ကြက်တူရွေးတွေက ဘယ်လိုကောင်တွေလဲ?

ခေါင်းစဉ်ဖတ်ပြီး စာရေးတဲ့ကောင်က ရင့်လိုက်တာလို့ မထင်ပါနဲ့။ ကောင်းတဲ့အကြောင်းလေးတွေရေးမှာပါ။

ကြက်တူရွေးလေးတွေက ချစ်စရာတော်တော်ကောင်းပါတယ်။ သူတို့က အသိဉာဏ်မြင့်ပြီးတော့ ပျော်ပျော်နေတတ်ကြတဲ့ အကောင်လေးတွေပါ။
သူတို့အကြောင်းကို သို့လော…၊ သို့လော… တော့သိထားကြမှာပါ။
ခု ရှင်းရှင်းလင်းလင်း သိရအောင် ရေးလိုက်ပါတယ်။
ကြက်တူရွေးမျိုးကွဲပေါင်း ၄၀၀ လောက်ရှိတဲ့အတွက် သူတို့အကုန်လုံးကို ချုံငုံမိအောင် ပြောဖို့တော့ မလွယ်ပါဘူး။ ဒါကြောင့် စိတ်ဝင်စားလောက်မယ့် အကြောင်းတွေကိုပဲ ရွေးထုတ်ထားပါတယ်။

လူစကားကို နားလည်လို့ လိုက်ပြောတာလား၊ အသံတုအရမ်းကျွမ်းကျင်တာလား?

ကြက်တူရွေးလို့ပြောလိုက်ရင် စကားသင်ပေးလို့ရတာကို လူတွေသိကြပါတယ်။ ဒါပေမယ့် ဒီကောင်တွေ တကယ်ရောနားလည်ရဲ့လားဆိုတာ သံသယဖြစ်စရာပါ။
စားလို့သောက်လို့ ကောင်းအောင် ဖောရှောလုပ်နေတာများလား?

ကြက်တူရွေးတွေက ပတ်ဝန်းကျင်နဲ့သူတို့ အဆက်မပြတ်ရလေအောင် အသံလိုက်တုတာလို့ဆိုတယ်။ (စကားမပြောရရင် မနေနိုင်တဲ့ ရပ်ကွက်ထဲက အဒေါ်ကြီးတွေလိုပေါ့…)
စမ်းသပ်ချက်တွေအရတော့ ပစ္စည်းတွေနဲ့ စကားလုံးတွေကို တွဲဆက်မိတယ်လို့ ဆိုပါတယ်။
ဥပမာ သော့ယူပေးလို့ပြောရင် သော့ဆိုတာ ဘာမှန်းသူတို့သိကြပါတယ်။ (ယူပေးတာ မပေးတာက နောက်တစ်ပိုင်းပေါ့…)

လူအသံတင်မဟုတ်ဘူး၊ တိရစ္ဆာန်အသံတွေကိုပါ တုပနိုင်ကြတယ်။
ခွေးလိုဟောင်၊ ကြောင်လို Meow တဲ့ ကြက်တူရွေးတွေရှိပါတယ်။

https://www.youtube.com/watch?v=BRQolW8U_mk (ခွေးလိုဟောင်တဲ့ကောင်)
https://www.youtube.com/watch?v=B-eeNvUEGDk (ကြောင်လို Meow တဲ့ကောင်)

သူတို့ဟာ အချင်းချင်း ငှက်စကားနဲ့ဆက်သွယ်နိုင်ကြတယ်။ သူတို့အချင်းချင်းစကားပြောတဲ့ အသံက သီးသန့်ရှိပါတယ်။ အဓိကကတော့ တောထဲမှာနေကြတဲ့ ကြက်တူရွေးတွေမှာတွေ့ရတာပါ။
အန္တရာယ်ရှိကြောင်း အချင်းချင်းသတိပေးချင်တဲ့အခါ ဆက်သွယ်ကြပါတယ်။
လူတွေက ဖမ်းမိတဲ့အခါ စကားတွေသင်ပေးပြီး တောထဲပြန်လွှတ်လိုက်ရင် တောထဲက သူ့သူငယ်ချင်းတွေလည်း သူတတ်တဲ့စကားတွေ တတ်ကုန်တယ်လို့ ဆိုတယ်။

ဒါပေမယ့် ထူးခြားတာက သူတို့မှာ လူတွေလို အသံအိုး (Vocal Cords) မရှိပါဘူး။ လေအဝင်အထွက်ကို လည်ပင်းကကြွက်သားတွေ ကျဉ်းလိုက်၊ ကျုံ့လိုက်လုပ်ရင်း ထိန်းချုပ်တာပါ။ ဒါကြောင့် အသံတုမှာ ကျွမ်းကျင်ကြတာဖြစ်တယ်။

အသက်ဘယ်လောက်ရှည်လဲ?

ဒါကတော့ ထူးခြားပါတယ်။ ကြက်တူရွေးအသေးလေးတွေဆို ၁၅နှစ်ကနေ အနှစ် ၂၀ ထိ အသက်ရှည်ကြတယ်။
အလတ်စားလေးတွေက ၂၅နှစ်ကနေ အနှစ်၃၀ လောက်ထိ အသက်ရှည်တယ်။
အကြီးကောင်တွေကတော့ အနှစ် ၆၀ ကနေ အနှစ် ၁၀၀ လောက်ထိအသက်ရှည်ပါတယ်။ (လူလိုပါပဲ)

Size Comparison

ဉာဏ်ကောင်းလား၊ ဉာဏ်တိမ်လား?

လူသံ၊ တိရစ္ဆာန်သံတွေကို နားလည်တာတော့ ဟုတ်ပါပြီ၊ ဒီလောက်နဲ့ပြီးသွားပြီလားလို့ မေးစရာရှိပါတယ်။
ကြက်တူရွေးထဲမှာမှ Kea Parrot တွေက Problem Solving မှာ ထူးထူးခြားခြားကျွမ်းကျင်ကြပါတယ်။

Kea Parrot

https://www.youtube.com/watch?v=7W7hEUGtv4U (ဒီ Video လေးက သူတို့ဘယ်လောက်ဉာဏ်ရည်မြင့်လဲဆိုတာ စမ်းသပ်ထားတာမို့ ကြည့်သင့်ပါတယ်)

https://www.youtube.com/watch?v=BG-0Bpe0J34 (ဒါကတော့ ၄နှစ်၊ ၅နှစ်ကြား ကလေးတွေကို ကြက်တူရွေးနဲ့ ပြိုင်ပြီးစမ်းထားတာပါ)

ကြက်တူရွေးတွေက ၄နှစ်သားလောက် အသိဉာဏ်ရှိတယ်ဆိုပြီး တချို့ပညာရှင်တွေကတော့ ပြောကြပါတယ်။
သင်္ချာလည်း အခြေခံအပေါင်း၊ အနှုတ်လောက်တော့ တွက်တတ်ကြပါတယ်။ သုည ရဲ့ သဘောတရားကိုလည်း နားလည်ကြပါတယ်။

ခေါင်းမွှေးကိုကြည့်ပြီး သူတို့ခံစားချက်ကို သိနိုင်လား?

နာမည်ပေးတာ မနူးညံ့ရင် Sorry ပါ။ သူတို့ခေါင်းပေါ်က အမောက်ကို ပြောချင်တာပါ။
အဲ့ဒီအမောက် မထောင်တထောင် ဖြစ်နေရင် သူစိတ်လှုပ်ရှားနေတယ်ဆိုတာကို ပြတာပါ။

မိုင်ကုန်ထောင်ထားရင်တော့ ကြောက်လို့၊ အန္တရာယ်ရှိလို့ ဖြဲချောက်တဲ့သဘောပါ။
(ဒါက သူနိုင်လောက်တဲ့အကောင်ပေါ့)

Punk တွေရဲ့ Mohawk နဲ့တူပါတယ်

သူမနိုင်လောက်တဲ့ အကောင်နဲ့တွေ့ရင်တော့ အမွှေးလည်း အလုပ်ရှုပ်ခံပြီး ထောင်မနေပါဘူး၊ ခပ်ဝပ်ဝပ်ကလေးပဲ နေကြပါတယ်။

သူတို့မှာလည်း လူတွေလိုပဲ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းစတဲ့ ခံစားချက်တွေရှိပါတယ်။
တစ်ကောင်ချင်းဆီမှာလည်း Personality တစ်မျိုးစီရှိတယ်လို့ဆိုတယ်။ (လူဆိုရင် အမြဲတမ်း အဖတ်မလုပ်တဲ့ ကြောင်တွေ၊ လူမြင်ရင် ငမ်းငမ်းတက်နေတဲ့ ခွေးတွေနဲ့တော့ ကွဲလွဲပါတယ်)

အစာစားတာ လူလိုပဲလား?

သူတို့တွေ အစာကို ဘယ်လိုစားလဲဆိုတာ မြင်ဖူးတဲ့သူတွေရှိမှာပါ။ ခြေတစ်ဖက်နဲ့ကိုင်ပြီး ပါးစပ်ထဲကို ခြေထောက်နဲ့ခွံ့ကျွေးတာပါ။
လူတွေ လက်နဲ့စားသလိုပါပဲ။

ပြီးတော့ သူတို့က အစုံစားသတ္တဝါတွေထဲမှာ ပါပါတယ်။ အစာကျွေးတဲ့အခါ အရောင်တောက်လေ ကြိုက်လေပါပဲ။ (ဒါကြောင့် ငရုတ်သီးကို စားကြတာပါ)

သစ္စာရှိသလား?

သူတို့တွေက အဖော်တွေ့ရင် သေတဖန် သက်တဆုံး အတူတူနေသွားကြတယ်လို့ဆိုပါတယ်။ (လူတွေလို မသေမချင်း ဇာတ်လမ်းတွေမရှုတ်ပါဘူး။)
ဒါပေမယ့် တစ်ကောင်ကောင်က မြုံနေရင်တော့ လမ်းခွဲတတ်ကြတယ်။
စပြီး ပိုးပန်းရတာကတော့ အထီးတွေအလုပ်ပါ။ အမတွေက ခေါင်းခေါက်ရွေးရုံပါပဲ။

Parrot Couples Illustration

Death Metal Band တစ်ခုမှာ Vocalist လုပ်နေတဲ့ Parrot တစ်ကောင်လည်းရှိပါသေးတယ်။

ခုထည့်ပေးမယ့် Video ကတော့ AC/DC ရဲ့ Whole Lotta Rosie ကို ရသလောက် လိုက်အော်နေတဲ့ ကြက်တူရွေးတစ်ကောင်ပါ။
https://www.youtube.com/watch?v=fTm_-jtRW4g

စိတ်ပျော်ချင်ရင်တော့ Video လေးတွေကို မဖြစ်မနေကြည့်စေချင်ပါတယ်။

ဒီလောက်နဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ်။ ဖတ်ပြီး ကြက်တူရွေးအကြောင်း အနည်းငယ်တော့ သိသွားလိမ့်မယ်ထင်ပါတယ်။

SAGAN

Leave a comment

Design a site like this with WordPress.com
Get started