရုစိုက်ကြပါ၊ ဒီလိုမဖြစ်အောင် ဘာယတြာလုပ်ပါ ဆိုတာမျိုးထည့်လိုက်ရင် ဘယ်သူက ငြင်းနိုင်မလဲ။
ရာသီဥတုအကြောင်းကို ကြိုသိနိုင်နေတာပဲ၊ နက်ဖြန်မိုးရွာနိုင်တယ်၊ ထီးမမေ့ပါနဲ့ ထည့်ရေးရင် ဘယ်သူကန့်ကွက်မလဲ။
လူတွေက ဒီလိုဟောတဲ့စာတွေမြင်ရင် မှန်တဲ့ဟာကို သတိရပြီး တက်တက်စင်အောင် လွဲတာတွေကို ကျတော့ မေ့ထားတတ်ကြတယ်။
ဒါကြောင့်လည်း ဟောတဲ့သူတွေက ဘယ်တော့မှ အကြောင်းအရာတစ်ခုတည်းကို မဟောကြဘူး။ အနည်းဆုံး ၁ဝချက်လောက်တော့ ဟောတတ်ကြတယ်။ တစ်ခုမှန်ရင် ကျန်တာတွေမှားနေလည်း လူတွေက ဂရုမစိုက်ကြတော့ဘူး။

ပြီးတော့ နေ့နံ ၇ ခုပဲရှိတယ်။ မြန်မာပြည်မှာ လူက သန်းခေါင်စာရင်းအရ သန်း ၅၀ ရှိတယ်။ ဒီတော့ အကြမ်းအားဖြင့် လူ ၇ သန်းက နေ့နံ တစ်ခုဖြစ်နေတာပေါ့။
ဒါဆိုရင် နေ့နံတစ်ခုအတွက် ဟောစာတမ်းတစ်ခုမှာ အချက် ၁၀ ခုဟောတယ်ဆိုပါစို့။
လူ ၇ သန်းက ဒီအချက် ၁ဝ ချက်နဲ့ ကိုက်ညီဖို့ဘယ်လောက်လွယ်လိုက်မလဲ။
(ယုံကြည်သွားဖို့လည်း ၁ချက်မှန်ရုံနဲ့ရပြီ)
ပြီးတော့ ဘယ်လိုအချက်တွေကို ရေးထားသလဲ?
ရည်းစားက စိတ်ကောက်နိုင်တယ်တို့၊ ငွေကြေးပြဿနာရှိနိုင်တယ်တို့၊ မမျှော်လင့်ထားတဲ့ပြဿနာတွေ ဖြေရှင်းရနိုင်တယ်တို့ အရမ်း Vague ဖြစ်တဲ့ကိစ္စတွေချည်းပါပဲ။
တိုင်းပြည်ကြီးချောက်ထဲကျဖို့ လက်တစ်လုံးအလိုမှာ ကယ်တင်လိုက်ပါတယ်ဆိုတဲ့ ကိစ္စ၊ တစ်တိုင်းပြည်လုံး ကျွမ်းထိုးမှောက်ခုံဖြစ်သွားစေတဲ့ ကိစ္စမျိုးကျတော့ ကြိုမသိခဲ့ရဘူး။

ရည်းစားက စိတ်ကောက်နိုင်တာ ဒီရက်ပိုင်းမှ မဟုတ်ပါဘူး။ အမြဲတမ်းပါပဲ။
ငွေကြေးပြဿနာတက်တာကလည်း စီးပွားရေးလုပ်နေတဲ့သူဆို အမြဲဖြစ်နေနိုင်တာပါပဲ။ အလုပ်မလုပ်သေးတဲ့သူဆိုရင်တောင် သူငယ်ချင်းက ချေးထားတဲ့ လက်ဖက်ရည်ဖိုး ပြန်မဆပ်လို့ ပြဿနာတက်တာကိုလည်း ငွေကြေးပြဿနာတက်တယ်လို့ ပြောချင်ရင်ပြောလို့ရပါတယ်။
မယုံကြည်ဖို့ပြောတာမဟုတ်ပါဘူး၊ ကိုယ်ဘာတွေဖြစ်လာနိုင်လဲဆိုတာ ကြိုသိထားတော့ မှန်မှန်မှားမှား ကြိုပြီးပြင်ဆင်ထားနိုင်တာပေါ့။
ဒါကြောင့် ရည်းစားကို ပိုဂရုစိုက်မိမယ်၊ ငွေကြေးပြဿနာတက်နိုင်တယ်တွေးမိတော့ ပိုပြီး Cautious ဖြစ်မယ်၊ အလိမ်ခံရဖို့နည်းသွားမယ်။
ကိုယ့်ရဲ့ ၁နေ့တာကို ကြိုသိနေရတော့ အရာရာမှာ ယုံကြည်မှုရှိနေနိုင်တာပေါ့။ စိတ်ဓာတ်ခွန်အားပေးတဲ့နေရာမှာလည်း ဗေဒင်ယတြာက အားကောင်းတဲ့အထဲမှာပါတယ်။ ကိုယ့်ရဲ့အညံ့တွေပျောက်ပြီး ကောင်းတာတွေပဲကျန်တော့တယ်လို့ သိရတဲ့အချိန်မှာ လူတစ်ယောက်က စိတ်ပျော်ရွှင်လာမှာ မလွဲဘူး။
အဓိကပြောချင်တာက ဟိုဘက်ကလည်း ဟုတ်တယ်၊ ဒီဘက်ကလည်း မှန်တယ် ကြားကျကျပြောပြီး ၂ဖက်စလုံးက လူတွေကို သိမ်းသွင်းလို့ရတယ်ဆိုတာပါ…။

လူတွေကလည်း ကိုယ်ယုံကြည်ရာ တစ်ခုကို အမြဲအစဉ်တစိုက်ယုံကြည်ခဲ့တယ်လို့ ထင်တတ်ကြတယ်။
ဥပမာ အရင်က ရည်းစားမရသေးလို့ ယောက်ျားတွေမကောင်းဘူး၊ ဒါကြောင့် ရည်းစားမထားတာလို့ ပြောခဲ့ပေမယ့် ရည်းစားရသွားတဲ့အခါမှာတော့ အဲ့လိုပြောခဲ့တာကို မေ့သွားတတ်ကြတယ်။
ကိုယ့်ကိုယ်ကို ထင်တာကတော့ ငါသေချာ စဉ်းစားဆုံးဖြတ်တဲ့အတိုင်း ငါ့ဘဝကြီးက သွားနေတာပေါ့၊ ဒါပေမယ့် တကယ်တမ်း ဖြစ်နေတာက လုပ်ချင်တာလုပ်ပြီးမှ ကိုယ့်လုပ်ရပ်ကို Justify ဖြစ်အောင်ပြန်တွေးလိုက်ကြတာမျိုးပါ။ (လူတိုင်းတော့ မဟုတ်ပါ)

ပြောချင်တာက ဦးနှောက်က ကိုယ်အခုယုံကြည်နေတဲ့အရာတွေကို အရင်ကတည်းက ယုံကြည်ခဲ့တယ်ဆိုတဲ့အမြင်မျိုးဖြစ်အောင် ပုံသွင်းတတ်တယ်ဆိုတာပါ။
English စကားမှာတော့ Hindsight 20/20 ဆိုပြီးပြောကြပါတယ်။ လုပ်ခဲ့တဲ့ကိစ္စတွေကို ပြန်သုံးသပ်ကြည့်တဲ့အခါ အရင်က ဘာတွေလုပ်ခဲ့လဲ၊ ဘယ်လိုတွေမှားခဲ့လဲဆိုတာ လွယ်လွယ်နဲ့ ပြန်မြင်နိုင်ကြတယ်လို့ဆိုတယ်။ ဒါပေမယ့် ခုလိုမျိုး ဦးနှောက်ကို မယုံကြည်ရဘူးဆိုရင် Hindsight 20/20 လို့ထင်သွားရုံပဲရှိပြီး တကယ့်အမှန်ကို မြင်နိုင်မှာမဟုတ်ပါဘူး။
SAGAN
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။