ဗုဒ္ဓဟောတဲ့ ပျော်ရွှင်ခြင်းအတုယောင်တွေနဲ့ အနောက်တိုင်း စိတ်ပညာ စမ်းသပ်ချက်အဖြေများ

ဗုဒ္ဓဝါဒကို Physics နဲ့ချိတ်ဆက်ရေးတဲ့အခါ ဖတ်တဲ့လူများတဲ့အတွက် ဝမ်းသာမိပါတယ်။
ခုတော့ ဘာဆက်ရေးရမလဲ စဉ်းစားမရသေးလို့ ဒီခေါင်းစဉ်ကို ရေးလိုက်တာပါ။ ဒါက ငြင်းခုန်စရာသိပ်မရှိတဲ့ Topic မို့ အရင်လို “စိတ်ရှင်းရှင်းနဲ့ဖတ်ပါ” မပြောတော့ပါဘူး။ (မပြောတော့ဘူးဆိုပြီး ခုပဲ ပြောလိုက်ပါပြီ…)
အတွေးတစ်ခုတော့ ရသွားမယ်လို့ မျှော်လင့်ပါတယ်။

အင်္ဂုတ္တရနိကာယမှာတော့ ဒီလိုရေးထားပါတယ်။
“အို… ရဟန်းတို့၊ မြတ်စွာဘုရားတို့ ပွင့်ထွန်းလာလျှင်ဖြစ်စေ၊ မပွင့်ထွန်းလာလျှင်ဖြစ်စေ ပြုပြင်ပေးရသော သင်္ခါရတရားတို့သည် အနိစ္စ (မတည်မြဲခြင်း)၊ ဒုက္ခ (ဆင်းရဲခြင်း)၊ အနတ္တ (အတ္တမရှိခြင်း) သဘောတရားအနေဖြင့်၊ သဘာဝနိယာမအနေဖြင့် တည်ရှိနေမည်သာတည်း။ ဤအမှန်သဘောကို မြတ်စွာဘုရားသည် သိမြင်တော်မူပြီးနောက် ထိုသဘောကို ဟောကြားတော်မူ၏၊ သင်ပြတော်မူ၏၊ မှန်ကန်ကြောင်း အတည်ပြုပေးတော်မူ၏။ ဤသို့ဖြင့် သင်္ခါရတရားတို့သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတို့ကို ထင်ရှားစေတော်မူ၏”

အနှစ်ချုပ်လိုက်တော့ အရာရာမတည်မြဲဘူး၊ ဘဝဟာ ဒုက္ခ ဆိုတာပါပဲ။
ဒီ Topic က ဘုန်းကြီးတွေဟောတဲ့ တရားတွေတိုင်းမှာ တွေ့နေရလို့ မြန်မာပြည်က လူတိုင်းရင်းနှီးပြီးသားဖြစ်မှာပါ။
ဒါပေမယ့် လူငယ်တွေအနေနဲ့တော့ ဒီသဘောကို သေသေချာချာ သဘောမပေါက်တတ်ကြပါဘူး။ (ကျွန်တော်အပါအဝင်ပေါ့)

အာရုံ ၅ပါး ပျော်ရွှင်မှုနောက်ကိုလိုက်တဲ့အခါ သောက်လေသောက်လေ ငတ်မပြေဆိုတဲ့ ဆားငန်ရည်လိုပဲ။
ဒီလိုတပ်မက်ခြင်းသံသရာက မဆုံးနိုင်တော့တဲ့အတွက် ဒုက္ခ (ဆင်းရဲခြင်း) ဖြစ်ရတယ်လို့ ဆိုတယ်။

ဒီတော့… ကိုယ်ကြိုက်တဲ့လူနဲ့အိပ်ချင်တာ၊ ကိုယ်ကြိုက်တဲ့မုန့်ကိုစားချင်တာ၊ ကိုယ်ကြိုက်တဲ့ဇာတ်လမ်းကို ကြည့်ချင်တာ၊ ကြိုက်တဲ့သီချင်းကို နားထောင်ချင်တာဟာ ဒုက္ခကို ဖြစ်စေသလားလို့ မေးစရာရှိလာတာပေါ့။
ဒုက္ခဆိုတာ ဆင်းရဲခြင်းဆိုတဲ့ အဓိပ္ပါယ်သာမက စိတ်ကျေနပ်မှုမရခြင်း၊ ပြည့်စုံတယ်လို့ မခံစားရခြင်း ဆိုပြီး ထပ်ထည့်ပေးရမှာပါ

ဒါကို မြင်သာအောင် Science ဘက်က ပြောချင်ပါတယ်။
Evolution နဲ့စလိုက်ချင်ပါတယ်။ သဘာဝတရားကြီးက ဒီလိုမျိုးဖြစ်အောင် “ဖန်ဆင်း” ထားတာပါ။ (မြင်သာအောင် ပြောလိုက်တာပါ၊ ဖန်ဆင်းတယ်ပြောလို့ သဘာဝတရားဆိုတာ ဖန်ဆင်းရှင်ပဲလို့ ပြောချင်တာမဟုတ်ပါ၊ သူက သက်မဲ့ဆိုတာ နားလည်စေချင်ပါတယ်)
သတ္တဝါတွေ မျိုးပွားချင်အောင် သူတို့လိင်ဆက်ဆံတဲ့အခါမှာ ပျော်ရွှင်ခြင်းဆိုတာ ဖြစ်လာအောင် လုပ်ပေးထားရပါတယ်။ ဒီအလုပ်ကို လုပ်ရင် ပျော်ရွှင်ရမယ်ဆိုတာကို သိနေတဲ့အခါ လုပ်မှာပါပဲ။
အစာစားတာလည်း ဒီလိုပါပဲ။ ကိုယ်နှစ်သက်တဲ့ အစာစားမိတဲ့အခါ ပျော်ရွှင်ခြင်းကိုဖြစ်စေလို့ အသက်ရှင်ဖို့အတွက် အစာစားပါဆိုပြီး ထွေထွေထူးထူး တိုက်တွန်းနေစရာမလိုတော့ဘူး။

ပြီးတော့… ပျော်ရွှင်ခြင်းက ကြာကြာခံလို့မရပါဘူး
တစ်ခါပဲ လိင်ဆက်ဆံပြီး တစ်သက်လုံးပျော်ရွှင်နေတယ်ဆိုရင် မျိုးဆက်တွေ ဆက်လက်ပြန့်ပွားနေရမယ်ဆိုတဲ့ သဘာဝတရားကြီးရဲ့ ရည်ရွယ်ချက်ပျက်သွားမှာပေါ့။
တစ်ခါစားပြီး တစ်သက်လုံးပျော်နေပြီဆိုရင် ထပ်မစားတော့ဘဲ ငတ်ပြီး ပျော်ပျော်ကြီးနဲ့ သေကုန်ကြမှာပေါ့။

နောက်ဆုံးတစ်ချက်က သတ္တဝါတွေအနေနဲ့ ဒါလုပ်ရင် ပျော်မှာပဲဆိုတာကိုသာ အာရုံစိုက်စေပြီး အပျော်ဆိုတာ ကြာကြာမခံပါလားဆိုတဲ့အချက်ကို မေ့ပျောက်နေစေတာပါ
ဒီ ၃ချက်ကို ခြုံငုံလိုက်ရင် ဗုဒ္ဓပြောတာကို အနည်းငယ်နားလည်သွားမယ်တော့ ထင်ပါတယ်။

ဒီတော့… လူသည်လည်း သတ္တဝါတစ်ကောင်ပဲမို့ ပျော်ရွှင်ခြင်းနောက်ကို တစိုက်မတ်မတ်လိုက်တတ်တာ မစမ်းပါဘူး။ ဒါပေမယ့် ဘဝမှာ ရာထူးတိုးရင် ပျော်မှာပဲဆိုပေမယ့် နောက်မှာပါလာမယ့် ခေါင်းရှုတ်ရမယ့်ကိစ္စတွေကို မမြင်ကြဘူး။
မုန့်စားလိုက်ရင် ပျော်မှာပဲဆိုပေမယ့် စားပြီးတဲ့အခါနောက်တစ်ခုထပ်စားချင်မှာကို မတွေးမိကြဘူး။ (ထပ်စားချင်ရင် ထပ်စားမှာပေါ့… မဟုတ်ဘူးလား၊ ဗိုက်ပြည့်တဲ့အခါ ရပ်သွားမှာပေါ့…)

ဒီလိုပျော်ရွှင်မှုကို ဖြစ်စေတာ Dopamine Hormone ကြောင့်ဆိုပြီး ပညာရှင်တွေကတော့ ပြောကြတယ်။
အဲ့ဒီတော့ မျောက်တွေနဲ့စမ်းသပ်လိုက်တာပေါ့။

စမ်းသပ်တာကတော့ မျောက်တွေကို ခေါ်လာပြီး အချိုရည်တိုက်တာပါ။ တစ်ချိန်တည်းမှာပဲ မျောက်တွေရဲ့ Dopamine ထွက်တဲ့ အာရုံကြောဆဲလ်တွေကို Monitor လုပ်နေတာပေါ့။
အချိုရည်လျှာပေါ်ကျလာတော့ ဒီဆဲလ်တွေ Activate ဖြစ်လာတာပေါ့။ (ပြောချင်တာက Dopamine ထွက်လာပြီ၊ ပျော်ရွှင်မှုရှိလာပြီ)

နောက်တစ်ခါကျတော့ မီးလင်းတာနဲ့ အချိုရည်ကျတာနဲ့ တွဲမိအောင် မျောက်တွေကို သင်ပေးထားလိုက်တယ်။ (ဒါကို တော်တော်များများက ခွေးကို ခေါင်းလောင်းတီးပြီး အစာကျွေးတာနဲ့ တူတာကို သိကြမှာပါ၊ Pavlov ရဲ့ Classical Conditioning လို့ခေါ်ပါတယ်)
ဒီတော့ မျောက်က မီးလင်းတာကို မျှော်နေတာပေါ့။ အဲ့ဒီအခါမှာ မီးလင်းလာတာနဲ့ Dopamine ကထွက်နှင့်နေပြီ၊ အချိုရည်မလာသေးဘူးနော်…။
အချိုရည်တကယ်လည်း ကျလာရော မျောက်မှာ Dopamine တွေပိုထွက်လာမယ်ထင်လား၊ လျော့ထွက်လာမယ်ထင်လား။ (ဒါက ဒီ Topic ရဲ့ အဓိက ပြောချင်တဲ့အချက်မို့ ဆက်မဖတ်ခင် စဉ်းစားကြည့်ပါ)

အချိုရည်တကယ်ကျလာတဲ့အခါမှာတော့ အချိုရည်ကို မျှော်နေတဲ့အချိန်ထက် Dopamine ထွက်တာ နည်းသွားပါတယ်။
ဒီတော့ ပျော်ရမှာကို စောင့်မျှော်နေတာက တကယ်ပျော်ရတာထက် ပျော်ရွှင်မှုကို ပိုဖြစ်စေတာပေါ့…။

ဒီအချက်ကို Buffet သွားစားတာနဲ့ ဥပမာပေးချင်ပါတယ်။ (မဆဲကြပါနဲ့ဦး၊ အခုသွားစားတာ မဟုတ်ဘူး၊ အရင်က စားတာကိုပြောတာပါ…)
မစားခင်တော့ ငါဘယ်လိုတွယ်ပစ်မယ်၊ ဗိုက်မပြည့်အောင် ဘယ်လိုလုပ်မယ်၊ ပေးရတာနဲ့ တန်အောင်စားမယ်ဆိုပြီး Strategy ကျကျ စဉ်းစားထားတာပေါ့။
တကယ်စားတဲ့အချိန်မှာ ပျော်စရာကောင်းတာက အစပိုင်းပါပဲ။ အလယ်လောက်ရောက်လာတဲ့အခါ ဗိုက်နည်းနည်းပြည့်လာတော့ ဗိုက်ချောင်အောင် ခဏပြန်စောင့်ရတယ်၊ စိတ်ထဲမှာလည်း ငါ တန်အောင် ဆက်စားရဦးမယ်… ဆိုတဲ့အသိကရှိနေတယ်။
အဆုံးနားမှာတော့ ဗိုက်ကပြည့်ကယ်နေပြီ၊ ခုနက စားချင်လှပါပြီဆိုတဲ့ BBQ တွေ၊ Hotpot တွေကို လှည့်တောင်မကြည့်ချင်တော့ဘူး၊ အအေးတွေလည်း မသောက်ချင်တော့ဘူး။
ဘာလုပ်ချင်လဲဆိုတော့ အဲ့ဒီဆိုင်ထဲမှာပဲ ကုတင်တစ်လုံးနဲ့ လှဲအိပ်ပစ်လိုက်ချင်တယ်။
အဲ့ဒီတော့ သေချာပြန်စဉ်းစားကြည့်တဲ့အခါ မစားရခင်အချိန်နဲ့ စပြီး စားတဲ့အချိန်က ပျော်စရာအကောင်းဆုံးပဲ။
(ငါတို့ကတော့ နင့်လောက်မငတ်လို့ စ၊ လယ်၊ ဆုံး တပြုံးပြုံးပါပဲ ဆိုရင်တော့ မပြောတတ်ဘူးဗျာ…)

လူတွေက စောင့်မျှော်နေရတဲ့အချိန်မှာတောင် ဒီလောက်ပျော်နေရရင် တကယ့်လက်တွေ့လုပ်လိုက်ရတဲ့အခါ ဒီထက်ပိုပျော်ရမယ်ဆိုပြီး ထင်ကြတယ်။ ဒါကြောင့်လည်း ရှေ့ဆက်တိုးကြတာပေါ့။
သဘာဝတရားကြီးကတော့ သူ့ရဲ့တာဝန်ကျေသွားပြီလေ။ နောက်ဆက်တွဲ ပျော်ခြင်း၊ မပျော်ခြင်းဆိုတာ သူ့ကိစ္စမှ မဟုတ်တော့တာ။

ဒီတော့ တစ်နည်းနဲ့စမ်းကြည့်လို့ရတယ်။ ကိုယ်အရမ်းစားချင်တဲ့မုန့်တစ်ခုကို မစားခင် ကိုယ့်စိတ်ပျော်ရွှင်နေတာဟာ တကယ်မဟုတ်ဘူး… ငါ့ကို သဘာဝတရားကြီးက လှည့်စားနေတာ… ဒါဟာ အတုယောင်ကြီးပဲ ဆိုပြီး တွေးကြည့်လိုက်။
ပြီးရင် အဲ့ဒီစိတ်နဲ့ စားချင်တဲ့မုန့်ကို ကိုင်လိုက်၊ စားချင်စိတ်ရှိသေးရင် စားလိုက်၊ အရင်ကလောက် အရသာရှိသေးလား? အရင်ကလောက်တော့ အရသာမရှိတော့ဘူးထင်တယ်။ (ဒါကိုတော့ ဘာလုပ်လုပ် သတိလေးကပ်လို့ လူကြီးတွေက ပြောတတ်တယ်)

ဒီတော့ ဒီစာကို ဖတ်ပြီး ပျော်စရာတွေမှာ မပျော်ရတော့ဘူးလားလို့ မေးစရာရှိတယ်။ ငါစားချင်ရင် ဆက်စားမှာပေါ့၊ ငါအိပ်ချင်တဲ့လူနဲ့ အိပ်မှာပေါ့လို့ ပြောချင်မှာပါ။
ဒါဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေပါပဲ
ဒီအတိုင်း လုပ်ကိုလုပ်ရမယ်၊ အကြောင်းရင်းက “ဗုဒ္ဓက ဒီလိုဟောခဲ့လို့ကွ” ဆိုရင် ဗုဒ္ဓကို မယုံတဲ့သူတွေအတွက် ဒီစာက ဆေးခါးကြီးတစ်ခွက်ဖြစ်သွားမှာပါ။

ခုချိန်မှာတော့ စားချင်တာတွေ စားရလို့ အစွမ်းကုန်ပျော်နေသေးရင်၊ အိပ်ချင်တဲ့သူနဲ့ အိပ်ရလို့ အစွမ်းကုန်ပျော်နေသေးရင် ဒီစာက စာဖတ်သူအတွက် မဟုတ်နိုင်ပါဘူး။
ပျော်ရွှင်မှုကိုရှာရင်း ပျော်သင့်သလောက် မပျော်ဘူးလို့ ခံစားလာရတဲ့အခါ ဒီစာလေးကို သတိရပေးပါ။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started